ဝါရှင်တန်ဒီစီ၊ နိုဝင်ဘာ ၁၇
အာဆီယံနှင့် မိတ်ဆွေနိုင်ငံများ ဈေးရောင်းပွဲတော် (ASEAN & Friends Bazaar) ကို ၁၆-၁၁-၂၀၂၄ ရက်၊ ၁၂:၀၀ နာရီမှ ၁၇:၀၀ နာရီအထိ Fashion Centre at Pentagon City ၌ ကျင်းပခဲ့ရာ မြန်မာသံရုံး၊ ဝါရှင်တန်မြို့မှ ပါဝင်ခဲ့ပြီး၊ သံရုံးယာယီတာဝန်ခံ/ သံအမတ် ဦးသက်ဝင်းနှင့် သံရုံးမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြသည်။
အဆိုပါ ဈေးရောင်းပွဲတော်ကို အာဆီယံအမျိုးသမီးအသင်း (ASEAN Spouses’ Circle - ASC)၊ အာရှ - အမေရိကန် ကုန်သည်ကြီးများအသင်း (Asian American Chamber of Commerce - AACC) နှင့် Fashion Centre at Pentagon City တို့ ပူးတွဲ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ဈေးရောင်းပွဲတော်ဖွင့်ပွဲအခမ်းအနား၌ အာဆီယံ အမျိုးသမီးအသင်းနှင့် အာရှ - အမေရိကန် ကုန်သည်ကြီးများအသင်းတို့၏ ဥက္ကဋ္ဌများက အဖွင့်အမှာစကားများ ပြောကြားခဲ့ကြသည်။
ဈေးရောင်း ပွဲတော်၌ ပါဝင်သည့်သံရုံးများက ဧည့်သည်များအား ရိုးရာသီချင်းနှင့်အကများ အပါအဝင် အနုပညာ တင်ဆက်မှုများဖြင့် ဖျော်ဖြေခဲ့ကြပြီး၊ သက်ဆိုင်ရာနိုင်ငံများနှင့် ထုတ်ကုန်များအား မိတ်ဆက်သည့် ဗီဒီယိုများကိုလည်း ပြသခဲ့သည်။
ဈေးရောင်ပွဲတော်၌ ပါဝင်သည့်သံရုံးများက ၎င်းတို့၏ လူသုံးကုန်ပစ္စည်းများကို ပြသရောင်းချ ခဲ့ကြသကဲ့သို့ သံရုံးအချို့ကလည်း ၎င်းတို့၏ လက်မှုအနုပညာပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများကို ဈေးဝယ်စင်တာသို့ လာရောက်သူများအား ခင်းကျင်းပြသခဲ့ကြသည်။ မြန်မာသံရုံးအနေဖြင့်လည်း ဈေးရောင်းပွဲတော်၌ မြန်မာ့ယွန်းထည်၊ ရွှေချည်ထိုး၊ အခြားမြန်မာ့ရိုးရာလက်မှုပစ္စည်းများနှင့် ရှုခင်းသာဓာတ်ပုံများကို ပါဝင်ပြသခဲ့သည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment