အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအကယ်ဒမီ၏ (၁၃)ကြိမ်မြောက် ညီလာခံ သို့ မြန်မာအမြဲတမ်းကိုယ်စားလှယ် တက်ရောက်မိန့်ခွန်းပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအကယ်ဒမီ၏ (၁၃)ကြိမ်မြောက် ညီလာခံ သို့ မြန်မာအမြဲတမ်းကိုယ်စားလှယ် တက်ရောက်မိန့်ခွန်းပြောကြား




ဗီယင်နာ၊ နိုဝင်ဘာ ၁

 ဩစတြီးယားနိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အကယ်ဒမီ(IACA) အဖွဲ့ဝင်များ၏ (၁၃)ကြိမ်မြောက်ညီလာခံကို ၃၀-၁၀-၂၀၂၄ ရက်တွင် ဗီယင်နာအပြည်ပြည်ဆိုင်ရာစင်တာ၌ ကျင်းပခဲ့ရာ၊ သဘာပတိအဖြစ် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်ရုံးဝန်ကြီး YB Dato' Sri Azalina binti Othman Said ကဆောင်ရွက်ခဲ့ပြီး မွန်တီနီဂရိုးနိုင်ငံဒုတိယဝန်ကြီးချုပ် အပါအဝင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဌာန အကြီးအကဲများ၊ ဗီယင်နာမြို့အခြေစိုက် အမြဲတမ်းကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ 

အဆိုပါညီလာခံသို့ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာ အဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်း ပါဝင် တက်ရောက်ခဲ့ပြီး အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားမှုကဏ္ဍတွင် မိန့်ခွန်းပြောကြားခဲ့သည်။ 

 မြန်မာအမြဲတမ်းကိုယ်စားလှယ်က မြန်မာနိုင်ငံအနေဖြင့် IACA ၏ လုပ်ငန်းအစီအစဉ် (၂၀၂၅-၂၀၂၈)အား အပြည့်အဝထောက်ခံမှု၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကြိုးပမ်း ဆောင်ရွက်ရာတွင် နိုင်ငံများအားလုံး အထူးသဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအတွက် စွမ်းဆောင်ရည်မြှင့်တင်မှုနှင့် နည်းပညာအကူအညီများ၏အရေးပါမှု၊ IACA ၏အွန်လိုင်းဖြင့် သင်ကြားပို့ချပေးမှုအပါအဝင် မဟာဘွဲ့သင်တန်းများ၊ လေ့ကျင့်ရေးသင်တန်းများအပေါ် တန်ဖိုးထားမှု၊ အဆိုပါသင်တန်းများသို့ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများမှ အဂတိလိုက်စားမှု တိုက်ဖျက်ရေး တာဝန်ရှိသူများအတွက် သက်သာသော သင်တန်းကြေးဖြင့်လည်းကောင်း၊ အခမဲ့အွန်လိုင်းသင်တန်းများအားလည်းကောင်း စီစဉ်ပေးစေလိုမှုတို့ကို ဆွေးနွေးခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်မြှင့်တင်ရေး အလေးထားလျက် လက်ရှိတွင် အဂတိ လိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာစီမံချက် (၂၀၂၂-၂၀၂၅)ကို အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရေး၊ တားဆီးကာကွယ်ရေး၊ ကိုယ်ကျင့် သိက္ခာစံနှုန်းများမြှင့်တင်ရေး၊ ဒေသဆိုင်ရာနှင့် နိုင်ငံတကာ မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို တိုးမြှင့်ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် ပြည်သူ့အသိပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ အခြေခံပညာကျောင်းများအတွက် သင်ရိုးညွှန်းတမ်းစာအုပ်များ၊ တက္ကသိုလ်များအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ကျင့်ဝတ်ဆိုင်ရာသင်ခန်းစာများ ဖြန့်ဝေထားရှိမှု၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် တားဆီးကာကွယ်ရေးဆိုင်ရာ လူငယ်စခန်းများ၊ အသိပညာပေးအစီအစဉ်များ၊ မီဒီယာလှုပ်ရှားမှုများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ပညာရေးစကားဝိုင်းများ ကျင်းပဆောင်ရွက်နေမှု တို့ကို ရှင်းလင်းပြောကြားခဲ့သည်။ 

ထို့နောက် အမြဲတမ်းကိုယ်စားလှယ်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း(UNCAC)၊ သက်ဆိုင်ရာစဉ်ဆက် မပြတ်ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ(SDGs) အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် IACA နှင့် ပူးပေါင်းဆောင်ရွက်သွားမည့် ကတိကဝတ်ကိုလည်း ထပ်လောင်းအတည်ပြုခဲ့သည်။ 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)