၁။ ကလေးများသည် နိုင်ငံ့ရတနာများဖြစ်ကြရာ ကလေး သူငယ်များ၏ မွေးရာပါအခွင့်အရေးများကို နိုင်ငံများမှမြှင့်တင်၊ ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကုလသမဂ္ဂက ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာသဘောတူစာချုပ် (Convention on the Rights of the Child-CRC)ကိုအတည်ပြုချမှတ်ခဲ့ပြီး ယင်းနေ့ကို ကမ္ဘာ့ ကလေးများနေ့အဖြစ်သတ်မှတ်ခဲ့ရာ ယခုနှစ်ဆိုလျှင် ၃၅ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။ ၂၀၂၄ ခုနှစ် ကမ္ဘာ့ကလေး များနေ့အတွက်ဆောင်ပုဒ်မှာ “အနာဂတ် သာယာကောင်းမွန် ရေး ကလေးများအသံနားထောင်ပေး" "Listen to the future" ဖြစ်ပါသည်။
၂။ မြန်မာနိုင်ငံသည် ကလေးသူငယ်များ၏အခွင့်အရေးများကို မြှင့်တင်၊ ကာကွယ်စောင့်ရှောက်နိုင်ရန်အလို့ငှာ ၁၉၉၁ ခုနှစ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်အတည်ပြုချုပ်ဆိုခဲ့ပြီး ကလေးသူငယ် အခွင့်အရေးများကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ကလေးသူငယ်ဥပဒေကို ၁၉၉၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပါသည်။ ကလေးသူငယ်များအတွက် အကောင်းဆုံးအကျိုးစီးပွားကို ဆောင်ရွက်ပေးရန်နှင့် ကလေးသူငယ်အခွင့်အရေးများကို ပိုမို ကာကွယ်စောင့်ရှောက်နိုင်ရန်ရည်ရွယ်၍ ၁၉၉၃ ခုနှစ် ကလေး သူငယ်ဥပဒေကိုရုပ်သိမ်းပြီး ၂၀၁၉ ခုနှစ်တွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေကို ပြဋ္ဌာန်းခဲ့ပါသည်။
၃။ ကလေးသူငယ်များသည် နိုင်ငံအနာဂတ်၏လူ့စွမ်းအား အရင်းအမြစ်များဖြစ်သည့်အတွက် ကလေးများငယ်ရွယ်စဉ် ကပင် ကျန်းမာပျော်ရွှင်စွာဖြင့် လွတ်လွတ်လပ်လပ်ကြီးပြင်း လာရန်အရေးကြီးပါသည်။ ကလေးသူငယ်များ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုနှင့်ဆက်စပ်နေ သည်ဖြစ်ရာ ကလေးသူငယ်များဘဝ ကြီးပွားရှင်သန်ဖွံ့ဖြိုး တိုးတက်ရေးအတွက်အရေးပါသည့် ကလေးသူငယ်အခွင့် အရေးများကိုအလေးထားကာ အစဉ်တစိုက်မြှင့်တင်ကာကွယ် စောင့်ရှောက်ပေးရမည်ဖြစ်ပါသည်။
၄။ ကမ္ဘာတစ်ဝှမ်းရှိ ကလေးသူငယ်များသည် ဆင်းရဲမွဲတေ ခြင်း၊ ပဋိပက္ခများကြုံတွေ့ရခြင်း၊ ပညာသင်ကြားခွင့်မရရှိခြင်း နှင့် ခွဲခြားဆက်ဆံခြင်း ကဲ့သို့သောအခက်အခဲများနှင့် ရင်ဆိုင် နေရဆဲဖြစ်ပါသည်။ ကလေးသူငယ်များအပေါ် အကြမ်းဖက်မှု များ၊ လိင်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်မှုများ လျော့နည်းပပျောက်စေရေး ကြိုးပမ်းအားထုတ်ရာတွင် အစိုးရ အဖွဲ့အစည်းတစ်ခုတည်း ဆောင်ရွက်၍ ရနိုင်မည်မဟုတ်ဘဲ အရပ်ဘက်အဖွဲ့အစည်းများ၊ မိဘများနှင့် ပြည်သူလူထုကိုယ်တိုင် ပါဝင်ဆောင်ရွက်ရန်လိုအပ်ပါသည်။
၅။ ကလေးသူငယ်များ၏ အခြေခံအခွင့်အရေးများဖြစ်သော အသက်ရှင်သန်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်စောင့်ရှောက် မှုရရှိရေး၊ လူမှုအဖွဲ့အစည်းတွင် ပါဝင်ဆောင်ရွက်ခွင့်ပေးရေး စသည့်အခွင့်အရေးများကို ကလေးများအားလုံး တန်းတူညီမျှ ရရှိခံစားနိုင်ရန်နှင့် အနာဂတ်ဘဝသာယာလှပစေရန် ကလေး များ၏အသံကိုနားထောင်ပြီး လိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရေး တာဝန်ရှိသူအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးကြရန်၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကျရောက် သည့် ၃၅ နှစ်မြောက် ကမ္ဘာ့ကလေးများနေ့တွင် တိုက်တွန်း ဖော်ပြအပ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂ဝ ရက်
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment