မြန်မာနိုင်ငံတွင် ပြည်သူလူထု၏ လိုလားတောင်းတချက်အရ တပ်မတော်က ဦးဆောင်၍ တိုင်းရင်းသားအဖွဲ့အစည်းများ၊ ဝါရင့်နိုင်ငံရေးသမားများကိုပါ ဖိတ်ခေါ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြီး ဒီမိုကရေစီစနစ်ကို အကောင်အထည် ဖော်ခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုနိုင်ခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် ဒီမိုကရေစီအခင်းအကျင်းသစ်ကို ပြောင်းလဲပေးနိုင်ခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပထမဆုံး ပေါ်ပေါက်လာသော အစိုးရအနေဖြင့် ပြည်သူလူထုလိုလား တောင်းဆိုသည့် အချက်များ၊ နိုင်ငံရေးသမားများ၏ ထောက်ပြဝေဖန်မှုများကို သုံးသပ်၍ ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့ခြင်းကြောင့် တိုင်းပြည်တွင် အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်။ ပြည်ခိုင်ဖြိုးပါတီ က ဦးဆောင်သည့် အစိုးရဖြစ်သော်လည်း သမ္မတကြီး ဦးသိန်းစိန် ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအပေါ် ပို၍ အလေးထား ဂုဏ်ပြုကြသည်ကို တွေ့မြင်နိုင်ပေသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက အများစုအနိုင်ရခဲ့သော်လည်း လွှတ်တော်အတွင်း အခြားသော အတိုက်အခံ အင်အားစုများ ပါရှိသကဲ့သို့ တိုင်းရင်းသားခေါင်းဆောင်များလည်း လွှတ်တော်တွင်း ရောက်ရှိလာခဲ့သည်။ ပြည်ခိုင်ဖြိုးအစိုးရအနေဖြင့် အခြားသော ပါတီအဖွဲ့အစည်းများမှ လွှတ်တော်ကိုယ်စားလှယ်များ၏ ဝေဖန်ထောက်ပြမှုများကိုလည်း အလေးထား စဉ်းစား၍ လိုက်လျောဆောင်ရွက်သင့်သည်များ၊ ဖြေလျှော့သင့်သည်များကို ဖြေလျှော့ပေးခဲ့ခြင်းကြောင့် အတိုက်အခံများနှင့် ပြည်သူများက အသိအမှတ်ပြုသည့် အစိုးရတစ်ရပ်အဖြစ် ရပ်တည်ခဲ့သည်။
ဤတွင် နိုင်ငံရေးအမှောင့်ပယောဂ ဝင်လာပုံကို သတိချပ်ရပေလိမ့်မည်။ မူလက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံ၊ ပါတီကို ပြန်လည်မှတ်ပုံတင်ခြင်းမရှိ၊ ရွေးကောက်ပွဲကို သပိတ်မှောက်သည် ဆိုသော NLD ပါတီ သည် များမကြာမီ ပါတီမှတ်ပုံတင်ပြီး ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် လွှတ်တော်တွင်း ဝင်ရောက်နေရာယူနိုင်ရန် ကြိုးပမ်းလာခဲ့သည်။
ပြည်သူများအနေဖြင့် နိုင်ငံရေးအပေါ် အလေးအနက်တွေးတောနိုင်စွမ်းမရှိပုံကိုလည်း သတိချပေလိမ့်မည်။ နိုင်ငံရေးခေါင်းဆောင် တစ်ဦးတစ်ယောက် (သို့မဟုတ်) တစ်စုတစ်ဖွဲ့သည် မိမိတို့ အစဉ်သဖြင့် ဆန့်ကျင်ကန့်ကွက်ခဲ့သည်ကို ကောက်ခါငင်ကာ ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ခြင်းအပေါ် အမှန်/ အမှား ကို အသာထား၍ ထိုခေါင်းဆောင်များသည် မိမိစကားတစ်ခွန်းအပေါ် မည်မျှတန်ဖိုးထားသနည်း ဆိုသည်ကို ဆန်းစစ်ခြင်း မရှိ။ NLD ဦးဆောင်သူများက ဖွဲ့စည်းပုံကို ဆန့်ကျင်ကြဟုဆိုလျှင် ရောယောင် ပေါကြောင် ဆန့်ကျင်သည်။ ရွေးကောက်ပွဲကို သပိတ်မှောက်ကြဆိုလျှင် ရောယောင်ပေါကြောင် သပိတ်မှောက်ကြသည်ပင် ဖြစ်သည်။ တိုင်းပြည်နှင့် လူမျိုးအကျိုးကို ကြည့်၍ လုပ်ဆောင်ခဲ့ကြခြင်းမဟုတ်ဘဲ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ၏ ပြောစကားများအပေါ် ယုံကြည်မှုလွန်ကဲ၍ သံယောင်လိုက်ကြသည့် သဘောမျှသာ ဖြစ်သည်။
NLD ပါတီကို ဦးဆောင်သည့် ပုဂ္ဂိုလ်မှာလည်း ယုံကြည်မည်ဆိုလျှင် ယုံကြည်လောက်သည့် အကြောင်းအရင်းများ ရှိပါသည်။ တိုင်းပြည်၏ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း ၏ သမီးဖြစ်သည် ဆိုသော တစ်ချက်တည်းနှင့်ပင် ပြည်သူများက NLD ပါတီကို မဲပေးကြ၊ NLD ပါတီကို ဝန်းရံကြသည့် အခြေအနေမျိုး ဖြစ်ခဲ့သည်။
NLD ပါတီနှင့် ပတ်သက်၍ ပြည်သူများ ပြန်လည်သုံးသပ်နိုင်ရန် အနည်းငယ် ပြောပါမည်။ ၂၀၁၀ ရွေးကောက်ပွဲမှ ပြည်ခိုင်ဖြိုးပါတီ ဦးဆောင်သော အစိုးရ တက်လာပြီးနောက် နိုင်ငံရေးလှုပ်ရှားသူတချို့က ဥပဒေနှင့်အညီ သိမ်းဆည်းခြင်းမျိုးမဟုတ်သော လယ်ယာမြေသိမ်းဆည်းမှုများကို ပြန်လည်ဖော်ထုတ် လာကြသည်။ ထိုစဉ်က စာရေးသူသည် သတင်းထောက်တစ်ဦးအနေဖြင့် လယ်ယာမြေသိမ်းဆည်းခံရမှုများနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ပေးရန် လှုပ်ရှားတောင်းဆိုသည့် နိုင်ငံရေးလှုပ်ရှားသူများနှင့် တပူးတွဲတွဲ ရှိခဲ့သည်။ ရန်ကုန်မြို့ပေါ်တွင် ဦးနေမျိုးဝေ၊ ဦးဝင်ချို၊ ဦးစိုးကြည်၊ ဦးအောင်မျိုးဦး၊ ကိုဝေဠု အစရှိသော နိုင်ငံရေးလှုပ်ရှားသူများ အဓိက ဦးဆောင်လှုပ်ရှားခဲ့ကြသည်။ ဦးနေမျိုးဝေ၊ ဦးအောင်မျိုးဦး တို့သည် မင်္ဂလာဒုံမြို့နယ်အတွင်း ဇေကမ္ဘာဦးခင်ရွှေ သိမ်းဆည်းရယူထားသော လယ်ယာမြေများနှင့် ပတ်သက်၍ ပြန်လည် အရေးဆိုပေးခြင်းကြောင့် မီဒီယာပေါ်တွင် ပို၍ လူသိများသည်ဟု ဆိုရမည်။
ထိုသူများကဲ့သို့ပင် ရွှေပြည်သာမြို့နယ်တွင် NLD ပါတီမှ ဒေါ်ထက်ထက်ဦးဝေ တို့က သိမ်းဆည်းခံမြေယာများနှင့် ပတ်သက်၍ ပြန်လည်ဖော်ထုတ် တိုင်ကြားမှုများ လုပ်ဆောင်နေကြသည်။ NLD ပါတီ ပြန်လည်မှတ်ပုံတင်ပြီးဖြစ်သည်။ ဒီလှိုင်းဂျာနယ်ကိုလည်း ထုတ်ဝေလျက်ရှိသည်။ သို့သော် ရွှေပြည်သာမြို့နယ် NLD ပါတီဝင်များ လုပ်ဆောင်နေသော လယ်ယာမြေသိမ်းဆည်းခံရမှုများနှင့် ပတ်သက်၍ ကူညီဆောင်ရွက်ပေးခြင်းမရှိ၊ ဗဟိုက ညွှန်ကြားခြင်း မရှိဘဲ လုပ်ဆောင်ခြင်းဖြစ်သောကြောင့် ဒီလှိုင်းဂျာနယ်တွင်ပင် ထည့်သွင်းဖော်ပြပေးခြင်း မရှိ။ ကျွန်တော် သည် ဂျာနယ်တိုက်မှ ထွက်၍ ဦးနေမျိုးဝေ နှင့် တိုင်ပင်ကာ ဦးနေမျိုးဝေ ဦးဆောင်သည့် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ထုတ်ဝေသော ဒိုင်ဗားစတီး စာစဉ်တွင် လယ်ယာမြေသိမ်းဆည်းခံရမှုဖြစ်စဉ်များကို တာဝန်ခံ၍ ကူညီဖော်ထုတ် ရေးသားခဲ့သည်။ ဒေါ်ထက်ထက်ဦးဝေ တို့ အဖွဲ့ ရောက်ရှိလာပြီး ရွှေပြည်သာမြို့နယ်အတွင်းမှ ဖြစ်စဉ်များကို ဒိုင်ဗားစတီး စာစဉ်တွင် ရေးသားပေးရန် ပြောဆိုကြသည်။ ဒီလှိုင်းဂျာနယ်က ဖော်ပြပေးခြင်း မရှိကြောင်းလည်း ပြောဆိုကြသည်။
လယ်ယာမြေသိမ်းဆည်းခံရမှုများနှင့် ပတ်သက်၍ ဖော်ထုတ်လှုပ်ရှားမှုများသည် ရန်ကုန်အနီးဝန်းကျင်သာမက တစ်နိုင်ငံလုံးနီးပါး ဖြစ်ပေါ်လာခဲ့သည်။ အမှုပေါင်းများစွာ ပေါ်ပေါက်လာခဲ့သည်။ အစိုးရဘက်က မသိကျိုးကျွန်ပြုထားသည်ဖြစ်ရာ အတိုက်အခံ အင်အားကြီးပါတီက တွန်းအားပေးလှုပ်ရှားလျှင် နစ်နာသူများအတွက် အဆင်ပြေနိုင်မည်ဟု ယူဆ၍ ဦးနေမျိုးဝေ က ရရှိထားသော အမှုတွဲများကို ဦးအောင်မျိုးဦးမှ တဆင့် NLD ဦးဆောင်သူများထံကို ပေးပို့စေသည်။ လယ်ယာမြေသိမ်းဆည်းခံရမှု နစ်နာသူများဘက်မှ ရပ်တည်ဆောင်ရွက်ပေးရန်လည်း မေတ္တာရပ်ခံခဲ့သည်။
ဤတွင် ဒေါ်အောင်ဆန်းစုကြည်ပါဝင်သော NLD ဦးဆောင်သူများ က အစိုးရ လုပ်ရမယ့် အလုပ်တွေ၊ အစိုးရဖြစ်မှ လုပ်မယ်ဟု တုန့်ပြန်ခဲ့သည်။ NLD ဦးဆောင်သူများက ထိုသို့သော သဘောထားရှိခြင်းကြောင့် ဦးနေမျိုးဝေ ၏ သူငယ်ချင်းတစ်ဦးကလည်း ကသာဘက်တွင် Great Wall ကုမ္ပဏီနှင့် ကြံစိုက်တောင်သူများ အချင်းဖြစ်နေသည့် မြေယာများ ကူညီဆောင်ရွက်ပေးရန် ဦးနေမျိုးဝေ ထံ ဆက်သွယ်ပြောဆိုလာသည်။ ကသာမြို့မှ NLD ဦးဆောင်သူတစ်ယောက်ကို ခေါ်လာပြီး ဦးနေမျိုးဝေနှင့် တွေ့ဆုံပေးသည်။ ဦးနေမျိုးဝေနှင့်အတူ ကျွန်တော်ပါသွားခဲ့သည်။ ကသာမြို့နယ်အတွင်း သစ်တောမြေများတွင် ကြံစိုက်တောင်သူများနှင့် Great Wall ကုမ္ပဏီ ဖြစ်နေသော မြေယာအငြင်းပွားမှုများကို သွားရောက်ဖော်ထုတ် တင်ပြခဲ့ကြခြင်း ဖြစ်သည်။
ဤသည်တို့ကို ထောက်ရှုတင်ပြခြင်းမှာ ပြည်သူ့အကျိုးကို ဆောင်ရွက်ပါမည်ဟု အော်ဟစ်မြည်တမ်းနေသူများ က တောင်သူများ ကြုံတွေ့နေရသည့် အခက်အခဲ အကြပ်အတည်းတွင် အင်အားကြီး အတိုက်အခံ အင်အားစု အနေဖြင့် ရပ်တည်ဆောင်ရွက်ပေးခြင်းအားဖြင့် ပြည်သူများအတွက်လည်း ကောင်းကျိုးရနိုင်သလို ပြည်သူလူထု ၏ ထောက်ခံအားပေးမှုလည်း ပိုမိုရရှိနိုင်ပါသည်။ သို့သော် အစိုးရဖြစ်မှ လုပ်ပေးမည်ဟု ဆိုခြင်းသည် အများပြည်သူအကျိုးထက် မိမိတို့ အာဏာနှင့် လုပ်ပိုင်ခွင့်ရရေးကို ရှေးရှုဆောင်ရွက်ခြင်း ဖြစ်သည်မှာ ထင်ရှားလေသည်။
စာရေးသူအနေဖြင့် အမျိုးသားရေးလှုပ်ရှားမှုများ မလုပ်ခင်ကတည်းက ထိုသို့သော NLD ဦးဆောင်သူများ၏ ရပ်တည်ချက်ကို သိရပြီးနောက် ဗိုလ်ချုပ်သမီး ဟု အချစ်ကြီးခြင်းမျိုး မရှိတော့ပါ။ ဦးနေမျိုးဝေ တို့ အဖွဲ့နှင့်အတူ မိမိတတ်စွမ်းသမျှ တောင်သူများ၏ နစ်နာမှုများကို လိုက်လံဖော်ထုတ်ရေးသားပြီး အစိုးရအဖွဲ့ တာဝန်ရှိသူများထံ တင်ပြတိုင်ကြားသည့် အလုပ်ကိုသာ လုပ်ဆောင်ခဲ့သည်။ ဦးနေမျိုးဝေ က မိမိတို့အပေါ်ကို အစိုးရအဖွဲ့မှ ပစ်မှတ်ထားလာမည်ကို ရိပ်စားမိပြီး အမှုတွဲ စာအုပ်ကြီးများကို လွှတ်တော်ကိုယ်စားလှယ်ကြီးများထံ သွားရောက်ပေးအပ်ပြီး လွှတ်တော်တွင်း ဆွေးနွေးပေးရန် တောင်းဆိုရာမှ လွှတ်တော်အမတ်ကြီးများက ဆွေးနွေးပြောဆိုမှုများ လုပ်ဆောင်ခဲ့ကြပြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ နစ်နာမှုမရှိစေရေး စုံစမ်းရေးကော်မရှင် ဖြစ်ပေါ်လာပြီး လယ်ယာမြေသိမ်းဆည်းခံ တောင်သူအစုအဖွဲ့များနှင့် တွေ့ဆုံမေးမြန်း ရှင်းလင်းဆောင်ရွက်ပေးသင့် အဆင့်သို့ ရောက်ခဲ့ပါသည်။
အစိုးရဟူသည် အဘယ်နည်း ဟု မေးသည် ရှိသော် “အစိုးရ တစ်ရပ်ဖြစ်လာသည်နှင့် အတူ တိုင်းပြည်၏ အချုပ်အခြာအာဏာ ကို ကိုင်တွယ်ကာ တိုင်းပြည်နှင့် ပြည်သူတို့၏ အကျိုးကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ (ဖွဲ့စည်းပုံ အခြေခံ ဥပဒေရှိလျှင်) ထိန်းသိမ်း ဖော်ဆောင်ရန်၊ တိုင်းပြည်၏ အချုပ်အခြာအာဏာကို ထိန်းသိမ်းရန်၊ပြည်သူတို့၏ ငြိမ်းချမ်းမှုကိုဖော်ဆောင်ရန်၊ မိမိနိုင်ငံကို ကာကွယ်ရန် တာဝန်ရှိပေသည်။” ဟု ဖွဲ့ဆိုထားသည်နှင့်အညီ ပြည်ခိုင်ဖြိုးအစိုးရက ပြည်သူတို့၏ အကျိုးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ မဖြစ်မနေ ဆောင်ရွက်ပေးရသော အခြေအနေသို့ ဆိုက်ရောက်ခဲ့သည်။ လယ်ယာမြေသိမ်းဆည်းခံရမှု ဖြစ်စဉ်များ အားလုံး ပြီးပြတ်အောင် ဖြေရှင်းပေးခဲ့သည်ဟု မဆိုလိုပါ။ အချို့သော အကောင်ကြီးကြီး အမြှီးရှည်ရှည် ပုဂ္ဂိုလ်များ ရယူထားသည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ဖြစ်စဉ်များမှာ ပြည်ခိုင်ဖြိုးအစိုးရ လက်ထက်ကလည်း မပြီးပြတ်ခဲ့သလို၊ NLD အစိုးရတက်လာပြီးနောက်တွင်လည်း အလေးထား ဆောင်ရွက်ပေးခဲ့ခြင်း မရှိပါ။ ယခု နစကအစိုးရလက်ထက်တိုင်အောင် မပြီးပြတ်သေးသော ပြဿနာများစွာလည်း ရှိနေပါသည်။
အများပြည်သူ နစ်နာဆုံးရှုံးနေရသောကိစ္စရပ်များနှင့် ပတ်သက်၍ ပါဝင်ကူညီရပ်တည်ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ က ပေးအပ်ထားသော အခွင့်အရေးများကို လေ့လာ၍ အများပြည်သူ ကောင်းကျိုးဖြစ်စေရန် လုပ်ဆောင်ခဲ့ကြသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ကိုင်ထား၍ တိုင်းပြည်ကို ဦးဆောင်နေသောအဖွဲ့အစည်းအနေဖြင့်လည်း ဥပဒေနှင့်အညီ တောင်းဆိုသော ကိစ္စရပ်များကို မျက်ကွယ်ပြုထား၍မရ။ အလေးထား လုပ်ဆောင်ပေးခြင်းကြောင့် ပြည်သူတို့၏ နစ်နာမှုများ ပြေလည်မှုတချို့ ရရှိခဲ့ခြင်းဖြစ်သည်။
နိဂုံးချုပ်အားဖြင့် ဒီမိုကရေစီစံနှုန်းများတွင် “နိုင်ငံသားတိုင်း ပါဝင်ဆောင်ရွက်ခွင့်ရှိရမည်” ဟူသောအချက် သည် နံပါတ် (၁)ဖြစ်သည်။
“ဒီမိုကရေစီစနစ်ဆိုသည်မှာ အများပိုင်ဆိုင်ရေးစနစ် ဖြစ်သည်။ အများအကျိုးအတွက် အများက ယုံကြည်အားထားနိုင်သူများအား ကိုယ်စားပြု ဆောင်ရွက် ရန်အတွက် နိုင်ငံသားတိုင်း ပါဝင်နိုင်ရန် စီစဉ်ဆောင်ရွက်ကြရမည် ဖြစ်သည်။ နိုင်ငံသားတိုင်းသည် သက်ဆိုင်ရာနိုင်ငံအလိုက်တွင် ဒီမိုကရေစီပုံစံဖြင့် ကောင်းမွန်သော စီမံခန့်ခွဲအုပ်ချုပ်မှု များကို ပြုလုပ်ကြရမည်ဖြစ်သည်။ အကြောင်းအရာတစ်ခုခု ပြုလုပ်မည်ဆိုလျှင် မိမိ၏ လုပ်ဆောင်ချက် များသည် နိုင်ငံသားများအတွက် အကျိုးဖြစ်စေနိုင်မှု ရှိ၊မရှိ ဆင်ခြင်သုံးသပ်ကြရမည်ဖြစ်သည်။ နိုင်ငံသားများ အကျိုးရှိစေမည့် အသံ (Voice of citizen) VOC ကိုနားထောင်ပြီး နိုင်ငံသားများအား ပါဝင်ဆောင်ရွက်ခွင့် ရှိစေနိုင်ရမည်ဖြစ်သည်။” ဟု ဖွင့်ဆိုထားသည်။
ယနေ့ ကျွန်ုပ်တို့တိုင်းပြည်တွင် ဒီမိုကရေစီအရေးလှုပ်ရှားသူပါဟု တစာစာ အော်နေသူများသည် နိုင်ငံသားများ ကောင်းကျိုးဖြစ်စေမည့် အလုပ်များကို လုပ်ဆောင်နေသလား။ ဆိုးကျိုးဖြစ်စေမည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေသလား။ မိမိတို့၏ လုပ်ဆောင်ချက်များကို ပြန်လည်ဆန်းစစ်သင့်ပေသည်။ ပြည်သူများကလည်း ဆန်းစစ်ကြရပေလိမ့်မည်။ ပြည်သူလူထုအတွက် ကောင်းကျိုးဖြစ်ရန်မရှိ၊ ဆိုးကျိုး ပကတိ ဖြစ်စေသော အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေခြင်းသည် ဒီမိုကရေစီအရေးအတွက် လုပ်ဆောင်နေခြင်းမဟုတ်၊ ဒီမိုကရေစီစနစ် ရှင်သန်ထွန်းကားမည်ကို မလိုလားသော ဒီမိုကရေစီအရည်ခြုံများသာ ဖြစ်သည်။
ဒီမိုကရေစီကို တကယ်ချစ်လျှင် မိမိတို့၏ လုပ်ဆောင်ချက်များသည် နိုင်ငံသားများအတွက် ကောင်းကျိုးဖြစ်စေရန်သာ လုပ်ဆောင်ရမည်ဖြစ်သည်။ ဤသည်ကို သတိချပ်၍ ဒီမိုကရေစီကို အမှန်တကယ် မြတ်နိုးပါလျှင် အကြမ်းဖက်လမ်းစဉ်ကို စွန့်လွှတ်ကြရပေလိမ့်မည်။
နောင်တော်လေး (ဘိုကလေး)
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment