နေပြည်တော်၊ နိုဝင်ဘာ ၁
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF)ဥက္ကဋ္ဌ ဦးရန်ဝင်းနှင့်အဖွဲ့အား ယမန်နေ့က ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ ချုပ်ဥက္ကဋ္ဌက အဖွဲ့ချုပ်ဖွဲ့စည်းမှု၊ အသင်းအဖွဲ့မှတ်ပုံတင် ရရှိမှု၊ အဖွဲ့ချုပ်အနေဖြင့် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၃ ရက်တွင် ဘေးအန္တရာယ်တုံ့ပြန်ရေးလုပ်ငန်း အဖွဲ့ ဖွဲ့စည်း၍ ရေဘေးအကူအညီ ပေးရေးလုပ်ငန်းများကို နေပြည်တော်၊ တောင်ငူနှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် ဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး နေပြည်တော်ရှိ ရေဘေးသင့်ကျေးရွာများ ပြန်လည်ထူထောင်ရေးတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်လိုသည့် ကိစ္စရပ်များကို တင်ပြဆွေးနွေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကို ဖွဲ့စည်း၍ ညှိနှိုင်းဆောင်ရွက်ပေးနေမှု၊ ရေဘေးကြောင့်ထိခိုက်ပျက်စီးမှုအခြေအနေများ၊ ရေဘေးပြန်လည်ထူထောင်ရေးဆိုင်ရာ နိုင်ငံတော်၏ အစီအမံများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး (Environmental Conservation)နှင့် ဘေးအန္တရာယ်ကြောင့် ထိခိုက် ဆုံးရှုံးနိုင်ခြေလျှော့ချရေး (Disaster Risk Reduction)ဆိုင်ရာ အသိအမြင်များကို မျိုးဆက်သစ်များအနေဖြင့် ငယ်ရွယ်စဉ်ကပင် သိနားလည်ရန်လိုအပ်နေမှုနှင့် ခရီးသွားလုပ်ငန်းအစီအစဉ်များ ဆောင်ရွက်ရာတွင်လည်း ယင်းအသိအမြင်များ တစ်ပါတည်း ပေါင်းစပ်ဆောင်ရွက်ပေးရန်တိုက်တွန်း ပြောကြားသည်။
တွေ့ဆုံပွဲသို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြ ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment