အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် ပုံသေဝင်ငွေရရှိသော လခစား ဝန်ထမ်းများနှင့် အခြေခံလူတန်း စားများအပေါ်သက်ရောက်မှု ကြီးမားကြောင်း ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် ပုံသေဝင်ငွေရရှိသော လခစား ဝန်ထမ်းများနှင့် အခြေခံလူတန်း စားများအပေါ်သက်ရောက်မှု ကြီးမားကြောင်း ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ပြောကြား


နေပြည်တော်၊ နိုဝင်ဘာ ၂၂

ပြည်ထောင်စု ကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီ (၄/၂၀၂၄) အစည်းအဝေးကို ယမန်နေ့ က စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ရုံးအမှတ်(၂၆) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စု ကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စု ကုန်ဈေးနှုန်း တည်ငြိမ်ရေး ကော်မတီဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ စီးပွားရေးရာဝန်ကြီးများ၊ စည်ပင် သာယာရေးကော်မတီ အတွင်း ရေးမှူးများနှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌတို့က ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက် ကြသည်။

စုကုန်ဈေးနှုန်း တည်ငြိမ်ရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက လက်ရှိအခြေအနေတွင် တိုင်းဒေသကြီး၊ ပြည်နယ်များ၌ အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် ပုံသေဝင်ငွေရရှိသော လခစား ဝန်ထမ်းများနှင့် အခြေခံလူတန်း စားများအပေါ်သက်ရောက်မှု ကြီးမားကြောင်း၊ သို့ဖြစ်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများအနေဖြင့် ဆန်၊ စားသုံးဆီ၊ အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် အခြေခံစားသောက်ကုန်များ၊ ဆေးနှင့် ဆေးပစ္စည်းများ၊ စက်သုံးဆီများ၏ ဖြန့်ဖြူး ရောင်းချမှုအပါအဝင် လက်ရှိ ဖြစ်ပေါ်နေသော မြေပြင်အခြေ အနေအပေါ် ထိန်းကျောင်း ဆောင်ရွက်သွားမည့် အစီအမံများ၊ လိုအပ်ချက်နှင့် လက်တွေ့ ဆောင်ရွက်သင့်သည်များကို အသေးစိတ် ဆွေးနွေးညှိနှိုင်းရန် ဖြစ်ကြောင်း။

ရာသီဥတုဖောက်ပြန်မှုကြောင့် စိုက်ပျိုးထုတ်လုပ်မှုများ ပျက်စီးဆုံးရှုံးရခြင်းသည် ကုန်ဈေးနှုန်း တည်ငြိမ်မှု အပေါ်တွင်လည်း သက်ရောက်မှု ရှိလာမည်ဖြစ် ကြောင်း၊ နေရာဒေသအချို့တွင် ရေကြီးမှုများကြောင့် မိုးစပါး စိုက်ဧကများ ထိခိုက်ပျက်စီးခဲ့ သဖြင့် စပါးစိုက်ပျိုးမှု၊ ထွက်ရှိမှု၊ ပြည်တွင်းစားသုံးမှု၊ အရန်ဆန်နှင့် ပြည်ပတင်ပို့မှုစသည်တို့ကို စနစ် တကျ တွက်ချက်စီမံဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ လက်ရှိ စားအုန်းဆီဖြန့်ဖြူးမှု စနစ်တကျ ရှိရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များက ကြပ်မတ် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ အသား၊ ငါး၊ ဥဈေးနှုန်းများ တည်ငြိမ်ရေး အတွက် တိရစ္ဆာန် မျိုးသားပေါက်၊ အစာနှင့် ကာကွယ်ဆေး စသည့် မွေးမြူရေးဆိုင်ရာ လိုအပ်ချက် များကို ထည့်သွင်းစဉ်းစား ဆောင်ရွက်ပေးလျက်ရှိကြောင်း။ ဓာတ်မြေဩဇာနှင့် ပိုးသတ် ဆေးတို့ကို အကျိုးအမြတ်အတွက် ဈေးကစားခြင်းများ မရှိစေရေး သက်ဆိုင်ရာ တာဝန်ရှိသူများက ကြပ်မတ် ထိန်းကျောင်းသွားရန် လိုအပ်ကြောင်း၊ ကုန်ဈေးနှုန်း တည်ငြိမ်ရေးနှင့် ပတ်သက်၍ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ဆောင်ရွက်ပေးသင့်သည့် ရေတို၊ ရေရှည် အစီအမံများကို ဝိုင်းဝန်း ဆွေးနွေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စု ကုန်ဈေးနှုန်း တည်ငြိမ်ရေး ကော်မတီဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က ဆန်၊ စားအုန်းဆီ၊ ဆေးနှင့် ဆေးဝါးပစ္စည်းများ အပါအဝင် အခြေခံ စားသောက်ကုန်များ ဈေးနှုန်းတည်ငြိမ်ရေး ဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြပြီး တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ဝန်ကြီးချုပ်များ၊ ကော်မတီအဖွဲ့ ဝင်များက ပြည်ထောင်စုကုန်ဈေး နှုန်း တည်ငြိမ်ရေးကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက်ပြီးစီးမှု၊ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အခြေခံစားသောက်ကုန် ဈေးနှုန်း များ တည်ငြိမ်စေရေး ဆောင်ရွက်ချက်များ၊ ဆေးနှင့် ဆေးပစ္စည်းများ၊ စက်သုံးဆီ စသည့် အရေးကြီး ကုန်စည်များနှင့် စပ်လျဉ်းပြီး နေ့စဉ် ကြပ်မတ်ဆောင်ရွက် လျက်ရှိသည့် အခြေအနေ၊ တွေ့ကြုံရသည့် အခက်အခဲနှင့် ဆောင်ရွက်သင့်သည့်ကိစ္စရပ်များ ကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စု ကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီ ဥက္ကဋ္ဌက ဆွေးနွေး တင်ပြချက်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍနှင့် ဒေသအလိုက် ကုန်ဈေးနှုန်းတည် ငြိမ်စေရေး ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် လိုအပ်ချက်များ ကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးသည်။

ပြည်ထောင်စု ကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီကို ၂၀၂၃ ခုနှစ် ဩဂုတ် ၁၈ ရက်တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး အခြေခံ စားသောက်ကုန် ပစ္စည်းများဖြစ် သည့် ဆန်၊ စားသုံးဆီ၊ အသား၊ ငါး၊ ဥနှင့် မီးဖိုချောင်သုံး ကုန်ပစ္စည်း များ ဈေးနှုန်းတည်ငြိမ်ရေး၊ ပြည်တွင်း လိုအပ်ချက်နှင့် ထုတ်လုပ်မှုပမာဏ ညီညွတ်မျှတရေး၊ ကုန်စည်စီးဆင်းမှု အဝင် အထွက်မှန်ကန်ရေး၊ ကုန်ဈေးနှုန်း တည်ငြိမ်မှု ပျက်ပြားစေမည့်ကိစ္စ ရပ်များအား ဥပဒေနှင့်အညီ ကြီးကြပ်ရေး လုပ်ငန်းများကို ကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)