မော်လမြိုင်၊ နိုဝင်ဘာ ၄
ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော Grade 11 နှင့် Grade 12 သင်ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းအမှတ်စဉ် (၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်း ယင်းမာခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ၊ ဆရာ၊ ဆရာမများတက်ရောက်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းကမိမိတို့ နိုင်ငံသားတိုင်းအနေဖြင့် ဥပဒေကို သိရှိလိုက်နာရန်လိုအပ်ပြီး ဥပဒေပညာရပ်ကို ကျယ်ပြန့်စွာ သင်ကြားပေးနိုင်ရန် အသိပညာပေးခြင်းသည် အရေးပါသောအခန်းကဏ္ဍတွင် ပါဝင်နေပါကြောင်း၊ ဥပဒေဆိုသည်မှာ နိုင်ငံတစ်နိုင်ငံအတွက် မရှိမဖြစ်လိုအပ်သည့် အရာတစ်ခုဖြစ်သည့်အပြင်မိမိတို့နိုင်ငံအတွင်းနေထိုင်သည့်နိုင်ငံသားများ၊ ပြည်သူများ မဖြစ်မနေသိရှိလိုက်နာ စောင့်ထိန်းကြရမည့် သတ်မှတ်ပြဌာန်းချက်တစ်ရပ်လည်းဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏တာဝန်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ စတင်တာဝန်ယူဆောင်ရွက်သည့်အချိန်မှစ၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး လူမှုစီးပွားဘဝတိုးတက်ဖြစ်ထွန်းစေရေးအတွက် မူဝါဒများချမှတ် အကောင်အထည် ဖော်ဆောင်ရွက်ခြင်း၊ ခေတ်စနစ်နှင့်အညီ လျော်ညီစေမည့် ဥပဒေများ၊ နည်းဥပဒေများ ပြဌာန်းခြင်း၊ ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်း၊ အစားထိုးဖြည့်စွက်ခြင်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့် နိုင်ငံတော်မှပြဌာန်းထားသည့် ဥပဒေများကို သိရှိရုံဖြင့်မရရှိဘဲ ဥပဒေကို လိုက်နာစောင့်ထိန်းကြမှသာလျှင် တရားဥပဒေ စိုးမိုးရေး အားကောင်းလာမည်ဖြစ်ပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်များ တိုးတက်ရှင်သန်စေရေးတွင် အခြေခံပညာ ဆရာ/ဆရာမများ၏ အခန်းကဏ္ဍသည် အလွန်အရေးပါကြောင်း၊ကျောင်းနေ အရွယ်ကလေးများကို မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်လာစေရန်၊ အမျိုးသားရေးစိတ်ဓာတ်များ ကိန်းအောင်းနေစေရန်၊ စည်းကမ်းကောင်းမွန်သည့် လူမျိုးဖြစ်စေရန်၊ သွန်သင်ဆုံးမ နည်းလမ်းပြသပေးကြသည့် ပုဂ္ဂိုလ်များသည် ဆရာ/ဆရာမများဖြစ်၍ အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းကဆိုသည့်ဆောင်ပုဒ်နှင့်အညီ တပည့်များ၏ ဘဝ မတိမ်းစောင်းစေရန်၊ မှန်ကန်တည့်မတ် အောင်မြင်ကြစေရန်၊ စေတနာဖြင့် ပဲ့ပြင်ထိန်းကျောင်းပေးလျက်ရှိကြောင်း၊ ကျောင်းသား/ကျောင်းသူများ ဥပဒေပိုင်းဆိုင်ရာ အသိအမြင်များရရှိနိုင်ရေး ဥပဒေပညာရပ်ကို တက္ကသိုလ်များတွင် သင်ကြားပေးလျက်ရှိသကဲ့သို့ Grade 11 နှင့် Grade 12အတန်းများတွင် ဥပဒေပိုင်းဆိုင်ရာ အခြေခံအသိအမြင်များကို သင်ကြားပို့ချပေးကြရမည်ဖြစ်၍ ကျောင်းသား၊ ကျောင်းသူများအား အခြေခံဥပဒေဆိုင်ရာ အသိပညာများ၊ ဥပဒေဆိုင်ရာအခြေခံ အသိပညာများရရှိစေရန် သင်ကြားပို့ချနိုင်ရေးအတွက် ယခု ကျင်းပသည့် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းတွင် ပို့ချသူများကို အထူးဂရုပြု လေ့လာမှတ်သား နာယူကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ သင်တန်းသား/သင်တန်းသူ ဆရာ/ဆရာမများအနေဖြင့် မိမိတို့၏ စည်းကမ်းရိုသေ၊ အချိန်လေးစား၊ နိုင်ငံတော်အပေါ် သစ္စာစောင့်သိပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော စိတ်ဓာတ်၊ စည်းကမ်း၊ ပညာပြည့်ဝသော နိုင်ငံအကျိုး သယ်ပိုးကြမည့် အနာဂတ် နိုင်ငံ့သားကောင်း၊ သမီးကောင်း ရတနာများ ဖြစ်လာ ကြစေရန် လေ့ကျင့် ပျိုးထောင်ပေးကြရန် တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်လာသော သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ပြီး အဆိုပါ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းတွင် အခြေခံပညာကျောင်းနှင့် ကိုယ်ပိုင်ကျောင်းများမှ ဆရာ၊ ဆရာမ စုစုပေါင်း (၉၈) ဦးတက်ရောက်ကာ သင်တန်းကို နိုဝင်ဘာ ၄ ရက်မှ ၁၄ ရက်နေ့အထိ ရက်သတ္တုနှစ်ပတ်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူ
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment