နေပြည်တော်၊ နိုဝင်ဘာ ၁၆
၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၁ ရက်မှ ၁၅ ရက်အထိ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပသည့် တရုတ် - မြန်မာ ယဉ်ကျေးမှုဖလှယ်ရေး ရက်သတ္တပတ်လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားနှင့် (၄)ကြိမ်မြောက် Twin City မီဒီယာဖိုရမ်သို့ တက်ရောက်ခဲ့သော ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေ၊ ယူနန်ပြည်နယ် ကောင်စစ်ဝန် ဦးသွင်ထက်လင်းနှင့် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၁၃ ရက်မှစ၍ လေ့လာရေးခရီးစဉ်သွားရောက်ရာ ယမန်နေ့က ချူရှုံ့ပြည်နယ်ခွဲရှိ ရွှမ်းပေါ်ခရိုင် မီဒီယာစင်တာ၊ ချားမူ သဘာဝအပန်းဖြေပန်းဥယျာဉ် ၊ ရင်ပြင်၊ ချုံရှု့မြို့ရှိ တရုတ်-ယွီ တိုင်းသားရိုးရာ ချည်ထိုးလုပ်ငန်းစင်တာနှင့် ကူမင်းမြို့ရှိ ထရန်းချီတောင်ပေါ်ရေကန် အပန်းဖြေကမ်းခြေများသို့ သွားရောက်လေ့လာကြသည်။
ရှေးဦးစွာ ရွှမ်းပေါ်ခရိုင် မီဒီယာစင်တာသို့ ရောက်ရှိကြရာ ၎င်းတွင် ၂၀၁၈ ခုနှစ်မှစ၍ အင်တာနက်အသုံးပြု၍ Online New Media စင်တာတည်ထောင်ပြီး ထုတ်လွှင့်ခဲ့သည့်အပြင် အခြားလူမှုမီဒီယာများမှလည်း ဖြန့်ခွဲလွှင့်တင်နေမှု၊ စတူဒီယိုတစ်ခန်းတည်းဖြင့် ဆက်တင်သုံးနေရာ ပြုလုပ်ထားရှိကာ စီစဉ်ရိုက်ကူးထုတ်လွှင့်နေမှု၊ သတင်းရယူစိစစ်တည်းဖြတ်မှု လုပ်ငန်းစဉ်အတိုင်း မီဒီယာကျင့်ဝတ်လိုက်နာလုပ်ဆောင်နေမှု၊ သတင်းအကြောင်းအရာများအလိုက် ပြည်သူများ ကြည့်ရှုမှုအရေအတွက်ကို စောင့်ကြည့်စုစည်း၍ စိစစ်ရွေးချယ်အသုံးပြုမှုလုပ်ငန်းစဉ်အား Software ဖြင့် စနစ်တကျ ရေးဆွဲဆောင်ရွက်နေမှုတို့ကို ကြည်ရှုလေ့လာကြပြီး မေးမြန်းခြင်း၊ ဖြည့်စွက်ဆွေးနွေးပြောကြားခြင်းများ ဆောင်ရွက်ကာ ပြည်ထောင်စုဝန်ကြီး၊ သံအမတ်ကြီးနှင့်မီဒီယာ စင်တာမှတာဝန်ရှိသူများသည် အမှတ်တရပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။
ဆက်လက်၍ ရွှမ်းပေါ်ခရိုင် ချားမူ သဘာဝအပန်းဖြေရင်ပြင်/ပန်းဥယျာဉ်သို့ ရောက်ရှိကြရာ ၎င်းနေရာရှိ သဘာဝတောတောင်၊ သစ်ပင်/ပန်းပင်များနှင့် ရေကန်များကို စုဖွဲ့ထိန်းသိမ်းပြီး မြေစတုရန်းမီတာ ၆၀၀၀ ခန့်တွင် ကွန်ကရစ်ရင်ပြင်၊ လမ်းနှင့်တံတားများ တည်ဆောက်၍ ပြည်သူလူထုအပန်းဖြေနိုင်ရန် စီစဉ်ထားရှိမှု၊ ရွှမ်းပေါ်ခရိုင်ရှိ တောတောင်သစ်တောများတွင် ဒေါင်းစိမ်း ဒေသမျိုးရင်းကောင်ရေ ၃၀၀ ခန့်ကို သဘာဝအလျောက် ထိန်းသိမ်းထားရှိရာ ကမ္ဘာ့လက်ရှိ ဒေါင်းကောင်ရေ ၆၀၀ ခန့် ထိန်းသိမ်းထားရှိမှုအနက် တစ်ဝက်ခန့်ကို ထိန်းသိမ်းစောင့်ရှောက်ထားနိုင်မှု အခြေအနေများကို ဓာတ်ပုံများဖြင့် ခင်းကျင်းပြသထားမှုနှင့် ဒေသထွက်ကုန်များ ခင်းကျင်းပြသထားမှုတို့ကို လိုက်လံကြည့်ရှုလေ့လာကြသည်။
ထို့နောက် တရုတ်-ယွီ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့က ရိုးရာတူရိယာများဖြင့် သီဆိုတီးမှုတ်၍ ကပြတင်ဆက်မှုကိုလည်းကောင်း၊ ကလေးငယ်နှစ်ဖွဲ့က ရိုးရာကျားသစ်အကနှင့် တူရိယာများတီးခတ်၍ ကပြတင်ဆက်မှုတို့ကိုလည်းကောင်း ကြည့်ရှုအားပေးကြပြီး ကလေးငယ်များအား စားသောက်ဖွယ်ရာများ ပေးဝေကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ချူရှုံ့မြို့ရှိ တရုတ်-ယွီ တိုင်းရင်းသားရိုးရာ ဒစ်ဂျစ်တယ်ချည်ထိုးလုပ်ငန်းစင်တာသို့ သွားရောက်ကြပြီး ၎င်းလုပ်ငန်းစုကို ၂၀၂၂ ခုနှစ်က အလုပ်ရုံ ၁၃ စုဖြင့်စတင်ခဲ့ရာမှ ယခုနှစ်တွင် အလုပ်ရုံပေါင်း ၅၀၀ ကျော်အထိ တိုးတက်လာသကဲ့သို့ ဝင်ငွေရရှိမှုလည်း တိုးတက်မြင့်မားလာရာ ယခုအခါ “နေအိမ်တိုင်းမှာ ချည်ထိုးငွေရှာ’’ အဆိုဖြစ်လာကြောင်း၊ ၎င်းတို့အား ရှန်ဟိုင်းမှ ကုမ္ပဏီကြီးများက အဓိက ကူညီမတည်ဖြည့်ဆည်းပေးပြီး ဈေးကွက်မြှင်တင်ပေးခဲ့ရာ ၎င်းတို့ချည်ထိုးပုံစံနှင့် အဝတ်အထည် အမျိုးအစား၊ ဒီဇိုင်းတို့အား ရှန်ဟိုင်း၊ ပေကျင်းတို့မှတစ်ဆင့် ပဲရစ်၊ မီလန်ပြပွဲများအထိ ထိုးဖောက်နိုင်ပြီဖြစ်ကြောင်းသိရပြီး ဒီဇိုင်းပုံစံ၊ အဝတ်အထည်များ၊ မှတ်တမ်းဓာတ်ပုံများ၊ လက်တွေ့ ချည်ထိုးပြသခြင်းတို့ကို လှည့်လည်ကြည့်ရှုကြသည်။
ယင်းနောက် တရုတ်-ယွီ တိုင်းရင်းသား၊ တိုင်းရင်းသူမော်ဒယ်များက ၎င်းတို့ရိုးရာကို ဆန်းသစ်ထားသော ချည်ထိုးဝတ်စုံများဖြင့်ဝတ်ဆင်ပြီး ပြသတင်ဆက်ကြရာ မြန်မာ့ရုပ်မြင်သံကြားမှ ယိမ်းအဖွဲ့က “မလေးလက်ခတ်သံ” တေးသီချင်းဖြင့်လည်းကောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ယိမ်းအဖွဲ့က “လှမ်းခဲ့ပေါ့ မန္တလာမြေ” ယိမ်းအက ဖြင့်လည်းကောင်း ပါဝင်ကပြ ဖျော်ဖြေတင်ဆက်ကြသည်။
ညနေပိုင်းတွင် ကူမင်းမြို့ရှိ ထရန်းချီ တောင်ပေါ်ရေကန် အပန်းဖြေကမ်းခြေတွင် ပြည်တွင်း/ပြည်ပ ခရီးသွားများ လမ်းလျှောက်ခြင်း၊ မော်တော်စီးခြင်း၊ ကောင်းကင်ဓာတ်ရထားစီးခြင်းတို့ဖြင့် လာရောက်အပန်းဖြေလေ့လာနေမှု၊ ယင်းတောင်ပေါ်ရေကန်သို့ သဘာဝဆောင်းခိုစင်ရော်ငှက်များ ရောက်ရှိနေမှုနှင့် ခရီးသွားလည်ပတ်သူများက ငှက်စာကျွေးမှုတို့ကို ကြည့်ရှုလေ့လာကြသည်။
အဆိုပါ ထရန်းချီ တောင်ပေါ်ရေကန်အား ‘‘တောင်ပေါ်ကုန်းမြင့်ဒေသတွင် မြှုပ်ထားသော တောက်ပသည့် ပုလဲ’’ ဟု တင်စားခေါ်ဆိုကြကြောင်း၊ ပေကျင်းမြို့ကြီးရှိ နွေရာသီနန်းတော်နှင့် ယှဉ်တွဲနေသည့် ရေကန်ပုံစံကို အတုယူတည်ဆောက်ထားခြင်းဖြစ်ကြောင်း၊ အဆိုပါရေကန်မှာ မြောက်မှတောင်သို့ ကီလိုမီတာ ၄၀ ရှည်လျားကာ ၁၂.၅ ကီလိုမီတာ ကျယ်ဝန်းပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၁၈၈၆ မီတာတွင်တည်ရှိကြောင်း၊ ရေကာတာ နှစ်ခုဖြင့် အပိုင်းနှစ်ပိုင်းခွဲထားပြီး ကန်၏ မြောက်ဘက်စွန်းကို ချောင်ဟိုင်၊ တောင်ဘက်စွန်းကို ဝေဟိုင် ဟုခေါ်ဆိုကြောင်း၊ ယူနန်ပြည်နယ်ရှိ အခြားရေကန်များနည်းတူ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရာတွင် အရေးပါသည့် ရေကန်တစ်ခုဖြစ်ကြောင်း သိရသည်။
ယမန်နေ့က ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကူမင်းလေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ကြရာ ညနေပိုင်းတွင် ရန်ကုန်မြိုသို့ ပြန်လည်ရောက်ရှိကြသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment