မြစ်ကြီးနား၊ နိုဝင်ဘာ ၂၇
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို နေပြည်တော်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သဖြင့် ကချင်ပြည်နယ်ကိုယ်စားပြု အားကစားအသင်းများအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်အောင်နိုင်မှုရရှိရေးအတွက် လေကြောင်းခရီးစဉ်ဖြင့် ပို့ဆောင်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ ညနေ ၅ နာရီက မြစ်ကြီးနားလေဆိပ်၌ လိုက်ပါပို့ဆောင်အားပေးခဲ့သည်။
ထိုသို့ အားကစားအသင်းများအား လေကြောင်းခရီးဖြင့် လိုက်ပါပို့ဆောင်ရာတွင် မြစ်ကြီးနားလေဆိပ်၌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များဖြစ်ကြသည့် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေး၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အမျိုးသားအားကစားပွဲတော်တွင် ယှဉ်ပြိုင်ကြမည့် အမျိုးသမီးဘောလုံးအသင်း၊ အမျိုးသား/ အမျိုးသမီး ဖူဆယ်ဘောလုံးအသင်းများ၊ လက်ဝှေ့အသင်းနှင့် ကာယဗလနှင့်ကာယကြံ့ခိုင်မှုအသင်းတို့အား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ကြသည်။
ယင်းနောက် လေဆိပ်ဧည့်ခန်းမဆောင်၌ အားကစားအသင်းများအလိုက် အုပ်ချုပ်သူ/နည်းပြများက မိတ်ဆက်တွေ့ဆုံခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အားကစားအသင်းများအား မိမိတို့ကချင်ပြည်နယ်အနေဖြင့် အားကစားကဏ္ဍတွင် အတိုင်းအတာတစ်ခုထိ အောင်မြင်မှုရရှိနေပြီး ယခုအခါ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပပြုလုပ်သွားမည့် အမျိုးသားအားကစားပွဲတော်ကြီးတွင် ပါဝင်ယှဉ်ပြိုင်အောင်မြင်မှုရရှိရေး ကြိုတင်ပြင်ဆင်လေ့ကျင့်မှုများ ပံ့ပိုးကူညီမှုများကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပံ့ပိုးပေးခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ အားကစားနည်းအလိုက် သွားရောက်ယှဉ်ပြိုင်ကြမည့် အားကစားအသင်းများအနေဖြင့် မိမိတို့အသင်း အနိုင်ရလိုစိတ်ထက် သတ်မှတ် စည်းမျဉ်း/စည်းကမ်းများနှင့်အညီ သန့်ရှင်းစွာဖြင့် ရွှေရည်မှန်းချက်ထား၍ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်ကြရန်လိုကြောင်း၊ ပြည်နယ်ဂုဏ်ဆောင်နိုင်ပြီး နိုင်ငံအတွက် အားကစားဖြင့် ထူးချွန်ထက်မြက်သည့် လူငယ်များဖြစ်အောင် မိမိတို့တတ်စွမ်းသမျှအားအင်ဖြင့် ကြိုးစားကြရန်လိုကြောင်း အားပေးစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အားကစားအသင်းများအား လေဆိပ်အတွင်း လိုက်ပါပို့ဆောင်ခဲ့ကြပြီး အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံ စုပေါင်းရိုက်ကူးခဲ့ကြသည်။
ကချင်ပြည်နယ်အနေဖြင့် နေပြည်တော်တွင်ကျင်းပမည့် အမျိုးသားအားကစားပွဲတော်တွင် အားကစားနည်း(၂၃)မျိုးအနက် အားကစားနည်း(၂၁)မျိုးတွင် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ရာ အုပ်ချုပ်သူ/နည်းပြနှင့် အားကစားသမားများအပါအဝင် လူဦးရေ စုစုပေါင်း(၃၈၈)ဦးဖြင့် စနစ်တကျစုဖွဲ့၍ သွားရောက်ယှဉ်ပြိုင်နိုင်ရေး စီမံဆောင်ရွက်ခဲ့ရာ အားကစားအသင်းများအား နိုဝင်ဘာ၂၄ ရက်က လေကြောင်းခရီးဖြင့်(၃)ကြိမ် ပို့ဆောင်ပေးခဲ့ပြီး ယနေ့ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များက ကျန်ရှိနေသည့် အားကစားအသင်းများအား လိုက်ပါပို့ဆောင်နှုတ်ဆက် အားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment