ထာဝရငြိမ်းချမ်းရေးစေတီတော် သို့ ဘုရားဖူးတစ်ခေါက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထာဝရငြိမ်းချမ်းရေးစေတီတော် သို့ ဘုရားဖူးတစ်ခေါက်










ထာဝရ ငြိမ်းချမ်းရေးစေတီတော်ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မှာ တည်ထား ပူဇော်ခဲ့ပါတယ်။ စာရေးသူအနေနဲ့ တခေါက်တခါမှ မရောက်ဖြစ်တာကြောင့် ထာဝရငြိမ်းချမ်းရေးစေတီတော်ရဲ့ ထူးခြားမှု အခြေအနေမျာကို သိရှိလေ့လာ မှတ်သားနိုင်ရန် သွားရောက်ဖူးမျှော်ဖြစ်ခဲ့ပါတယ်။ စေတီတော်တည်ထားပူဇော်ခဲ့တဲ့ မှတ်တမ်းများကို ပြန်လည်လေ့လာကြည့်ရာမှာတော့ ၁၃၈၀ ပြည့်နှစ်၊ ကဆုန်လပြည့်ကျော် (၁၁)ရက် (၁၀-၅-၂၀၁၈) ရက်နေ့မှာ စတင်တည်ဆောင်ခဲ့ပြီး ၁၃၈၁ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)(၁၁-၁၁-၂၀၁၉) မှာ ရွှေထီးတော် တင်လှူပူဇော်ခဲ့ကြောင်း သိရပါတယ်။

ထာဝရငြိမ်းချမ်းရေးစေတီတော်အကြောင်း အများပြည်သူကြားမှာ တိမ်မြုပ်ပျောက်ကွယ်သလို ဖြစ်နေတာကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ လက်ထက်မှာ ထာဝရငြိမ်းချမ်းရေးစေတီတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများကို သိရှိလိုတာကြောင့်လည်း သွားရောက် ဖူးမျှော်ဖြစ်ခဲ့ခြင်းပါ။

စေတီတော်တည်ထားပူဇော်ပြီး ၁၃၈၆ခု၊ တန်ဆောင်မုန်းလပြည့် (၁၅-၁၁-၂၀၂၄) ရက်နေ့ ထာဝရငြိမ်းချမ်းရေးစေတီတော်မှာ ထီးတော်တင်လှူပူဇော်ခဲ့တဲ့ (၅)မြောက် နေ့လည်း ဖြစ်ပါတယ်။ စေတီတော် ပရဝုဏ်အတွင်းကို ရောက်ရှိသွားချိန်မှာ လုံခြုံရေးအတွက် စနစ်တကျ ဆောင်ရွက်ထားသလို ဘုရားဖူး ပြည်သူများရဲ့ ကား၊ ဆိုင်ကယ်များ စနစ်တကျ ထားနိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးထားတာကိုလည်း တွေ့မြင်ရပါတယ်။ ဘုရားရင်ပြည်တော်ပေါ်မှာလည်း တန်ဆောင်မုန်းလပြည့်နေ့ည ဆီမီး ၁၀၀၀၀ ထွန်းညှိပူဇော်ဖို့ ပြင်ဆင်ဆောင်ရွက်နေကြတာကို တွေ့မြင်ရပါတယ်။

ထာဝရငြိမ်းချမ်းရေးစေတီတော်မှာ ရွှေထီးတော်တင်လှူပူဇော်ခဲ့ပြီး ဖြစ်ပေမယ့်လည်း ဘုရားပရဝုဏ်အတွင်းမှာ တည်ဆောက်ရေး လုပ်ငန်းတွေ က (၁၀၀) ရာခိုင်နှုန်း ပြီးမြောက်ခြင်း မရှိသေးပါဘူး။ စုံစမ်းမေးမြန်း လေ့လာကြည့်တဲ့အခါမှာတော့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလမှ ထာဝရငြိမ်းချမ်းရေးစေတီတော် ဂေါပကအဖွဲ့ကို ပြန်လည်ဖွဲ့စည်းပေးခဲ့ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ ဂေါပကအဖွဲ့ ပြန်လည်ဖွဲ့စည်းပြီး ဘက်စုံဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ရာမှာ ဘုရားဖူးပြည်သူများအတွက် ကားပါကင်၊ ဈေးဆိုင်တန်း၊ ရေသန့်စက် အစရှိသည်တို့ကို ဆောင်ရွက်ပေးထားပြီး ဖြစ်တာကို တွေ့ရပါတယ်။ 

စေတီတော်ရဲ့ အနောက်ဘက်မှာ ဂြိုလ်ပြေနံပြေ ဗောဓိပင် စိုက်ပျိုးထားပြီး ဖြစ်သလို ဘုရားပရဝုဏ်အတွင်း သစ်ပင် ပန်းမန်များ ဖြည့်တင်း စိုက်ပျိုးထားရှိတာကိုလည်း တွေ့မြင်ရပါတယ်။ ထာဝရငြိမ်းချမ်းရေး သာသနာ့ဗိမာန်တော်ကြီး အတွင်းမှာလည်း ယခင်က ရုပ်ပွားဆင်းထုတော် တစ်ဆူသာ ရှိခဲ့ရာက အလှူရှင်များရဲ့ လှူဒါန်းမှုနဲ့ ရုပ်ပွားဆင်းတုတော်များ ထပ်တိုးပူဇော်ထားတာကို တွေ့မြင်ခဲ့ရပါတယ်။

ထာဝရငြိမ်းချမ်းရေးစေတီတော်ရဲ့ ထူးခြားချက်အနေနဲ့ စေတီတော်ရင်ပြင်မှာ ငြိမ်းချမ်းရေးတံခွန်တိုင်၊ အာရုံခံ တန်ဆောင်း သုံးဆောင်၊ ခေါင်းလောင်းတော် ၂လုံး၊ မင်္ဂလာမောင်တော်၊ နတ်မင်းကြီး ၄ပါးနှင့် ကျောက်ထီးတော်တို့ကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ စေတီတော် ရင်ပြည်ကို ၂ပေပတ်လည် စကျင်ကျောက်ပြားများ ခင်းထားပါတယ်။ ရင်ပြင်တော်တံတိုင်းမှာတော့ တိုင်းရင်းသားပေါင်းစုံတို့၏ ရိုးရာအသုံးအဆောင်ပုံများ၊ မြန်မာ့ဓလေ့ ကျေးလက်ပုံများ၊ မြို့ပြပုံစံများ၊ သစ်သီးပန်းမန်ပေါင်းစုံပုံစံများ၊ ယာဉ်အမျိုးမျိုး၏ ပုံစံများ၊ တောင်သူလယ်သမားများ၏ လုပ်ငန်းသုံးပစ္စည်းပုံစံများဖြင့် သရုပ်ပြ ပုံဖော်ထားပါတယ်။

စေတီတော် ဝင်ပေါက်များမှာတော့ အောင်ခြင်းရှစ်ပါး သရုပ်ပြပုံများကို စကျင်ကျောက်သားနဲ့ မြန်မာမှု၊ မြန်မာ့ဟန် ရုပ်လုံးရုပ်ကြွများ ထွင်းထုပူဇော်ထားတာကို တွေ့မြင်ရပါတယ်။ အောင်ခြင်းရှစ်ပါးနဲ့ ပတ်သက်ပြီး ရှင်းလင်းပြဆို ရေသားထားတာကိုလည်း တွေ့မြင်ရပါတယ်။ စေတီတော်လှိုင်အတွင်း ဗဟိုမဏ္ဍိုင်မှာ စကျင်ဗုဒ္ဓရုပ်ပွားတော်လေးဆူကို ကြည်ညိုဖွယ်ရာ သပ္ပာယ်စွာဖြင့် ထုဆစ်ပူဇော်ထားရာမှာ အရှေ့ဘက်မှာ ထိုင်တော်မူ ဘူမိဖဿမုဒြာ ဗုဒ္ဓရုပ်ပွားတော်၊ တောင်အရပ်မှာ ရပ်တော်မူ ဓမ္မစက္ကမုဒြာ ဗုဒ္ဓရုပ်ပွားတော်၊ အနောက်ဘက်မှာ ထိုင်တော်မူ ဝရဒမုဒြာ ဗုဒ္ဓရုပ်ပွားတော်၊ မြောက်အရပ်မှာ ရပ်တော်မူ အဘယမုဒြာ ဗုဒ္ဓရုပ်ပွားတော်များကို ဖူးမျှော်ကြည်ညို ခဲ့ရပါတယ်။ စေတီတော်ရင်ပြည်ကို တက်တဲ့ မုခ်ဦးလှေကားလေးစင်းမှာတော့ အရှေ့ဘက်မုခ်ဦးမှာ ရွှေဥဒေါင်းမင်းပုံတော်၊ တောင်ဘက်မုခ်ဦးမှာ ရွှေဟင်္သာမင်းပုံတော်၊ အနောက်ဘက်မုခ်ဦးမှာ နဂါးမင်းပုံတော်၊ မြောက်ဘက်မုခ်ဦးမှာ ရွှေငုံးမင်းပုံတော်များနဲ့ ထူးခြားတင့်တယ်စွာ် ပုံဖော်ထားပါတယ်။

စာရေးသူ သွားရောက်ဖူးမျှော်တဲ့ နေ့ဟာ တန်ဆောင်မုန်းလပြည့်နေ့ ဖြစ်တာကြောင့် ဘုရားဖူးပြည်သူများ လာရောက်ဖူးမျှော်နေကြတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ ဆီမီး ၁၀၀၀၀ ထွန်းညှိပူဇော်ပြီး ဘုရားဖူးပြည်သူများကို မယ်ဇလီဖူးသုတ်၊ နန်းကြီးသုတ်၊ အအေး စတုဒီသာကျွေးဖို့ စီစဉ်ထားတာကို သိရပါတယ်။ မီးပုံပျံများ လွှတ်တင်ပူဇော်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

ဖြတ်သွား ဖြတ်လာ ရှိပေမယ့် စေတီတော်အတွင်းကို တခေါက်မှာ ဝင်ရောက်ဖူးမျှော်နိုင်ခဲ့ခြင်း မရှိပါဘူး။ တန်ဆောင်မုန်းလပြည့်နေ့၊ နေ့ထူးနေ့မြတ်မှာတော့ အကြောင်းတိုက်ဆိုင်လို့ ထာဝရငြိမ်းချမ်းရေးစေတီတော် ကို ဝင်ရောက် ဖူးမျှော်ဖြစ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ လက်ထက်မှာ ထာဝရငြိမ်းချမ်းရေးစေတီတော် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိတဲ့ အခြေအနေကို တွေ့မြင် သိရှိခဲ့ရပါတယ်။ 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မှာ ကို လာရောက်လည်ပတ်ကြတဲ့ အနယ်နယ်အရပ်ရပ်က ခရီးသွားပြည်သူများအနေနဲ့ ပြည်ထောင်စုနယ်မြေမှာ ထင်ရှားတဲ့ စေတီတော်များ၊ ရုပ်ပွားတော်များစွာထဲက ထာဝရ ငြိမ်းချမ်းရေးစေတီတော်သည်လည်း လာရောက်ဖူးမျှော် လည်ပတ်နိုင်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမျှော်ကြည်ညိုနိုင်ဖို့ သစ်ပင် ပန်းမန်များ တိုးချဲ့စိုက်ပျိုးလျက်ရှိသလို ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် လုပ်ဆောင်နေသည်ကို တွေ့မြင်ခဲ့ရပါကြောင်း ထာဝရငြိမ်းချမ်းရေးစေတီတော် သို့ သွားရောက်ဖူမျှော်ခဲ့ရပုံကို ရေးသားပူဇော်လိုက်ရပါတယ်။


နောင်တော်လေး (ဘိုကလေး)

Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)