( ၆၉)နှစ်မြောက်ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိဇံမွေးမြူရေးဇုန် ကျောက်ချောလမ်းသစ်များဖွင့်၊ တောင်သူများအား ဆီထွက်နေကြာမျိုးစေ့၊ မတ်ပဲ၊ ပဲတီစိမ်းမျိုးစေ့များထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

( ၆၉)နှစ်မြောက်ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိဇံမွေးမြူရေးဇုန် ကျောက်ချောလမ်းသစ်များဖွင့်၊ တောင်သူများအား ဆီထွက်နေကြာမျိုးစေ့၊ မတ်ပဲ၊ ပဲတီစိမ်းမျိုးစေ့များထောက်ပံ့




ဘားအံ ၊  နိုဝင်ဘာ ၂


 (၆၉)နှစ်မြောက်ကရင်ပြည်နယ်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ မိဇံမွေးမြူရေးဇုန် ကျောက်ချောလမ်းသစ်များဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က အဆိုပါ ကျောက်ချောလမ်းသစ်များမုခ်ဦးတည်နေရာ၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၅၇၁ ဒဿမ ၄၅၂ သန်းဖြင့် ဇွဲကပင်မေမေကုမ္ပဏီ၊ ငွေကမ္ဘာအောင်ကုမ္ပဏီ၊ သပြေသုခကုမ္ပဏီ၊ ကောင်းမြတ်အောင်ကျော်ကုမ္ပဏီတို့မှ တာဝန်ယူဆောင်ရွက်သော မိဇံမွေးမြူရေးဇုန်ပင်မအဝင်လမ်း၊ ဇုန်အတွင်းလမ်း၊ ဇုန်ပတ်လမ်းကျောက်ချောလမ်းသစ်များ ၄ မိုင် ၅ ဒဿမ ၄ ဖာလုံနှင့် ကွန်ကရစ်တံတားတစ်စင်း အကျယ်ချဲ့ခြင်းတို့အား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လမ်းဖွင့်ပွဲတွင် ပါဝင်အားဖြည့်ကူညီပေးကြသော ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကာ မိဇံမွေးမြူရေးဇုန်အတွင်း ကျောက်ချောလမ်းသစ်များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယင်းနောက် ကျောက်ချောလမ်းသစ်များများဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် က မိဇံမွေးမြူရေးဇုန်အတွင်း ဝက်နှင့်ဆိတ်မွေးမြူရေးလုပ်ငန်းများကို အဓိကဆောင်ရွက်လျက်ရှိပြီး လမ်းများအား ကွန်ယက်များသဖွယ်ချိတ်ဆက်ထားခြင်းကြောင့် သွားရေးလာရေးလွယ်ကူပြီး မွေးမြူရေးထုတ်ကုန်များကိုကုန်ကျစရိတ် သက်သာစွာဖြင့် ဈေးကွက်သို့လျင်မြန်စွာပို့ဆောင်နိုင်သည့် ပြည်နယ်၏ အဓိကမွေးမြူဇုန်ကြီးတစ်ခုအဖြစ် ပေါ်ထွန်းလာမည်ဖြစ်ကြောင်း ပြောကြားပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ဦးစောကျော်ဝင်းက လမ်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ ကျေးလက်နေပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မိဇံမွေးမြူရေးဇုန်အတွင်း တောင်သူဦးစော ကပေါ်ထူး၏ ဝက်ကောင်ရေ(၁၀၀)မွေးမြူရေးခြံ၊ Yoon Sa Lin Goat MZ-Farm ၏ ဆိတ်ကောင်ရေ(၁၅၀)မွေးမြူ ရေးခြံတို့အား ကြည့်ရှုအားပေးကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။

ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဆီထွက်နေကြာမျိုးစေ့ထောက်ပံ့ပေးအပ်ခြင်းနှင့် မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန်သည်များအသင်းမှ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့သို့ ထောက်ပံ့လှူဒါန်းသည့် မတ်ပဲနှင့်ပဲတီစိမ်းမျိုးစေ့များ ပေးအပ်သည့်အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ဇွဲကပင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန်သည်များအသင်းမှ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြင့်တင်ရေး ဦးဆောင်အဖွဲ့သို့ ထောက်ပံ့လှူဒါန်းသည့် မတ်ပဲမျိုးစေ့ ၁၀၀ တင်း၊ ပဲတီစိမ်းမျိုးစေ့ ၁၀၀ တင်းနှင့် ပြည်နယ်အစိုးရအဖွဲ့မှ  ဘားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြဝတီ၊ ဖာပွန်မြို့နယ်များတွင် နေကြာစံပြကွက် (၅၀၀)ဧကစိုက်ပျိုးမည့်အကျိုးဆောင်တောင်သူများအား နေကြာမျိုးစေ့အခမဲ့နှင့် ပုံမှန်နေကြာ စိုက်ပျိုးမည့်တောင်သူများအား မျိုးစေ့တန်ဖိုး၏တစ်ဝက်တို့ကို  ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ယင်းနောက် အခမ်းအနားသို့တက်ရောက်လာသော ဘားအံမြို့နယ်နှင့်လှိုင်းဘွဲမြို့နယ်တို့ရှိ ကျေးရွာ ၂၁ ရွာမှ တောင်သူများကိုယ်စား တောင်သူကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တက်ရောက်လာသောတောင်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကာ အခမ်းအနားအပြီးတွင် စိုက်ပျိုးရေးဦးစီးဌာနမှတာဝန်ရှိသူများက တောင်သူများအား စိုက်ပျိုးရေးအသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြကြောင်းနှင့် ယခုနှစ်တွင် ကရင်ပြည်နယ်အတွင်း ဆီထွက်သီးနှံနေကြာ ဧက ၄၀၀၀ စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)