ရန်ကုန်တန်ဆောင်တိုင်စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော် နောက်ဆုံးနေ့တွင် အပန်းဖြေလာရောက်လည်ပတ်ကြသူများဖြင့် အထူးပင်စည်ကား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တန်ဆောင်တိုင်စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော် နောက်ဆုံးနေ့တွင် အပန်းဖြေလာရောက်လည်ပတ်ကြသူများဖြင့် အထူးပင်စည်ကား





တာမွေ   ၊   နိုဝင်ဘာ       ၁၇

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်ပန်းခြံတွင် နိုဝင်ဘာလ(၁၄)ရက်နေ့မှ နိုဝင်ဘာလ (၁၆)ရက်နေ့အထိ ရန်ကုန်တန်ဆောင်တိုင်စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်ကို နေ့စဉ်နံနက်(၈)နာရီမှ ည(၁၀)နာရီ အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး အဆိုပါပွဲတော်နောက်ဆုံးနေ့ဖြစ်သည့် ယမန်နေ့ ညနေပိုင်းအချိန် ကလည်း အပန်းဖြေလာရောက်လည်ပတ်ကြသူများဖြင့် အထူးပင်စည်ကားလျက်ရှိကြောင်း သိရသည်။

အဆိုပါ တန်ဆောင်တိုင်စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်သို့ အပန်းဖြေလာရောက်ကြသူများ  မျက်စိပဿဒ ဖြစ်စေရန်နှင့် အမှတ်တရဓာတ်ပုံများ ရိုက်ကူးနိုင်ရန် ရောင်စုံအလှဆင်မီးများစွာဖြင့် ဆင်ယင်ပြသထားသလို စိတ် အပန်းပြေစေရန်အတွက်လည်း တေးဂီတဖျော်ဖြေပွဲကို စီစဉ်ပေးထားပြီး အနုပညာရှင်ပေါင်းများစွာက လာရောက် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။

“ သမီးတို့က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်က လာရောက်တာပါ။ တီဗွီကနေ ဒီပွဲတော်ကျင်းပနေတာ ကိုမြင်ပြီး အလုပ်ပိတ်ရက်မှာ သူငယ်ချင်းတွေနဲ့အတူ လာရောက်လည်ပတ်ဖြစ်တာပါ။ ဒီနေ့နဲ့ဆို ဒီကိုလာတာ နှစ်ရက်ရှိ ပါပြီ။ ဒီမှာက ရောင်စုံမီးတွေနဲ့လည်း အလှဓာတ်ပုံလည်း ရိုက်လို့ရတယ်။ ရွှေတိဂုံစေတီတော်မြတ်ကြီးကိုလည်း မီးပုံးပျံ လွှင့်တင်ပြီး ဆီမီးပူဇော်ခွင့်ရတယ်။ နောက်ပြီး မီးရှူးမီးပန်းတွေပစ်ဖောက်တာကိုလည်း အနီးကပ်မြင်ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာပျော်ရွှင်မိပါတယ် ” ပွဲတော်သို့ အပန်းဖြေလာရောက်လည်ပတ်သူတစ်ဦးက ပြောသည်။

အဆိုပါပွဲတော်တွင် MSME လုပ်ငန်းများနှင့် ဆက်စပ်သည့် ဌာနဆိုင်ရာများနှင့် MSME Talk Show များ၊ အထူး Promotion အနေဖြင့် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲချပ်မှ ငါးထွက်ကုန်များကို ပြသရောင်းချခြင်း၊ ကျောင်းသား/သူ၊ လူငယ်လူရွယ်များ စာဖတ်ရှိန်မြင့်မားစေရေးအတွက်  စာအုပ်အရောင်းဆိုင်များ၊ လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များ၊ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များနှင့် စားသောက်ဆိုင်များ အပါအဝင် ဆိုင်ခန်း‌ပေါင်း (၄၈၉)ခန်း ပြသရောင်းချ ခဲ့ကြောင်း၊ အဖိတ်နေ့နှင့် လပြည့်နေ့ညများတွင် မီးပုံပျံများလွှတ်တင်ခြင်း၊ မီးရှူးမီးပန်းများပစ်ဖောက်သည့်အစီအစဉ် များ ကျင်းပခဲ့ပြီး ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ်မှ ကျော်ကြားသော အနုပညာရှင်များကလည်း ဖျော်ဖြေရေးအစီ အစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြရာ ပွဲတော်နောက်ဆုံးနေ့တွင် အပန်းဖြေလာရောက်ကြသူများဖြင့် ယခင်နေ့များ ထက် အထူးပင်စည်ကားခဲ့ကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)