တာမွေ ၊ နိုဝင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က ပွဲကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး တာမွေမြို့နယ်ရှိ အမှတ်(၁၁) အခြေခံပညာအလယ် တန်းကျောင်းမှ ကျောင်းတာဝန်ခံဆရာမက ပြိုင်ပွဲနှင့် ပတ်သက်၍ အမှတ်ပေးစည်းမျဉ်းများကို အသေးစိတ် ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲကိုဆက်လက်ကျင်းပရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူလေးများ အားပါးတရ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲတွင် ထူးချွန်ဆုရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲတွင် ထူးချွန်ဆုရရှိသူကျောင်းသူလေးတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး တက်ရောက်လာကြသူများသည် ထူးချွန်ဆုရရှိကြသူများနှင့်အတူ အမှတ်တရ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ယင်းနောက် ကျောင်းသား/သူလေးများသည် ခန်းမအတွင်း ပြသထားသော (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ရှေးဟောင်းသမိုင်းမှတ်တမ်းဓာတ်ပုံများ၊ ဂုဏ်ပြုကဗျာများနှင့် ဆောင်ပုဒ်များပါဝင်သော နံရံကပ်စာစောင်များ၊ လူငယ်ရေးရာဆိုင်ရာ အသိပညာပေး သုတ/ရသ စာအုပ်စာစောင်များ နှင့် နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူလေးများအနေဖြင့် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံအကြောင်း အရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ပြီး မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်လာစေရန် ရည်ရွယ်၍ ယခုလို အသိပညာပေးခြင်းအစီအစဉ်များ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးထံမှ သတင်း ရရှိပါသည်။
နိုင်လင်းအောင်
https://t.me/MyanmarNationalPost


No comments:
Post a Comment