နေပြည်တော်၊ နိုဝင်ဘာ ၂၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သီးနှံစိုက်စွမ်းအား အကောင်းဆုံးမြို့နယ်များနှင့် သီးနှံအလိုက်အထွက်နှုန်းအများဆုံးထွက်ရှိသည့် တောင်သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ၂၇-၁၁-၂၀၂၄ ရက်နေ့က နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်/ခရိုင်/မြို့နယ်အဆင့် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီများ၊ မျိုးစေ့ထုတ်ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ဆုရတောင်သူများ၊ မြို့နယ်များမှ တောင်သူများတက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေးအတွက် မူလစိုက်ပျိုးမွေးမြူရေးလုပ်ငန်းသာမက ခေတ်မီစိုက်ပျိုးမွေးမြူရေးနည်းစနစ်များဖြင့် အစာအဟာရထုတ်လုပ်ခြင်းများကို တီထွင်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ သမဝါယမအသင်းများဖွဲ့စည်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များကိုအခြေခံသည့် စက်ရုံ၊ အလုပ်ရုံများ တည်ထောင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နေပြည်တော်အတွင်း ဒေသထွက်ကုန်ကြမ်းများနှင့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် အရင်းအနှီး၊ နည်းပညာနှင့် အခြားလိုအပ်သည်များကို ထောက်ပံ့အားပေး ကူညီလျက်ရှိပါကြောင်း၊ ပြည်သူအားလုံး စားရေရိက္ခာဖူလုံရေးအတွက် ပြည်တွင်းထုတ်လုပ်မှု မြှင့်တင်ဆောင်ရွက်ရေးကို အထူးအလေးပေးဆောင်ရွက်ကြစေလိုကြောင်း၊ ပြည်ပဈေးကွက်ဝင်သည့် ထုတ်ကုန်များ တိုးတက်ထုတ်လုပ်ခြင်းဖြင့် နိုင်ငံခြားသုံးငွေ လျှော့ချနိုင်ရေးနှင့် ဝင်ငွေပိုမိုရရှိရေး အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နိုင်ငံ့စီးပွား တိုးတက်မြင့်မားလာမည်ဆိုပါက ပြည်သူတို့၏ လူမှုစီးပွားဘဝများလည်း မြင့်မားတိုးတက်လာသကဲ့သို့ နိုင်ငံတော်၏ စီးပွားရေးမူဝါဒ မျှော်မှန်းချက်များနှင့်အညီ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်စေရေးအတွက် ပန်းတိုင်အထွက်နှုန်းပြည့်မီရေး၊ သီးထပ်စွမ်းအားမြှင့်တင်ရေး၊ စိုက်ဧကတိုးချဲ့ရေးကို အလေးထား ကြိုးပမ်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေအတွက် ရေအရင်းအမြစ်များရရှိရေး၊ ရေရရှိရေးနည်းလမ်းများ ရှာဖွေဆောင်ရွက်ခြင်းနှင့် ရေအရင်းအမြစ်များကို မှန်မှန်ကန်ကန် အကျိုးရှိရှိ အသုံးချနိုင်ရေး ဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း၊ တောင်သူများအနေဖြင့် ပြည်ပပို့ကုန် သီးနှံများအပြင် ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရန် လိုအပ်ကြောင်း၊ ကောက်ရိုးကို ပျော့ဖတ်မှစက္ကူလုပ်၍ရခြင်း၊ တိရစ္ဆာန်အစားအစာလုပ်၍ရခြင်းတို့ကြောင့် ကောက်ရိုးနှင့် ရိုးပြတ်မီးရှို့ခြင်းများကို မပြုလုပ်ရန်အတွက် ပညာပေးခြင်းနှင့် တားဆီးခြင်းတို့ကို သက်ဆိုင်ရာဌာနများမှ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ တောင်သူများအနေဖြင့် လိုက်နာဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ နေပြည်တော်တွင်အဓိက သီးနှံ ၁၀ မျိုးအပြင် သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး မျိုးစေ့ထုတ်လုပ်ငန်းရှင်များအနေဖြင့် သီးနှံစိုက်စွမ်းအား အပြည့်အဝစိုက်ပျိုးဆောင်ရွက်နိုင်ရေး၊ ပြည်တွင်းစားနပ် ရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးတောင်သူများ လိုအပ်လျက်ရှိသည့် မျိုးကောင်းမျိုးသန့် များရရှိအောင်ထုတ်လုပ်ခြင်း၊ နည်းပညာမျှဝေခြင်းတို့အား ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ နေပြည်တော်၏ ရေ၊ မြေ အခြေအနေနှင့်ကိုက်ညီမည့် သီးနှံပုံစံ Cropping Pattern အရ စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် သီးနှံများအား လျာထားချက်ပြည့်မီအောင် စိုက်ပျိုးခြင်း၊ သီးထပ်အပြည့်အဝစိုက်ပျိုးခြင်းတို့ကို အလေးထားဆောင်ရွက်နိုင်ရေး၊ ပန်းတိုင်အထွက်နှုန်း အတိုင်းထွက်ရှိစေရေး၊ စိုက်ပျိုးမှုများ တိုးတက် စေရေးတို့အတွက် တောင်သူများကို စဉ်ဆက်မပြတ် အားပေးဆောင်ရွက်ခြင်းများကို ဆောင်ရွက် လျက်ရှိပါကြောင်း၊ စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး သက်ဆိုင်ရာတာဝန်ရှိသူများ၊ မျိုးစေ့ထုတ် ကုမ္ပဏီ/ လုပ်ငန်းရှင်များနှင့် တောင်သူများအနေဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အားသွန်ခွန်စိုက် ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် နောင်တွင်လည်း သီးနှံစိုက်ခြင်းနှင့် စပ်လျဉ်းသည့် ပြိုင်ပွဲများ၊ သီးထပ်စွမ်းအား တိုးတက်ရန်အတွက် သီးထပ်စွမ်းအားနှင့် စပ်လျဉ်းသည့်ပြိုင်ပွဲများကို ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးစိုးနိုင်က သီးနှံစိုက်စွမ်းအား၊ သီးနှံအထွက်နှုန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်နည်းလမ်းများ၊ သီးနှံစိုက်စွမ်းအား အကောင်း ဆုံးမြို့နယ်ဆုနှင့် သီးနှံအလိုက်အထွက်နှုန်းအများဆုံးထွက်ရှိသည့် တောင်သူဆုရွေးချယ်မှုများနှင့် စပ်လျဉ်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက သီးနှံစိုက်စွမ်းအား အကောင်းဆုံးမြို့နယ် ပထမဆုရရှိသည့် ဇေယျာသီရိမြို့နယ်၊ ဒုတိယဆုရရှိသည့် ပျဉ်းမနားမြို့နယ်၊ တတိယဆုရရှိသည့် လယ်ဝေးမြို့နယ်၊ နှစ်သိမ့်ဆုရရှိသည့် ဇမ္ဗူသီရီမြို့နယ်များနှင့် မိုးစပါးသီးနှံ အထွက်နှုန်း အများဆုံး ပထမဆုရ ဒက္ခိဏသီရိမြို့နယ်၊ ထန်းတပင်အုပ်စုမှ တောင်သူ ဦးမောင်လွင်၊ ဒုတိယဆုရ ဒက္ခိဏသီရိမြို့နယ်၊ ရွာမကျေးရွာအုပ်စုမှ တောင်သူ ဦးဇော်ဇော်၊ တတိယဆုရ ဇေယျာသီရိမြို့နယ်၊ မအူတောကျေးရွာအုပ်စုမှ တောင်သူ ဦးဇော်ထွန်းဦးတို့အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်များနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်တို့က သီးနှံအလိုက် အထွက်နှုန်းအများဆုံးထွက်ရှိသည့် တောင်သူများအား ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြရာ ဆုတောင်သူများကိုယ်စာ တောင်သူ ဦးမောင်လွင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက သီးနှံစိုက်စွမ်းအား အကောင်းဆုံးမြို့နယ်ဆုရရှိသည့် မြို့နယ်များနှင့် သီးနှံအလိုက် အထွက်နှုန်းအများဆုံးထွက်ရှိသည့် တောင်သူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တက်ရောက်လာကြသည့် တောင်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment