အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ (၁၈)ကြိမ်မြောက်အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ (၁၈)ကြိမ်မြောက်အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်


နေပြည်တော်၊ နိုဝင်ဘာ ၂၄

စင်ကာပူနိုင်ငံတွင် နိုဝင်ဘာ ၁၉ ရက်မှ ၂၃ ရက်အထိ ကျင်းပသည့် အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ (၁၈) ကြိမ်မြောက် အစည်းအဝေးသို့ အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ မြန်မာနိုင်ငံ၏ အဆင့်မြင့်လုပ်ငန်းအဖွဲ့ခေါင်းဆောင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ဦးဆောင်၍ နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ယင်းအစည်းအဝေးနှင့် ဆက်စပ်၍ အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းနှင့် စပ်လျဉ်းသည့် မဟာဗျူဟာစီမံချက် မူကြမ်းရေးဆွဲရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ပြီး ဆွေးနွေးရန်ကျန်ရှိနေသည့် နယ်ပယ်များကို ဆက်လက်ညှိနှိုင်းဆွေးနွေးခဲ့ရာ ၉၇ ဒသမ ၂ ရာခိုင်နှုန်းအထိ ပြီးစီးခဲ့သည်။

အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ (၁၈) ကြိမ်မြောက်အစည်းအဝေးကို အာဆီယံဥက္ကဋ္ဌဖြစ်သည့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့် အာဆီယံအသိုက်အဝန်း မျှော်မှန်းချက်စာတမ်း ရေးဆွဲရေးဆိုင်ရာ အမြဲတမ်းဦးဆောင်အဖွဲ့ဝင် မလေးရှားနိုင်ငံ၏ အဆင့်မြင့်လုပ်ငန်း အဖွဲ့ခေါင်းဆောင်တို့က ပူးတွဲသဘာပတိအဖြစ်ဆောင်ရွက်ကြပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်လုပ်ငန်းအဖွဲ့ ခေါင်းဆောင်များ၊ အဆင့်မြင့်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ၊ တီမောလက်စတေနိုင်ငံမှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အစည်းအဝေးအတွင်း အဆင့်မြင့် လုပ်ငန်းအဖွဲ့ခေါင်းဆောင်များသည် စင်ကာပူနိုင်ငံ၏ အက်စ်ရာဂျရပ်နမ် နိုင်ငံတကာလေ့လာရေးကျောင်း၊ ယူဆော့အီရှပ် သိပ္ပံနှင့် စင်ကာပူနိုင်ငံတကာရေးရာ သိပ္ပံတို့မှ ကိုယ်စားလှယ်များနှင့် မျက်နှာစုံညီဆွေးနွေးပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ရာ ကိုယ်စားလှယ်များက ၎င်းတို့ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များ၊ အာဆီယံအသိုက်အဝန်း (၂၀၄၅) ရေးဆွဲအကောင်အထည်ဖော်ရာတွင် အကြံပြုချက်များကို တင်ပြကြသည်။ ထို့ပြင် အာဆီယံဒေသတွင်း ကြုံတွေ့နေရသော စိန်ခေါ်မှုများနှင့် ယင်းတို့ကို ရင်ဆိုင်ကျော်လွှားနိုင်ရေးအတွက် ရေးဆွဲလျက်ရှိသည့် ဗျူဟာမြောက် အာဆီယံလုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော်နိုင်ရေးတို့အပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

မြန်မာနိုင်ငံ၏ အဆင့်မြင့်လုပ်ငန်းအဖွဲ့ခေါင်းဆောင်၊  ဒုတိယဝန်ကြီးက အာဆီယံ၏ ထူးခြားသောသဘောသဘာဝအရ “အာဆီယံအချက်အချာကျမှု”ကို ပိုမိုကောင်းမွန်စွာကျင့်သုံးနိုင်ရေးအတွက် အာဆီယံအသိုက်အဝန်း၏ ဘဏ္ဍာရေးဆိုင်ရာ အမှီအခိုကင်းမှုကို ပိုမိုကြိုးပမ်းဆောင်ရွက်ရန် အကြံပြုပါကြောင်း၊ အာဆီယံမျှော်မှန်းချက် ၂၀၄၅ ကို အကောင်အထည်ဖော်ရာတွင် ယနေ့လူငယ်များ၏ ပါဝင်မှုသည် အရေးပါမည်ဖြစ်ပါကြောင်း၊ အာဆီယံအစည်းအဝေးများတွင် အပြုသဘောဆောင်သော ထိတွေ့ဆက်ဆံမှု၊ ပိုမိုပါဝင်ဆောင်ရွက်နိုင်မှုနှင့် တန်းတူညီမျှ ကိုယ်စားပြုမှုတို့လိုအပ်ပါကြောင်း စသဖြင့် ဆွေးနွေးပြောကြားသည်။

လာမည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပရန် စီစဉ်ထားသည့် (၁၉) ကြိမ်မြောက် အစည်းအဝေးတွင် အာဆီယံမဟာဗျူဟာမြောက်လုပ်ငန်းစဉ်များ ဆက်လက်ရေးဆွဲကာ ၂၀၂၅ ခုနှစ်တွင် ကျင်းပမည့် (၄၆) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အချိန်မီအတည်ပြုနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားရန်ရှိကြောင်း သိရသည်။

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)