နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ခရီးစဉ်နှင့်ပတ်သက်ပြီး ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့တာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့တယ်ဆိုတာ နိုင်ငံနဲ့ ပြည်သူအတွက် ကောင်းကျိုးများစွာ သယ်ဆောင်ပေးနိုင်ခဲ့လို့ ပြည်သူတွေ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသလို၊ အဖွဲ့အစည်းပေါင်းများစွာကလည်း ကြေညာချက်တွေထုတ်ပြီး ဂုဏ်ပြုကြိုဆိုခဲ့ကြတာကြောင့်လို့ ဆိုရင်ပိုမှန်ပါလိမ့်မယ်။
ဒီခရီးစဉ်နဲ့ပတ်သက်ပြီး မြင်တွေ့ခဲ့ရသမျှ အတွေ့အကြုံလေးတွေ မျှဝေဖို့ ဆန္ဒရှိခဲ့ပေမယ့် ဒီတန်ဆောင်တိုင်ပွဲတော်ရက်တွေမှာ စာရေးသူတစ်ယောက်အလုပ်တွေများပြီး အချိန်မရတာကြောင့် အခုမှပြန်လည် ရေးသားဖော်ပြရတဲ့အတွက်လည်း အားနာမိပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်ဟာ နိုဝင်ဘာလ ၅ ရက်နေ့မှ ၁၀ ရက်နေ့ထိ သွားရောက်ခဲ့ပြီး အချိန်နာရီနဲ့အတိအကျပြောရရင်တော့ ၁၂၇ နာရီနီးပါးကြာမြင့်ခဲ့ပါတယ်။ ဒီခရီးစဉ်တစ်လျှောက်လုံး နိုင်ငံတော်အကြီးအကဲရဲ့ နိုင်ငံနှင့်ပြည်သူအတွက် မနားမနေ ကြိုးပမ်းလုပ်ဆောင်ချက်တွေ၊ အသက် အရွယ်နှင့်မလိုက်အောင် ဖျတ်လတ်နိုးကြားတက်ကြွလန်းဆန်းနေမှုတွေကိုလည်း မျက်မြင်ကိုယ် တွေ့ မြင်တွေ့ခဲ့ကြပြီး ဖြစ်ပါတယ်။
ဒီခရီးစဉ်ကို နိုဝင်ဘာလ ၅ ရက်နေ့ မနက် ၇ နာရီမှာ နေပြည်တော် လေဆိပ်မှ ကူမင်းမြို့သို့ ထွက်ခွာခဲ့ပါတယ်။ ကူမင်းမြို့ကို ဒေသစံတော်ချိန် ၁၀ နာရီလောက်မှာ ရောက်ရှိခဲ့ပါတယ်။ လေဆိပ် ကနေ တည်းခိုမယ့်ဟိုတယ်ကို မော်တော်ကားနဲ့ ၄၅ မိနစ်ကျော်ကြာအောင် မောင်းနှင်ခဲ့ပြီးမှ တည်းခိုမယ့်နေရာကို ရောက်ပါတယ်။ တည်းခိုမည့်နေရာရောက်တဲ့အချိန်ဟာ ၁၁ နာရီ ၁၀ မိနစ် ရှိပေမယ့် နိုင်ငံတော်အကြီးအကဲ တစ်ယောက်အနေနဲ့ ခေတ္တခဏအနားယူခြင်း လုံးဝမရှိဘဲ ခရီး ရောက်မဆိုက်မှာပင် ကူမင်းမြို့ HUALUXE Kunming Hotel ဟိုတယ်မှာ တရုတ်-မြန်မာ ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံချိန်မှာလည်း နိုင်ငံတော်အကြီးအကဲက မြန်မာနိုင်ငံနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများအတွက် ယုံယုံကြည်ကြည်ဖြင့် လာရောက် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်နိုင်ပါကြောင်း ဖိတ်ခေါ်ခဲ့သလို၊ တရုတ်နိုင်ငံက ဦးစီးဆောင်ရွက်နေတဲ့ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု ဦးဆောင်ဦးရွက်ပြုမှုအစီအစဉ်(Global Development Initiatives -GDI)တွင် ပါဝင်သည့်ဦးစားပေးနယ်ပယ်(၈)ခုတွင် မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် ကဏ္ဍများစွာ ပါဝင်နေတာကြောင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရန် အခွင့်အလမ်း များပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာနှင့် ရင်းနှီး မြှုပ်နှံမှုစီမံကိန်းများအရ တီထွင်ဆန်းသစ်မှုမှတစ်ဆင့် ကုန်ထုတ်လုပ်မှု စွမ်းအားနှင့် ယှဉ်ပြိုင်နိုင် စွမ်းအားတို့ကို အဓိကမြှင့်တင်သွားမည်ဖြစ်တဲ့အကြောင်း သတင်းစကားပေးပို့ခဲ့တဲ့ နိုင်ငံတော် အကြီးအကဲ၏ စီးပွားရေးအမြင်ကျယ်ပြန့် နက်ရှိုင်းမှုနှင့် သိမ့်မွေ့ညင်သာသော သံတမန် စွမ်းရည်ကို အထင်းသားတွေ့မြင်လိုက်ရပါတယ်။
နိုင်ငံတော်အကြီးအကဲ ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့အားလုံးဟာ ပြည်ပနိုင်ငံကို ခရီး ထွက်လာခဲ့ပေမယ့် အချိန်ကို စက္ကန့်နှင့်အမျှ အလေအလွှင့်မရှိအောင် နိုင်ငံနဲ့ပြည်သူအတွက် အကျိုး ရှိရှိ အသုံးချခဲ့တာတွေ့ရပါတယ်။ စီးပွားရေးလုပ်ငန်းရှင်များနဲ့ တွေ့ဆုံပွဲအပြီးမှာ ယူနန်နည်းပညာ ကောလိပ်နဲ့ ကူမင်းသိပ္ပံနှင့် နည်းပညာတက္ကသိုလ်ကို ရတဲ့အချိန်လေးမှာ အပြေးအလွှား သွားရောက် လေ့လာခဲ့တာကိုကြည့်ရင် ပညာရေးနှင့် နည်းပညာကဏ္ဍကို ဘယ်လောက်အလေးထားတယ် အချိန်ပေးလေ့လာခဲ့တယ်ဆိုတာ မြင်သာစေပါတယ်။ လေ့လာတဲ့နေရာတွေ တစ်နေရာနဲ့ တစ်နေရာ မော်တော်ကားစီးချိန်ဟာ အနည်းဆုံး မိနစ် ၄၀ ကျော်စီးနင်းခဲ့ကြရတာဖြစ်ပါတယ်။ ဒါတောင်မှ နိုင်ငံတော်အကြီးအကဲရဲ့ လုံခြုံရေးအတွက် လမ်းတွေကြိုတင်ရှင်းလင်းတာတွေ၊ Traffic jammed မဖြစ်အောင် လမ်းတွေပိတ်ထားတာတွေကြောင့်သာ အဲဒီအချိန်နဲ့ရောက်ခဲ့တာဖြစ်ပါတယ်။
တက္ကသိုလ်၊ ကောလိပ်တွေကို လေ့လာပြီး တည်းခိုရာဟိုတယ် HUALUXE Kunming ကိုပြန်လာပြီးတာနဲ့ Haigeng ဟိုတယ်ကိုသွားပြီး Haigeng Hotel ဧည့်ခန်းမဆောင်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီအဖွဲ့ဝင်နှင့် ယူနန်ပြည်နယ် ပါတီ ကော်မတီအတွင်းရေးမှူး H.E.Mr.Wang Ning နှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံနှင့် ယူနန် ပြည်နယ်အကြားနှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်နိုင်ရေးအတွက် နယ်စပ်တည်ငြိမ် အေးချမ်းရေးကို အလေးထားဆောင်ရွက်လျက်ရှိပုံနှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှသာလျှင် သွင်းကုန်၊ ပို့ကုန်ကဏ္ဍကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ပြီး စီးပွားရေးအရ ကူးလူးဆက်သွယ်မှုများ ပိုမိုအကောင်အထည်ဖော်နိုင်မှာဖြစ်လို့ နှစ်နိုင်ငံအကြား နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို အတူတကွပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးကြတဲ့ အကြောင်းအရာရဲ့ စကားလုံး တစ်လုံးချင်းစီက နိုင်ငံနှင့်လူမျိုးအတွက် မွန်မြတ်မှန်ကန်သော စိတ်စေတနာကောင်းများနှင့် လက်ငင်းအကျိုးရှိစေမယ့် ကိစ္စရပ်တွေဖြစ်တယ်ဆိုတာ အထင်းသား မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ အဲဒီနောက် ယူနန်ပြည်နယ်ပါတီကော်မတီအတွင်းရေးမှူး တည်ခင်းဧည့်ခံတဲ့ ညစာစားပွဲတက် ရောက်ခဲ့ပြီး တည်းခိုရာဟိုတယ်ကို ည ၉ နာရီခွဲလောက်မှ ပြန်လည်ရောက်ခဲ့ပါတယ်။ ရောက်ရှိပြီးတာနဲ့ ချက်ချင်းမနားနိုင်ဘဲ နောက်နေ့ဆောင်ရွက်မည့်ကိစ္စတွေကို တင်ပြချက်တွေ ပြန်လည် စိစစ်ပြီး စီမံခန့်ခွဲ ညွှန်ကြားမှုတွေလုပ်ရင်းနဲ့ ခရီးစဉ်အစ ပထမရက်မှာတင် ညနက်သန်းခေါင်အချိန် ထိရောက်ရှိခဲ့ပါတယ်။
နောက်တစ်ရက်မနက် နိုဝင်ဘာလ ၆ ရက်နေ့မှာ တိုင်းရေးပြည်ရေးအတွက်ဆွေးနွေးမှုတွေနဲ့ မအားမလပ်တဲ့ကြားက ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး မိသားစုများနှင့် ပညာတော်သင် ကျောင်းသားများကို မိဘသဖွယ်တကူးတက အချိန်ပေးပြီး သွားရောက်တွေ့ဆုံကာ အခက်အခဲမှန် သမျှကို ဖြေရှင်းပေးခဲ့တာလည်း ရေခြားမြေခြားရောက်နေပေမယ့် ရနိုင်သမျှအချိန်လေးမှာပင် အပင်ပန်းခံပြီး တပည့်သားမြေးတွေကို ကြည့်ရှုစောင့်ရှောက်ပေးခဲ့တဲ့ နိုင်ငံတော်အကြီးအကဲရဲ့ မိဘ သဖွယ်စိတ်ဓာတ်ကို မြင်တွေ့လိုက်ရပါတယ်။
အဲဒီမနက်မှာပဲ နိုင်ငံတော်အကြီးအကဲက ကမ္ဘောဒီးယားဝန်ကြီးချုပ်၊ လာအိုနိုင်ငံဝန်ကြီးချုပ် တို့နှင့် သီးခြားစီတွေ့ဆုံပြီး နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ဆွေးနွေးခဲ့ပါတယ်။ နိုင်ငံတော်အကြီးအကဲ တစ်ယောက်အနေနဲ့ မနားမနေအစည်းအဝေးများ၊ တွေ့ဆုံဆွေးနွေးမှုများကို တစ်ပွဲပြီးတစ်ပွဲ အားကြိုးမာန်တက်ဆောင်ရွက်ခဲ့ပြီး နေ့ခင်းမွန်းလွဲပိုင်းမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ် H.E.Mr.Li Qiang နှင့်အဖွဲ့ကို Haigeng Garden Hotel မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံမှုမှာလည်း နှစ်နိုင်ငံခေါင်းဆောင်များ၏ ချစ်ကြည်ရင်းနှီးမှုကို အခြေခံပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးချက်များ၊ နှစ်နိုင်ငံနယ်စပ်တစ်လျှောက် တည်ငြိမ် အေးချမ်းရေးနဲ့ အချုပ်အခြာအာဏာခိုင်ခံ့တည်မြဲရေးနှင့် လူမှုစီးပွားဘဝမြင့်မားတိုးတက်ရေးတို့ကို အပြန်အလှန်ကတိကဝတ်များနှင့် အားပေးထောက်ခံရပ်တည်မှုများမှာ ဆွေမျိုးပေါက်ဖော်ဆက်ဆံ ရေး၏အနှစ်သာကို ထပ်လောင်း၍ အဓိပ္ပာယ်ပြည့်ဝလေးနက်စေခဲ့ပါတယ်။ ဒီတွေ့ဆုံမှုမှာ ကဏ္ဍစုံ အတွက် နားလည်မှုစာချွန်လွှာနှင့် သဘောတူစာချုပ်(၇)ခုကို အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့ပါတယ်။ အဲဒီနေ့ကလည်း နိုင်ငံတော်အကြီးအကဲအနေနဲ့ တရုတ်နိုင်ငံဝန်ကြီးချုပ်၏ တည်ခင်းဧည့်ခံသည့် ညစာစားပွဲတက်ရောက်ခဲ့ပြီးအပြန်တွင် တည်းခိုသည့်နေရာတွင် နိုင်ငံတော်အကြီးအကဲတစ်ယောက် အနေဖြင့် စီမံခန့်ခွဲမှုတွေ၊ ညွှန်ကြားမှုတွေ နောက်နေ့ထိပ်သီးဆွေးနွေးပွဲအတွက် ပြင်ဆင်စရာရှိတာ တွေပြင်ဆင်လုပ်ဆောင်ရင်းနှင့် ခရီးစဉ် ဒုတိယနေ့မှာလည်း ညနက်သန်းခေါင်အချိန်ထိ ရောက်ခဲ့ပါတယ်။
နိုင်ငံတော်အကြီးအကဲအနေနဲ့ အနားယူချိန်လုံလုံလောက်လောက်မယူခဲ့ပေမယ့် နိုဝင်ဘာလ ၇ ရက်နေ့နံနက်ပိုင်းမှာတော့ အဋ္ဌမအကြိမ် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးကို တက်ကြွ လန်းဆန်းတဲ့ ခြေလှမ်းတွေနဲ့ တက်ရောက်ဆွေးနွေးခဲ့ပါတယ်။ အဲဒီနောက် ထိုင်းနိုင်ငံဝန်ကြီးချုပ် H.E. Ms. Paetongtarn Shinawatra နဲ့တွေ့ဆုံပြီး နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံဖြတ်ကျော်မှုခင်း တိုက်ဖျက် ရေး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးနှင့် အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုနှင့် ချမှတ်ထားသည့် ဦးတည်ချက်များ အတိုင်း အကောင်အထည် ဖော်ဆောင်ရွက်နေမှု၊ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေ များကို ဆွေးနွေးပြောကြားခဲ့ပါတယ်။
ထိုင်းဝန်ကြီးချုပ်နှင့်တွေ့ဆုံအပြီး မွန်းလွဲ ၂ နာရီမှာ(၁၀)ကြိမ်မြောက်ဧရာဝတီ-ကျောက်ဖရား- မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ(ACMECS)ထိပ်သီးအစည်းအဝေးကို လန်းလန်း ဆန်းဆန်း တက်တက်ကြွကြွနဲ့ဆက်လက်တက်ရောက်ခဲ့ပါတယ်။ အဲဒီနောက် ၃ နာရီ ၄၅ မိနစ်ခန့် မှာ(၁၁)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (CLMV) ထိပ်သီးအစည်းအဝေးကို ဆက်လက်တက်ရောက်ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် ညနေ ၅ နာရီအချိန် မှာ ဗီယက်နမ်ဝန်ကြီးချုပ် Mr.Pham Minh Chinh နှင့် Wyndham ဟိုတယ်မှာ တွေ့ဆုံခဲ့ပါတယ်။ အဲဒီအစည်းအဝေးတွေ၊ တွေ့ဆုံဆွေးနွေးမှုတွေမှာ ပြောကြားဆွေးနွေးချက်တွေကို တရားဝင် ထုတ်ပြန်ထားတာကြောင့် အသေးစိတ်မပြောတော့ပါဘူး။ ဗီယက်နမ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံ ဆွေးနွေးပြီးမှာ နိုင်ငံတော်အကြီးအကဲအနေနဲ့ မနားတမ်းကူမင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် ချုံချင့်မြို့သို့ ဆက်လက်ထွက်ခွာခဲ့ပါတယ်။ ည ၉ နာရီကျော်မှ ယွီကျိုးအစိုးရဧည့်ဂေဟာကို ရောက် ရှိခဲ့ပြီး နောက်နေ့အစီအစဉ်တွေအတွက် ခရီးစဉ်ရဲ့ တတိယနေ့မှာလည်း ညနက်ခဲ့ပါတယ်။
ဒီလိုပင်ပန်းမှုတွေကြားက နိုဝင်ဘာလ ၈ ရက်နေ့နံနက်ပိုင်းမှာတော့ Zhongyue Aviation Firefighting (Drone) ထုတ်လုပ်ရေးကုမ္ပဏီကိုသွားရောက် လေ့လာခဲ့ပါတယ်။ အဲဒီနောက် SERES စွမ်းအင်သစ်သုံးမော်ယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီသွားရောက်လေ့လာခဲ့ပါတယ်။ အဲဒီနောက် Chongqing International Logistic Hub Park ၌ လေ့လာခဲ့ပြီး မြန်မာကောင်စစ်ဝန်ချုပ်ရုံး (ချုံချင့်)ကိုသွားရောက်၍ ဝန်ထမ်းမိသားစုများနှင့် တွေ့ဆုံခဲ့ပါတယ်။ ထို့နောက် Chongqing Planning Exhibition Hall ပြတိုက်ကို ဝင်ရောက်လေ့လာခဲ့ပြီး Weima လယ်ယာစက်မှုထုတ်ကုန် ကုမ္ပဏီကို ဆက်လက်သွားရောက်လေ့လာခဲ့တယ်။ ညနေ ၅ နာရီအချိန်မှာတော့ ချုံချင့်မြူနီစီပယ် ပါတီအတွင်းရေးမှူး Mr.Yuna Jiajun နှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး တည်ခင်းဧည့်ခံတဲ့ ညစာစားပွဲသို့ ဆက်လက် တက်ရောက်ခဲ့ပါတယ်။ ည ၈ နာရီအချိန်မှာတော့ တရုတ်စီးပွားရေးလုပ်ငန်းရှင်များနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ခရီးစဉ်ရဲ့ စတုတ္ထနေ့မှာလည်း နိုင်ငံတော်အကြီးအကဲအနေနဲ့ ညနက် သန်းခေါင် အချိန်ထိ နိုင်ငံနဲ့ပြည်သူအတွက် မနားမနေ အချိန်နှင့်တစ်ပြေးညီ ဆက်တိုက်ဆိုသလို အလုပ် လုပ်နေတာကို တွေ့ခဲ့ရပါတယ်။
ခရီးစဉ် ၅ ရက်မြောက် နိုဝင်ဘာလ ၉ ရက်နေ့မနက်အစောပိုင်းမှာတော့ ချုံချင့်မြို့ ကျန်းပေ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရှန်းကျန့်မြို့သို့ထွက်ခွာခဲ့ပြီး ရှန်းကျန့်မြို့ ဘောင်အန်းအပြည်ပြည် ဆိုင်ရာလေဆိပ်သို့ မနက် ၁၀ နာရီ ၂၀ မှာ ရောက်ရှိခဲ့ပါတယ်။ အဲဒီမှာလည်း နိုင်ငံတော်အကြီးအကဲ အနေနဲ့ လေဆိပ်ကနေ တည်းခိုမည့်နေရာကို မသွားဘဲ Hytera Communications Corporation Limited ကို မနားမနေဆက်တိုက် သွားရောက်လေ့လာကြည့်ရှုခဲ့ပါတယ်။ အဲဒီနောက် Exhibition Center၊ Huawei (Sakata Headquarters) နှင့် Civic Center တို့ကို သွားရောက်ကာ နိုင်ငံအတွက် လိုအပ်၍ အသုံးဝင်နိုင်မည့် နည်းပညာများနှင့် ပစ္စည်းများကို လေ့လာကြည့်ရှုခဲ့ပြီး တည်းခိုမည့် ဟိုတယ်သို့ ည ၉ နာရီ ၃၀ အချိန်မှ ပြန်လည်ရောက်ရှိခဲ့တာဖြစ်ပါတယ်။ နောက်နေ့ နိုဝင်ဘာလ ၁၀ ရက်နေ့ မြန်မာနိုင်ငံသို့ ပြန်လာမည့်နေ့မှာပင် BYD ကုမ္ပဏီကို ဝင်ရောက်ပြီး ကားထုတ်လုပ်မှုများကို လေ့လာပြီးမှ ရှန်းကျန့်မြို့ ဘောင်အန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ နေပြည်တော်လေဆိပ်ကို ပြန်လာခဲ့တာပဲဖြစ်ပါတယ်။ ဒါဟာ နိုင်ငံအကြီးအကဲနဲ့အတူ သွားရောက်ခဲ့တဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံခရီးစဉ်ရဲ့ အကျဉ်းချုပ်ပဲဖြစ်ပါတယ်။
ပြောချင်တာက ဒီခရီးစဉ်အတွင်းမှာ နိုင်ငံတော်အကြီးအကဲရဲ့ အရွယ်နဲ့မလိုက်အောင် လုပ်နိုင်စွမ်းကို လေးစားမိပါတယ်။ ဒါဟာလည်း နဂိုမူလစိတ်ရင်းက နိုင်ငံနဲ့ပြည်သူအတွက် ပေးဆပ် ချင်တဲ့စိတ်၊ နိုင်ငံနဲ့ပြည်သူအပေါ်ထားတဲ့ စေတနာမေတ္တာ ဒါတွေကိုအရင်းခံပြီးမှ စိတ်ရဲ့ဆောင်မှုကို ခန္ဓာက လိုက်ပါလုပ် ဆောင်နိုင်မှာဖြစ်ပါတယ်။ ခရီးစဉ်အစအဆုံး အသေးစိတ်တွက်ကြည့်ရင် နာရီပေါင်း ၁၂၇ နာရီနီးပါးကြာမြင့်ခဲ့ပါတယ်။ သွားရောက်ခဲ့တဲ့ ခရီးအကွာအဝေးတွက်ကြည့်ရင် လေယာဉ်စီးနင်းခဲ့ရတဲ့ အကွာအဝေးက ကီလိုမီတာ ၅၁၅၄ မိုင်အားဖြင့် ၃၂၀၂.၅ မိုင်ရှိပြီး လေယာဉ် စီးနင်းချိန် ၇ နာရီခွဲအထိရှိခဲ့ပါတယ်။ မော်တော်ယာဉ် စီးနင်းပြီး သွားလာခဲ့ရတာ ခရီးအကွာ အဝေးဟာ ၁၅၈၆ ကီလိုမီတာမိုင်အားဖြင့် ၉၈၆ မိုင်ရှိပြီး မော်တော်ယာဉ်စီးနင်းချိန်ဟာ ၁၆ နာရီ နီးပါးရှိပါတယ်။ ဒီအကွာအဝေးဟာနည်းတဲ့ အကွာအဝေးမဟုတ်ပါဘူး။
မြန်မာနိုင်ငံရဲ့ အရှေ့နှင့်အနောက် အကျယ်ဆုံးအကွာအဝေးတောင် ၉၃၇ ကီလိုမီတာပဲ ရှိတယ်။ အဲဒီအကွာအဝေးကို သာမန်လူငယ်တစ်ယောက်ကားစီးရင်တောင် ခရီးပင်ပန်းမှုဒဏ်ကို တော်ရုံမခံနိုင်ဘူး။ အခု နိုင်ငံတော်အကြီးအကဲတစ်ယောက် မော်တော်ယာဉ်နဲ့ သွားခဲ့ရတဲ့ ခရီး အကွာအဝေးက မြန်မာနိုင်ငံအရှေ့ထိပ်နဲ့အနောက်ထိပ်ကို ၂ ပြန်နီးပါးလောက်ရှိတဲ့ အကွာအဝေးကို မော်တော်ကားစီးနင်းခဲ့ရတဲ့ ခရီးစဉ်မှာ ဘယ်လောက်တောင်ပင်ပန်းလိုက်မလဲဆိုတာ တွေးကြည့် တာနဲ့သိနိုင်ပါတယ်။ ဒါ့အပြင် ခရီးစဉ်အတွင်း အနားယူအိပ်စက်ရတဲ့အချိန်ဟာ အင်မတန်မှ နည်းပါး လွန်းပါတယ်။ နိုင်ငံတော်အကြီးအကဲရဲ့ လက်ရှိအသက်အရွယ်နှင့်ဆိုလျှင် အိပ်စက်အနားယူရမည့် အချိန်ဟာ အနည်းဆုံး ၇ နာရီကနေ ၉ နာရီအထိရှိသင့်ပါတယ်။ ဒါပေမယ့် အခုခရီးစဉ်မှာ နိုင်ငံတော် အကြီးအကဲရဲ့ အိပ်စက်အနားယူချိန် အင်မတန်မှနည်းပါးခဲ့ပါတယ်။
နိုင်ငံတော်အကြီးအကဲရဲ့ လက်ရှိအသက်အရွယ်နဲ့ မမျှအောင် ကီလိုမီတာ ၅၀၀၀ ကျော် လေယာဉ်စီးနင်းနိုင်ခဲ့သလို၊ မော်တော်ယာဉ်နဲ့ ကီလိုမီတာ ၁၅၀၀ ကျော်ခရီးသွားနိုင်တဲ့ ခံနိုင် ရည်စွမ်းအားဟာ တော်ရုံစိတ်ဓာတ်မျိုးနဲ့ဆိုရင် ဘုံးဘုံးလဲသွားနိုင်တယ်။ ဒါပေမဲ့ နိုင်ငံတော်အကြီး အကဲအနေနဲ့ ထိပ်သီးအစည်းအဝေးကြီး ၃ ရပ်စလုံးမှာ တက်တက်ကြွကြွနဲ့ ပါဝင်တက်ရောက် ခဲ့ရုံမျှမက နိုင်ငံနှင့်လူမျိုးအတွက် ကောင်းကျိုးများစွာဖော်ဆောင်နိုင်မည့် Bilateral တွေ့ဆုံ ဆွေးနွေးမှုတွေမှာ ပင်ပန်းနွမ်းနယ်မှု အရိပ်အယောင်တစ်စက်မှမတွေ့ရဘဲ လူငယ်ခေါင်းဆောင် တစ်ယောက်လို လန်းဆန်းတက်ကြွသော ခြေလှမ်းများနှင့် အားကြိုးမာန်တက် မနားမနေ ဆောင်ရွက်နေခဲ့တာ စာရေးသူရဲ့အပြော မဟုတ်ပါ။ မှတ်တမ်းဓာတ်ပုံတွေက သက်သေထူနေတာပါ။ နိုင်ငံတော်အကြီးအကဲ အနေနဲ့နိုင်ငံနဲ့ ပြည်သူအပေါ်ထားတဲ့ စိတ်စေတနာနဲ့ မေတ္တာတရားကြီးမားမှု ကြောင့် ဇရာကိုကျော်လွန်ပြီး ငယ်ရွယ်နုပျိုသူ တစ်ယောက်လို စိတ်ဓာတ်ခွန်အား လုပ်နိုင်စွမ်းတွေနဲ့ အရွယ်နဲ့မလိုက်အောင်ကို ဒီခရီးစဉ်မှာလုပ်ပြသွားတာဟာ အတုယူလေး စားစရာကောင်းလှပါတယ်။
လင်းထွန်း
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment