မော်လမြိုင်၊ နိုဝင်ဘာ ၃၀
မွန်ပြည်နယ် (၂၀၂၄-၂၀၂၅) ပညာသင်နှစ်၊ အခြေခံပညာအထက်တန်း သိပ္ပံဘာသာရပ်များ အတွက် သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံ သင်တန်း (ပြည်နယ်အဆင့်) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ်(၁၀)အခြေခံပညာအထက်ကျောင်း၊ မြတ်ပန်းမာလာခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သင်ကြား/ သင်ယူမှုလုပ်ငန်းများ ဆောင်ရွက်နေသော ဆရာ/ဆရာမများ အရည်အသွေး မြှင့်တင်စေရေးအတွက် သင်ထောက်ကူလက်တွေ့အသုံးချ သင်ကြားနိုင်စေရန်ရည်ရွယ်ပြီး ပညာရေးဝန်ကြီးဌာနမှ ခွင့်ပြုချက်ဖြင့် အခြေခံပညာဦးစီးဌာနနှင့်အဆင့်မြင့်ပညာဦးစီးဌာနတို့ ပေါင်းစပ်ညှိနှိုင်းကာ သင်တန်းဖွင့်လှစ် ကျင်းပဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ထိုသို့ ဆွေးနွေးပွဲများနှင့်သင်တန်းများ ပို့ချခြင်းအားဖြင့် အခြေခံပညာ ဆရာ/ ဆရာမများ၏ အရည်အသွေး တိုးတက်မြင့်မားလာမည့်အပြင် ကျောင်းသားများ၏ သင်ယူတတ်မြောက်မှု စံနှုန်းများလည်း တိုးတက်မြင့်မားလာမည်ဖြစ်ပါကြောင်း၊ (၂၁)ရာစု၌ သင်ပြသူဆရာသည် Life Long Learner တစ်သက်တာ သင်ယူသူဖြစ်ရုံမျှ သာမက မိမိ၏တပည့်များကိုလည်း တစ်သက်တာ သင်ယူသူအဖြစ် လေ့ကျင့်ပြုစုပျိုးထောင်ပေးလိုက်ရမည့် တာဝန်ဖြစ်သောကြောင့် သင်ယူသူမှန်သမျှ ဘဝတစ်သက်တာလုံးတွင် သင်ယူစရာများ၊ လေ့လာစရာများကို အစဉ်လိုက် ဆက်လက်လေ့လာဆည်းပူး စုဆောင်းနေကြရမှာဖြစ်ကြောင်း၊ သင်တန်းသူဆရာ၊ ဆရာမများသည် ယခုသင်တန်းမှ ပို့ချဆွေးနွေးမှုများကို အားသွန်ခွန်စိုက် နာယူမှတ်သားပြီး မိမိတို့၏တပည့်များအား လက်ဆင့်ကမ်းဖြန့်ဝေပေးရမှာဖြစ်သည့်အတွက် ပေးသောသူနှင့် လက်ခံသူများ အချိတ်အဆက်ထိမိစွာဖြင့် ကြိုးစားဆောင်ရွက် စွမ်းဆောင်ပေးခြင်းဖြင့် စာသင်ခန်းတွင်း၌ မိမိ၏ တပည့်များအတွက် ပူးပေါင်းဆောင်ရွက်တတ်မှု၊ အမိန့်နာခံတတ်မှု၊ မျိုးချစ် စိတ်ဓာတ်ပေါ်ထွန်းလာမှု၊ အများအတွက် ဦးဆောင်နိုင်မှု၊ သင်ရိုးသစ် ဘာသာရပ်များနှင့် သင်ခန်းစာများကို ပြင်ပလုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်မှု၊ စဉ်းစားတွေးခေါ် နိုင်စွမ်းအားများ ရင့်သန်လာမှု၊ ကြောင်းကျိုးဆက်စပ် ဆင်ခြင်တုံတရားများ အသိသတိထားနိုင်မှုစသည့် ထိရောက်သည့် အကျိုးဖြစ်ထွန်းနိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။
ထိုနောက် မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်မြတ်ကျော်စိန်က အခြေခံပညာ အထက်တန်းအဆင့်တွင် သိပ္ပံဘာသာရပ်များအတွက် သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချ၍ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေအားလည်းကောင်း၊ ပြည်နယ်ပညာရေးမှူး ဒေါ်နန့်စယ်လီလှိုင်က သင်တန်းရေးရာ ကိစ္စရပ်များအားလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ သင်ထောက်ကူပစ္စည်းများဖြင့် လက်တွေ့သရုပ်ပြ သင်ကြားပြသနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ဓာတုဗေဒဘာသာ (၃၁၇)ဦး၊ ရူပဗေဒဘာသာ (၃၂၁)ဦး၊ ဇီဝဗေဒဘာသာ (၂၄၄)ဦး စုစုပေါင်း(၈၈၂)ဦး၊ ဓာတုဗေဒဘာသာရပ်အတွက် လက်တွေ့ခန်း(၈)ခန်း၊ ရူပဗေဒဘာသာရပ်အတွက် လက်တွေ့ခန်း(၈) ခန်း၊ ဇီဝဗေဒဘာသာရပ်အတွက် လက်တွေ့ခန်း (၆)ခန်းဖြင့် သင်တန်းနည်းပြများမှ (၁)ခန်းလျှင် (၂)ဦးနှုန်းဖြင့်(၂)ရက်တာ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။
စည်သူ
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment