ကန်ကြီးထောင့်၊ နိုဝင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါး စံကွက်ရိတ်သိမ်းပွဲအား ယမန်နေ့ နံနက်ပိုင်းက ကွင်းယားအရှေ့အုပ်စု၊ ကွင်းယားကြီးကျေးရွာတွင် ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက တက်ရောက်ကြည့်ရှုခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင် မောင်ဝင်းဦးဆောင်သော အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများသည် ကွင်းယားအရှေ့ကျေးရွာအုပ်စု၊ ကွင်းယားကြီးကျေးရွာရှိ ကွင်းအမှတ် ၁၈၆ဂ၊ ဦးပိုင်အမှတ် ၄/စ၊ တောင်သူ ဒေါ်သီတာ၏ မိုးစပါးစိုက်လယ်ဧက ၈ ဧကရှိ ဆင်းသုခစပါမျိုးများအား ရိတ်သိမ်းခြွေလေ့စက်ဖြင့် ရိတ်သိမ်းနေမှုအခြေအနေများအားကြည့်ရှုခဲ့ကြပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က တောင်သူများနှင့်တွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့သည်။
ထိုသို့ကြည့်ရှုရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းနိုင်စိုးတို့က လိုက်လံရှင်းလင်းပြသခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။ အဆိုပါ စပါးများရိတ်သိမ်းရာတွင် တစ်ဧကလျှင် အစို ၁၂၄.၀၆ တင်း၊ အခြောက် ၁၁၉.၀၉ တင်းထွက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကျော်ဇင်စိုး
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment