ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရားပြည်နယ်အကြီးအကဲနှင့်အဖွဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီးအားဖူးမြော်၍ ရန်ကုန်မြို့အတွင်း ကြည့်ရှုလေ့လာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရားပြည်နယ်အကြီးအကဲနှင့်အဖွဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီးအားဖူးမြော်၍ ရန်ကုန်မြို့အတွင်း ကြည့်ရှုလေ့လာ





ရန်ကုန်၊ နိုဝင်ဘာ ၁၄

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ Mr. Alexey Sambuevich Tsydenov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့က ရွှေတိဂုံစေတီတော်မြတ်ကြီးအားဖူးမြော်၍ ရန်ကုန်မြို့အတွင်း လှည့်လည်ကြည့်ရှုလေ့လာသည်။

နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ် အကြီးအကဲသည် ရွှေတိဂုံစေတီတော်မြတ်သို့ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဝန်ကြီးများ၊ ဘုရားဂေါပကအဖွဲ့မှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ရွှေတိဂုံစေတီတော်ကြီးအား ဖူးမြော်ကြည်ညို၍ ဆီမီး၊ ပန်း၊ ရေချမ်းနှင့် သစ်သီးများ ဆက်ကပ်လှူဒါန်းပြီး ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။

ယင်းနောက် ဧည့်သည်တော်များအား ဂေါပကအဖွဲ့က ရွှေတိဂုံစေတီတော်မြတ်ပုံတော်ကို အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်သည်။

ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲနှင့်အဖွဲ့သည် (၃၆) ကြိမ်မြောက် မသိုးသင်္ကန်းရက်လုပ်နေမှုကို ကြည့်ရှုအားပေးကြသည်။

ယင်းနောက် ဗိုလ်ချုပ်ဈေးသို့ရောက်ရှိပြီး ဈေးအတွင်း ခင်းကျင်းပြသရောင်းချလျက်ရှိသည့် လက်ဝတ်ရတနာများ၊ ကျောက်စိမ်းပန်းပုနှင့် လည်ဆွဲပစ္စည်းများ၊ ရိုးရာအဝတ်အထည်များ၊ ရွှေခြည်ငွေခြည်ထိုးလက်ရာပစ္စည်းများ၊ ယွန်းထည်ပစ္စည်းများ၊ မြန်မာ့ရိုးရာလက်မှုပစ္စည်းများ၊ ပန်းချီ၊ ပန်းပုပစ္စည်းများကို လှည့်လည်ကြည့်ရှုကြသည်။

ဆက်လက်၍ မြို့တော်ခန်းမ၊ ဝန်ကြီးများရုံး၊ ကန်တော်ကြီးနှင့် ကရဝိတ်တို့ကို လှည့်လည်ကြည့်ရှုလေ့လာကြသည်။

ယင်းနောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်သို့ရောက်ရှိပြီး နိုင်ငံတော်ဩဝါဒစရိယ ရွှေကျင်သာသနာပိုင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ အဘိဓဇမဟာ ရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ သီတဂူဆရာတော် ဘဒ္ဒန္တဉာဏိဿရ အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ရှိ Seminar Hall နှင့် မျက်စိခွဲစိတ်ခန်းတို့ကို ကြည့်ရှုလေ့လာကြသည်။

ယင်းနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရား ပြည်နယ်အကြီးအကဲနှင့်အဖွဲ့သည် ရန်ကုန်မြို့မှ ပုသိမ်မြို့သို့ လေကြောင်းခရီးဖြင့်ရောက်ရှိကြရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာများက ပုသိမ်လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ဧည့်သည်တော်အဖွဲ့သည် ပုသိမ်မြို့မှ ချောင်းသာကမ်းခြေသို့ရောက်ရှိပြီး ချောင်းသာကမ်းခြေ၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရားပြည်နယ် အကြီးအကဲနှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရုရှား-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး အထိမ်းအမှတ်မီးပုံးပျံများ လွှတ်တင်ခဲ့ကြပြီးနောက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က AZ URA Hotel ၍ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)