အာလူးမျိုးများကို မျိုးပွားစမ်းသပ်ထုတ်လုပ်ပြီး ဒေသခံတောင်သူများသို့ ၂၀၂၅ ခုနှစ် မေလတွင် စတင်ဖြန့်ဝေစိုက်ပျိုးစေမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အာလူးမျိုးများကို မျိုးပွားစမ်းသပ်ထုတ်လုပ်ပြီး ဒေသခံတောင်သူများသို့ ၂၀၂၅ ခုနှစ် မေလတွင် စတင်ဖြန့်ဝေစိုက်ပျိုးစေမည်


နေပြည်တော်၊ နိုဝင်ဘာ ၂

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယမန်နေ့က ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်နှင့်အတူ ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နောင်တရားမြို့ရှိ နောင်တရား အာလူးစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းက ဆောင်ရွက်နေသော တစ်သျှူးကာချာ မျိုးပွားခြံသို့ သွားရောက်၍ အဆင့်(၂)သို့ ရောက်ရှိနေပြီဖြစ်သော နယ်သာလန် Markies မျိုး ၄၈ ရက်သား အာလူး တစ်သျှူးကာချာစိုက်ခင်းကို ကြည့်ရှုလေ့လာသည်။

အဆိုပါ အာလူးမျိုးများကို လုပ်ငန်းစဉ်အတိုင်း အဆင့် (၃) အထိ ဆက်လက်မျိုးပွားစမ်းသပ် ထုတ်လုပ်ပြီး ဒေသခံတောင်သူများသို့ ၂၀၂၅ ခုနှစ် မေလတွင် စတင်ဖြန့်ဝေစိုက်ပျိုးစေမည် ဖြစ်သည်။ အဆိုပါမျိုးပွားခြံတွင် နိုင်ငံတော်အကြီးအကဲ၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံခရီးစဉ်တွင် လက်ဆောင်ရရှိခဲ့သော အာလူးမျိုးကိုလည်း တစ်သျှူးကာချာနည်းဖြင့် မျိုးပွားထုတ်လုပ်လျက်ရှိရာ ယခုအခါ အဆင့် (၁) အောင်မြင်သွားပြီဖြစ်၍ ရိတ်သိမ်းပြီး အဆင့် (၂) သို့ မြေချစိုက်ပျိုးနိုင်ရေးအတွက် အအေးခန်းတွင် ရက်ပေါင်း ၁၂၀ သိုလှောင်သိမ်းဆည်းထားလျက် ရှိသည်။

ထိုမှတစ်ဆင့် ပင်လောင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၏ မိုးလုံလေလုံအားကစား ခန်းမသို့သွားရောက်၍ ၂၀၂၅ ခုနှစ် အမျိုးသား အားကစားပွဲတော်တွင် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကိုယ်စားပြုပါဝင်ယှဉ်ပြိုင်မည့် အမျိုးသမီးဘော်လီဘောအသင်းမှ အားကစားသမားများ လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးပြီး အားကစားသမားများ၊ အသင်းနည်းပြများ၊ အုပ်ချုပ်သူများကို ထောက်ပံ့ငွေများ၊ အင်အားဖြည့်အစားအစာနှင့် အချိုရည်များ ပေးအပ်ကြသည်။

ယင်းနောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဝန်ထမ်းများ၏တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးကာ ဝန်ထမ်း များအတွက် ဆန်၊ ဆီနှင့်ထောက်ပံ့ပစ္စည်းများပေးအပ်သည်။

ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ တန်ဖိုးမြင့်ထုတ်ကုန်နည်းပညာများ ပံ့ပိုးပေးထားသော ထူးမြတ်သဘာဝဒေသထွက်ကုန် လက်ဖက်စိုရောင်းဝယ်ရေးလုပ်ငန်းနှင့် ရွှေရွက်စိမ်းလက်ဖက်စို၊ လက်ဖက်ခြောက်ပွဲရုံတို့ကို ကြည့်ရှုစစ်ဆေးသည်။ အဆိုပါ လုပ်ငန်းရှင်များအတွက် လုပ်ငန်းသုံးပစ္စည်းများဖြစ်သော လက်ဖက်စိုလှိမ့်စက်နှင့် အိတ်ပိတ်စက်များကို အသေးစားကုန်ထုတ် လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ကူညီပံ့ပိုးပေး ထားခြင်းဖြစ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)