ရန်ကုန်၊ နိုဝင်ဘာ ၃ဝ
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် (၁၀၆)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိ ဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းက ရွှေတိဂုံစေတီတော် ရင်ပြင် မြောက်ဘက်ရှိ ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပရာ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲ ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ စာထောက် စာမ ဆရာတော်များ ကြွရောက်တော်မူကြပြီး ဂေါပကအဖွဲ့ဝင် များနှင့်တာဝန်ရှိသူများကြွရောက် ကြည်ညိုကြသည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ရွှေတိဂုံစေတီတော်ဘဏ္ဍာ တော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထ ဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တအဂ္ဂသာမိ ထံမှ ဧည့်ပရိသတ်များက ငါးပါး သီလခံယူဆောက်တည် ကြသည်။
ထို့နောက် စေတိယင်္ဂဏပရိ ယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက် မေးပွဲကျင်းပရေး ကော်မတီ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင် ဦးဌေးလှိုင်က အဖွင့်မင်္ဂလာစကား လျှောက် ထားသည်။
ယင်းနောက် စေတိယင်္ဂဏ ပရိယတ္တိ ဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲ ဩဝါဒါစရိယ၊ တိပိဋက ရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ၏ ဩဝါဒါစရိယ၊ အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ သ.စ.အ ဓမ္မာစရိယ၊ ဝဋံသကာပါဠိပါရဂူ၊ စေတိယင်္ဂ ဏပဝရ သိရီမဟာဓမ္မဂုရု၊ ပါဠိတက္ကသိုလ် ညောင်တုန်း ကျောင်းတိုက် ပဓာနနာယက ဘဒ္ဒန္တနာရဒါဘိဝံသ(လှရတနာ ဆရာတော်)ထံမှ စာလျှောက်မေးပွဲနှင့် စပ်လျဉ်း၍ သြဝါဒ ကထာနာယူကြသည်။
ထို့နောက် ဗုဒ္ဓသာသနံ စိရံ တိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းပြီး၊ စာဖြေသံဃာတော် များအား . အမှတ်စဉ်အလိုက် စာဖြေပလ္လင်ပေါ်သို့ ပင့်ဆောင်၍ အာဂုံပြန်ဆိုခြင်း အစီအစဉ်ကို ဆက်လက်ဆောင်ရွက်ကြသည်။ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့သည် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲကို (၆၇) ကြိမ်မြောက်မှ စတင်ကာ ယနေ့တိုင်ကျင်းပ၍ သာသနာ့ အာဇာနည် အရှင်သူမြတ်များကို ပူဇော် ချီးမြှောက်လျက်ရှိရာ ယခင်နှစ်(၁၀၅)ကြိမ်မြောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲ ကြီးတွင် သီးခြားစာချတန်း၌ လေးပါး၊ သီးခြားစာသင်တန်းတွင် ရှစ်ပါး ဖြေဆိုအောင်မြင် တော်မူကြသည်။
ယနေ့ကျင်းပသည့် (၁၀၆) ကြိမ်မြောက် စာမေးပွဲတွင် သီးခြားစာချတန်း ၄၁ ပါး၊ သီးခြားစာသင်တန်း ၁၉၈ ပါး၊ စာဖြေသံဃာစုစုပေါင်း JRE ပါးတို့မှ ဒီဇင်ဘာ ၆ ရက်အထိ ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ပြီး ယနေ့တွင် သီးခြားစာသင်တန်း ဖြေ သံဃာတော် ၁၉၈ ပါးတို့က အာဂုံပြန် ဖြေဆိုကြမည်ဖြစ်ကာ ဒီဇင်ဘာ ၁ ရက်တွင် ယင်းအာဂုံ ပြန် အောင်စာရင်းကို ထုတ်ပြန် ကြေညာမည်ဖြစ်သည်။
ထို့ပြင် ဒီဇင်ဘာ ၂ ရက်မှ ၆ ရက်အထိ သီးခြားစာသင်တန်း နှင့် သီးခြားစာချတန်း သဘော ရေးဖြေ ဖြေဆိုကြမည်ဖြစ်ပြီး ဒီဇင်ဘာ ၈ ရက်တွင် အောင်စာရင်း ထုတ်ပြန်ကြေညာပေး မည်ဖြစ်သည်။
အခမ်းအနားသို့ ကြွရောက် တော်မူကြသည့် ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ စာထောက် စာမ ဆရာတော်များနှင့် စာဖြေ သံဃာတော်များအား ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၊ ထီးတော်ရုံတန်ဆောင်းတို့တွင် ယနေ့ နံနက် ၁၀ နာရီက ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ နှင့် အလှူရှင်များက နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။
အောင်မြင့်ဌေး
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment