ပွင့်ဖြူ ၊ နိုဝင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများက သီးနှံဝင်ငွေတိုးပွားရေးအတွက် မြေအောက်ရေဖြင့် ဆောင်းသီးနှံ ကြက်သွန်နီနှင့် ကြက်သွန်ဖြူ စိုက်ပျိုးရေးလုပ်ငန်းကို စတင်စိုက်ပျိုး လုပ်ကိုင်နေကြကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ကြက်သွန်နီ ၁၁၂၄ ဧကနှင့် ကြက်သွန်ဖြူ ၂၈ ဧက စိုက်ပျိုးရန်လျာထားရှိပြီး ဒေသခံတောင်သူများက သတ်မှတ်လျာထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် ယခုနှစ်အောက်တိုဘာ ပထမပတ်ကစပြီး မုန်းချောင်းရေနှင့် မြေအောက်ရေတို့ ဖြင့် ကြိုးပမ်းစိုက်ပျိုးခဲ့ရာ ယနေ့အထိ ကြက်သွန်နီ ၃၇၃ ဧက၊ ကြက်သွန်ဖြူ ၃၈ ဧက တို့ကို စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
“ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ဒေသခံတောင်သူတွေက သီးနှံဝင်ငွေ တိုးပွားစေရန်နှင့် စားနပ်ရိက္ခာဖူလုံစေရန်ရည်ရွယ်ပြီး စားဖိုဆောင်သီးနှံဖြစ်တဲ့ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူ စိုက်ပျိုးရေးလုပ်ငန်းကို အောက်တိုဘာလ ပထမပတ်က စပြီး အားထားစိုက်ပျိုးနေကြပါတယ်။ ဒီနေ့ထိ ကြက်သွန်နီ ၃၇၃ ဧက၊ ကြက်သွန်ဖြူ ၃၈ ဧက စိုက်ပျိုးပြီးစီးသွားပြီ ဖြစ်ပါတယ်။ စားဖိုဆောင်သီးနှံ စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး စားသုံးသူပြည်သူလူထု အစားအစာဘေးကင်းလုံခြုံစေဖို့အတွက် အော်ဂဲနစ်စိုက်ပျိုးရေး နည်းစနစ်များ နှင့်အညီ စိုက်ပျိုးကြဖို့၊ အထွက်နှုန်းကောင်းစေဖို့ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးကြဖို့နဲ့ သတ်မှတ်စိုက်ဧက ပြည့်မီအောင် ကြိုးပမ်းစိုက်ပျိုးကြဖို့ တောင်သူတွေကို စိုက်ပျိုးရေးအသိပညာတာတွေ ဆောင်ရွက်နေပါတယ်”ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေဖူလုံသည့်အတွက် တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်ကြပြီး နှစ်စဉ် ဆောင်းသီးနှံစိုက်ပျိုးရာသီချိန်တွင် သီးနှံဝင်ငွေ တိုးပွားစေရန်နှင့် ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံစေရန်အတွက် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးနှံနှင့် ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးရေးကို အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ကြက်သွန်စိုက်ပျိုးရေးလုပ်ငန်းကို ဆည်တော်ကျေးရွာ၊ မဲဇလီကျေးရွာ၊ ကြူဝန်းကျေးရွာ၊ အနောက်လေးအိမ်ကျေးရွာ၊ ထန်းတောကျေးရွာ၊ ညောင်ပင်ဝိုင်းကျေးရွာ၊ ထူးပေါက်ကျေးရွာ၊ ကျွဲခြံကျေးရွာ၊ လယ်မကျေးရွာ၊ အင်းနက်ကျေးရွာနှင့် မုန်းချောင်းဘေးတစ်လျှောက်ရှိ ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပြီး ဒေသခံတောင်သူများ စိုက်ပျိုးသည့် ကြက်သွန်ဥများမှာ အရည်အသွေးကောင်းမွန်သဖြင့် ဈေးကွက်၌ ပြည်သူများက အကြိုက်တွေ့ ဝယ်ယူစားသုံးကြ၍ ရောင်းအားကောင်းမွန်လျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)
https://t.me/MyanmarNationalPost
No comments:
Post a Comment