၂၀၂၄-၂၀၂၅ ခုနှစ် ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေစင်‌ရွှေပြားသင်္ကန်းတော်များ စတင်တင်လှူပူဇော်ခြင်းနှင့် ရွှေပြားသင်္ကန်းတော်များလှည့်လည်ပူဇော်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၄-၂၀၂၅ ခုနှစ် ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေစင်‌ရွှေပြားသင်္ကန်းတော်များ စတင်တင်လှူပူဇော်ခြင်းနှင့် ရွှေပြားသင်္ကန်းတော်များလှည့်လည်ပူဇော်ပွဲ အခမ်းအနားကျင်းပ





















ရန်ကုန်၊ နိုဝင်ဘာ ၁၈

ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေစင်ရွှေပြားသင်္ကန်းတော်များ စတင်ကပ်လှူ ပူဇော်ခြင်းနှင့် ရွှေပြားသင်္ကန်းတော်များ လှည့်လည်ပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာအသီးသီးတွင် ကျင်းပသည်။

နံနက် ၀၇၃၀ အချိန်တွင် ရင်ပြင်တော်တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများအား ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့တို့က ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် အခမ်းအနားအစီအစဉ်ပထမပိုင်းအား ကျင်းပရာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ နိုင်ငံတာ်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထ ဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ စမ်းချောင်းမြို့နယ် နေနတ်သားပရိယတ္တိ စာသင်တိုက်၊ ပဓာန နာယက၊ ဘဒ္ဒန္တသုစိတ္တထံမှ ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်များထံမှ အန္တရာယ်ကင်းပရိတ်တော်များ နာယူကြည်ညိုကြသည်။ ဆက်လက်၍ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ရွှေစင်ရွှေပြားသင်္ကန်းတော်များ စတင်ကပ်လှူပူဇော်ခြင်းနှင့်ပတ်သက်၍ အနုမောဒနာစာတမ်းလွှာကို ဖတ်ကြားလျှောက် ထားရာ လေးဆူဓါတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီးကို စတင်တည်ထားပူဇော်ခဲ့သည့်အချိန်မှစ၍ မျက်မှောက်ကာလတိုင်အောင် ခေတ်အဆက်ဆက်တွင် ရဟန်းရှင်လူ၊ ပုဂ္ဂိုလ်အသီးသီးတို့က ကာယ၊ ဉာဏ၊ ဓနအားတို့ဖြင့် စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်ပူဇော် ကုသိုလ်ယူခဲ့ကြရာတွင် စတင်တည်ထားစဉ် ၆၆ ပေ ဉာဏ်တော် အမြင့်မှသည် ယခု ၃၂၆ ပေတိုင်အောင် တည်ဆောက်ပူဇော်ခဲ့ပြီး ထုံးသင်္ကန်းမှ ဆေးသင်္ကန်း၊ ထိုမှမျက်ပါးရွှေသင်္ကန်း၊ ရွှေစင်ရွှေပြားသင်္ကန်းတော်စသည်ဖြင့်  ဦးဆောင်သူများ၏ စီမံကြီးကြပ် ကောင်းမွန်မှု၊ ရဟန်းရှင်လူအများပြည်သူတို့၏ စေတနာသဒ္ဓါထက်သန်မှု တို့ကြောင့် တစ်နှစ်ထက် တစ်နှစ်၊ တစ်ခေတ်ထက်တစ်ခေတ် တိုးတက်ပူဇော်ခဲ့ရာ ယခုကဲ့သို့ ရွှေစင်ရွှေသားအတိ ရွှေတောင်ကြီး ပေါက်သည့်ပမာ ကမ္ဘာ့အံ့ဘွယ်တစ်ပါးအဖြစ် ဖူးတွေ့ကြည်ညိုနေရ ပါကြောင်း၊ ယခု ၂၀၂၄-၂၀၂၅ ခုနှစ် ရွှေသင်္ကန်းတော်ကပ်လှူခြင်းလုပ်ငန်းကို  ဩဝါဒါစရိယဆရာတော် ကြီးများထံတွင် ဩဝါဒခံယူခဲ့ပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ ဦးဆောင်မှုဖြင့် ၁၉-၉-၂၀၂၄ ရက်နေ့မှစတင်ကာ ဝါးငြမ်းထိုးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီး ယခုအခါ ရွှေပြား သင်္ကန်းတော်များ စတင်၍ကပ်လှူပူဇော်သွားမည်ဖြစ်ပါကြောင်းနှင့် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့အထိ ရွှေစင် ၆ ကျပ်သား ၄၆၇ ချပ်၊ ရွှေစင် ၁ ကျပ်သား ၄၂၇၂ ချပ် စုစုပေါင်း ၄၇၃၉ ချပ် အလှူရရှိထားပြီး ရထားပျံပေါ်သို့ အလှူရှင်များကိုယ်တိုင် တင်လှူပူဇော်နိုင်ရန် ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ဖတ်ကြားလျှောက်ထားခဲ့သည်။

ယင်းနောက် ဩဝါဒါစရိယဆရာတော်ကြီးများအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယ ဝန်ကြီးနှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့တို့က လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပြီး ရွှေတိဂုံ စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ တိပိဋကရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ သ.စ.အ ဓမ္မာစရိယ၊ ဝဋံသကာပါဠိပါရဂူ၊ စေတိယင်္ဂဏပဝရသိရီ မဟာဓမ္မဂုရု၊ ပါဠိတက္ကသိုလ်ညောင်တုန်းကျောင်းတိုက် ပဓာနနာယက ဘဒ္ဒန္တနာရဒါဘိဝံသ(လှရတနာဆရာတော်) ထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

နံနက် ၀၈ ၀၀ နာရီအချိန်တွင် အခမ်းအနားဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ရန်ကုန်တိုင်းဒေကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များက ရွှေစင်ရွှေပြား သင်္ကန်းတော်များပင့်ဆောင်၍ ရင်ပြင်တော်လက်ျာရစ်တစ်ပတ် လှည့်လည်ပူဇော်ခဲ့ပြီး ရထားပျံဖြင့် တင်လှူပူဇော်မည့် ရင်ပြင်တော်စနေထောင့် ရခိုင်ကုန်သည်ကြီးများတန်ဆောင်းသို့ရောက်ရှိ နေရာယူ ကြသည်။ ထို့နောက် ရွှေစင်ရွှေပြား သင်္ကန်းတော်များအား ရထားပျံဖြင့်တင်လှူပူဇော်ခြင်း အခမ်းအနား ကိုကျင်းပရာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများက ၆ ကျပ်သား ရွှေစင်ပြား ၁ ချပ်နှင့် ၁ ကျပ်သား ရွှေစင်ပြား ၈ ချပ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့  ဝန်ကြီးချုပ်က    ၁ ကျပ်သား ရွှေစင်ပြား ၁ ချပ်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ၁ ကျပ်သား ရွှေစင်ပြား ၂ ချပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများက ၁ ကျပ်သား ရွှေစင်ပြား ၃ ချပ်နှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးမင်းလွင်၊ ဦးဘိုးသင်းနှင့် ဦးမျိုးအောင်ဌေးတို့က အများပြည်သူစုပေါင်းလှူဒါန်းသည့် ၁ ကျပ်သား ရွှေစင်ပြား ၃ ချပ်တို့အား ရထားပျံပေါ်သို့ အသီးသီး ပင့်ဆောင်၍ အမွှေးနံ့သာများပက်ဖြန်းပူဇော်ကြပြီး ရထားပျံအားစက်ခလုပ်နှိပ်၍ ရွှေတိဂုံစေတီတော် မြတ်ကြီးအား ရွှေစင်ရွှေပြားသင်္ကန်းတော်များအား စတင်တင်လှူပူဇော်ခဲ့ကြသည်။ 


ဓာတ်ပုံ - ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)