အခါတစ်ပါးတုန်းက မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ ရှင်အာနန္ဒာရဲ့လျှောက်ထားမှုကြောင့် မိတ်ကောင်းဆွေကောင်းရဲ့ တန်ဖိုးကြီးမားပုံကို ဟောဖော်ညွှန်ပြခဲ့ဖူးပါတယ်။ အဲဒီမှာ ရှင်အာနန္ဒာက ဘယ်လိုလျှောက်လဲဆိုရင် မိတ်ကောင်းဆွေကောင်းရှိခြင်းက အမှုကိစ္စတို့ကို ၅၀ ရာခိုင်နှုန်း ပြီးမြောက်စေတတ်တယ်ဆိုပြီး ပုထုဇဉ်အတွေးကို မြတ်စွာဘုရားဆီလျှောက်ထားတာပေါ့။ ဒါပေမဲ့ ရှင်အာနန္ဒာရဲ့ အတွေးအခေါ်ကို မြတ်စွာဘုရားက ငြင်းပယ်တော်မူပါတယ်။
တကယ်တော့ ကလျာဏမိတ္တလို့ခေါ်တဲ့ မိတ်ကောင်းဆွေကောင်းဆိုတာက အားကြီးတဲ့ မှီခိုရာ အကြောင်းတစ်ခုဖြစ်တဲ့အပြင် မိတ်ကောင်း ဆွေကောင်းသာရှိမယ်ဆိုရင် အမှုကိစ္စတို့ကို ရာနှုန်းပြည့် အောင်မြင်ပြီးစီးစေတတ်တယ်လို့ မြတ်စွာဘုရားက ပြန်လည်မိန့်ကြားတော်မူတယ်လို့ ကြားသိခဲ့ရပါတယ်။ ဒါကြောင့် မိတ်ကောင်းဆွေကောင်းရှိဖို့ဆိုတာ လူတစ်ဦးချင်းအတွက်သာမက အဖွဲ့အစည်းများအချင်းချင်း၊ နိုင်ငံအချင်း ချင်းအတွက်ပါ အကျိုးရှိစေမှာမဟုတ်ပါလား။
CLMV သမိုင်းကြောင်း
လူဆိုတာတစ်ဦးတစ်ယောက်တည်း ရပ်တည်လို့မရသလို နိုင်ငံတွေဆိုသည်မှာလည်း ကမ္ဘာပေါ်မှာ ထီးတည်းကြီးရပ်တည်လို့မရနိုင်ပါဘူး။ လူတွေက ပုထုဇဉ်ဖြစ်နေသမျှကာလပတ်လုံး လောကီကောင်းကျိုးတွေရရှိဖို့လိုအပ်ပါတယ်။ နိုင်ငံဆိုသည်မှာလည်း နိုင်ငံသူနိုင်ငံသားအားလုံး ကောင်းကျိုးချမ်းသာတွေရရှိစေဖို့အတွက် ဆောင်ကြဉ်းပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုမျိုးကောင်းကျိုးတွေ ရရှိစေဖို့ဆိုတာ ကိုယ်တစ်ဦးတစ်ယောက်တည်းနဲ့တော့ ဘယ်လိုမှမစွမ်းဆောင်နိုင်ပါဘူး။ မိတ်ဆွေကောင်းဆိုတာလည်း မဖြစ်မနေလိုအပ်ပါတယ်။ တစ်ခုတော့ရှိတာပေါ့။ ကိုယ်ကမိတ်ဆွေကောင်းလိုချင်ရင် ကိုယ်ကိုယ်တိုင်က တခြားသူအတွက် မိတ်ဆွေကောင်းဖြစ်ဖို့ လိုအပ်တယ်မဟုတ်ပါလား။ ဒါကြောင့် ဒေသတွင်း နိုင်ငံအချင်းချင်း ကလျာဏမိတ္တပီသစွာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နိုင်မယ်ဆိုရင်ဖွံ့ဖြိုးတိုးတက်မှုဆိုတာ ဝေးမယ်မထင်ပါဘူး။ ဒီလိုနိုင်ငံအချင်းချင်း ကလျာဏမိတ္တပီသစွာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နိုင်ဖို့အတွက် အရှေ့တောင်အာရှမှာ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ်နိုင်ငံတွေက CLMV ဆိုတဲ့ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်တစ်ခုကို လက်တွေ့အကောင်အထည်ဖော်ခဲ့ကြပါတယ်။ ဒါကြောင့် CLMV ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းလေးကို အကျဉ်းချုံးတင်ပြလိုပါတယ်။
၂၀၀၃ ခုနှစ် နိုဝင်ဘာလကပါ။ မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာထွန်းကားရာနေရာတစ်ခုဖြစ်တဲ့ ပုဂံမြို့မှာ ပထမအကြိမ် ACMECS ထိပ်သီးအစည်းအဝေးကို ကျင်းပခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ လာအိုနိုင်ငံဝန်ကြီးချုပ်က မြန်မာနိုင်ငံဝန်ကြီးချုပ်နဲ့ တွေ့ဆုံစဉ်မှာ ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှုထိပ်သီးအစည်းအဝေး(Cambodia -Lao PDR-Myanmar-Vietnam Cooperation Summit - CLMV) ကို ကျင်းပသွားဖို့ အဆိုပြုလိုက်ပါတယ်။ အဲဒီအဆိုပြုမှုဟာ ချက်ချင်း ပဲ အကောင်အထည်ပေါ်ခဲ့တာပါ။ ၂၀၀၄ ခုနှစ် နိုဝင်ဘာလရောက်တော့ ပထမအကြိမ် CLMV ထိပ်သီးအစည်းအဝေးကို လာအိုနိုင်ငံ ဗီယင်ကျန်းမြို့မှာ အာဆီယံထိပ်သီးအစည်းအဝေးနဲ့အတူ ဆက်စပ်ကျင်းပပြီး CLMV အဖွဲ့ဝင်လေးနိုင်ငံကြား မှာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ပေါင်းစည်းရေးဆိုင်ရာ ဗီယင်ကျန်းကြေညာစာတမ်း (Vientiane Declaration) ကို ထုတ်ပြန်ကြေညာနိုင်ခဲ့ပါတယ်။ အဲဒီကြေညာစာတမ်းအရ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍရှစ်ခုမှာ ပူးပေါင်းဆောင်ရွက်သွားဖို့ အဖွဲ့ဝင်နိုင်ငံတွေက သဘောတူကြပါတယ်။ အဖွဲ့ဝင်တစ်နိုင်ငံစီက ပူးပေါင်းဆောင်ရွက်မှုကဏ္ဍ အနည်းဆုံးနှစ်ခုစီကို ဦးဆောင်တာဝန်ယူရမှာပါ။
ပူးပေါင်းဆောင်ရွက်မှုကဏ္ဍကြီး ရှစ်ခုက ဘာတွေလဲဆိုရင် -
(က) ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလွယ်ကူ စေခြင်းနှင့် တိုးမြှင့်ပေးခြင်း
(ခ) စိုက်ပျိုးရေးလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်ခြင်း
(ဂ) စက်မှုလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်ခြင်း
(ဃ) စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ခြင်း
(င) ပို့ဆောင်ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ခြင်း
(စ) သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ခြင်း
(ဆ) ခရီးသွားလုပ်ငန်းကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ခြင်း
(ဇ) လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကတော့ ကဏ္ဍသုံးခုကို ဦးဆောင်သူအနေနဲ့ တာဝန်ယူထားတာပါ။ အဲဒီကဏ္ဍသုံးခုက စိုက်ပျိုးရေး၊ စွမ်းအင်၊ စက်မှုဆိုတဲ့ ကဏ္ဍတို့ပါပဲ။
အာဆီယံပေါင်းစည်းရေးအစီအစဉ်
အာဆီယံအဖွဲ့အတွင်း CLMV အဖွဲ့ဝင်နိုင်ငံများရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်ကို လျှော့ချရေး၊ CLMV နိုင်ငံများအတွင်း စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များ တိုးမြှင့်ဆောင်ရွက်ရေး၊ ဒေသခွဲနဲ့ဒေသတွင်းဆိုင်ရာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေးနဲ့ အာဆီယံပေါင်းစည်းရေးအစီအစဉ်ကို အထောက်အကူပြုနိုင်စေရေးတို့အတွက် ရည်ရွယ်ပြီး CLMV ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါတယ်။
CLMV ထိပ်သီးအစည်းအဝေးကို ၂၀၀၄ ခုနှစ်ကစပြီး တစ်နှစ်တစ်ကြိမ်ဆိုသလို အာဆီယံထိပ်သီး အစည်းအဝေးတွေနဲ့ ဆက်စပ်ကျင်းပလာခဲ့ပေမယ့် ၂၀၀၈ ခုနှစ်ကစလို့ CLMV ထိပ်သီးအစည်းအဝေးနဲ့ ACMECS ထိပ်သီးအစည်းအဝေးတို့ ပူးတွဲပြီး နှစ်နှစ်တစ်ကြိမ် ကျင်းပခဲ့တာပါ။ ဒီနှစ်မှာတော့ (၁၁) ကြိမ်မြောက်အထိကို ရောက်ရှိလာပါပြီ။ (၁၁) ကြိမ်မြောက် CLMV ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာလ ၇ ရက်နေ့မှာ မြန်မာနိုင်ငံက အလှည့်ကျ ဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီး ဆောင်ရွက်သွားမှာပါ။ ဒီနှစ်ထိပ်သီးအစည်းအဝေးအတွက် ခေါင်းစဉ်က “ချစ်ကြည်ရင်းနှီးမှုနှင့် စည်းလုံးညီညွတ်မှုမှသည် ကြံ့ကြံ့ခံနိုင်၍ သာယာဝပြောသော အသိုက်အဝန်းဆီသို့” ဆိုပြီးဖြစ်ပါတယ်။ ဒီအစည်းအဝေးမှာ CLMV ပူးပေါင်းဆောင်ရွက်မှုရဲ့ အနာဂတ်ဦးတည်ချက်အပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးပြီး ပူးတွဲကြေညာချက်တစ်ခုကို ထုတ်ပြန်သွားဖို့ရှိတယ်လို့လည်း သိရပါတယ်။
LIMEC ဆက်သွယ်ရေးလမ်းကြောင်း ဖြစ်တန်စွမ်း လေ့လာရေးစီမံကိန်း
ဒီ CLMV အဖွဲ့နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံက တင်သွင်းခဲ့တဲ့ စီမံကိန်းတွေ အများကြီးရှိပါတယ်။ (၈)ကြိမ်မြောက် အစည်းအဝေးမှာတုန်းက ဆိပ်ခံတံတားနဲ့ မြစ်ကမ်းပါးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း၊ CLMV အဖွဲ့ဝင်နိုင်ငံများတွင် ရေရှည် တည်တံ့ခိုင်မြဲသော ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် တာဝန်ရှိမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲစီမံကိန်း၊ ကုန်သွယ်မှုအဆင်ပြေချောမွေ့စေရေးအတွက် စည်းမျဉ်းစည်းကမ်းများ ပြန်လည်သုံးသပ်ရေးစီမံကိန်း၊ စပါးမျိုးအရည်အသွေးထိန်းချုပ်မှုစနစ်အတွက် စွမ်းရည်မြင့်မားစေရေးစီမံကိန်းတို့ ဖြစ်ပါတယ်။ ဒါ့အပြင် (၁၀) ကြိမ်မြောက် အစည်းအဝေးမှာဆိုရင်လည်း နယ်စပ်ဒေသမှာ အာဖရိကဝက်တုပ်ကွေးရောဂါဖြစ်ပွားမှုတုံ့ပြန်ရေးနှင့် ထိန်းချုပ်ရေးစီမံကိန်း၊ တာလေမြို့ရှောင်လမ်းပေါ်မှာ နမ်လင်းတံတားတည်ဆောက်ရေးစီမံကိန်း၊ CLMV နိုင်ငံများအကြား ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဆိုင်ရာလေ့ကျင့်ရေးနှင့် သုတေသနဌာနစီမံကိန်း၊ ထိုင်းနိုင်ငံမှတစ်ဆင့် လာအိုနှင့် မြန်မာနိုင်ငံတို့ကြား LIMEC ဆက်သွယ်ရေးလမ်းကြောင်း ဖြစ်တန်စွမ်းလေ့လာရေးစီမံကိန်းတို့ကို အဆိုပြုတင်သွင်းခဲ့ပါတယ်။
CLMV အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ ဒေသတွင်းမှာ အောင်မြင်စွာ ပူးပေါင်းဆောင်ရွက်မှုအတွက် အလွန်ကိုပဲအရေးပါပါတယ်။ ဒီလိုမျိုးဖွံ့ဖြိုးတိုးတက်မှုအတွက် ဘယ်လိုနယ်ပယ်တွေမှာ တိုးတက်မှုတွေရှိလာလဲဆိုရင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတို့မှာ တိုးတက်မှုတွေရှိလာတာပါ။
စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှာဆိုရင် CLMV နိုင်ငံတွေရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာ ၂၀၁၀ ပြည့်နှစ်မှာ ရှစ်ရာခိုင်နှုန်းမှသည် ၂၀၁၆ ခုနှစ် မှာ ၁၂ ရာခိုင်နှုန်းအထိ တိုးတက်လာတာတွေ့ရပါတယ်။ ၂၀၂၃ ခုနှစ်အတွက် CLMV အဖွဲ့ရဲ့ ကုန်သွယ်မှုပမာဏက အမေရိကန်ဒေါ်လာ ၇၆၈ ဒသမ ၉ ဘီလီယံအထိရောက်ရှိခဲ့ပြီး ဒီပမာဏဟာ အာဆီယံအဖွဲ့တစ်ခုလုံးရဲ့ ကုန်သွယ်မှုပမာဏအနက် ၂၁ ဒသမ ၈ ရာခိုင်နှုန်းရှိတယ်လို့ စက်တင်ဘာလ ၁၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ (၁၆) ကြိမ်မြောက် CLMV စီးပွားရေးဝန်ကြီးများ အစည်းအဝေးထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဆိုရင်လည်း ၂၀၂၂ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း ၅ ဒသမ ၄ ရာခိုင်နှုန်းတိုးတက်လာပါတယ်။ အဲဒီထဲမှာမှ လာအိုနိုင်ငံရဲ့တိုးတက်မှုဟာ ၁၈၀ ဒသမ ၁ ရာခိုင်နှုန်းရှိပြီး ငွေကြေးပမာဏအားဖြင့်တော့ ဗီယက်နမ်နိုင်ငံက ဒေါ်လာ ၁၈ ဒသမ ၅ ဘီလီယံနဲ့ အမြင့်ဆုံးမှာရှိပါတယ်။
စီးပွားရေးဝန်ကြီးများအစည်းအဝေးမှာ CLMV လုပ်ငန်းဆောင်ရွက်မှုအစီအစဉ် ၂၀၂၅-၂၀၂၆ ကို သတ်မှတ်ပြဋ္ဌာန်းလိုက်ပါသေးတယ်။ အဲဒီအစီအစဉ်မှာတော့ နယ်ပယ်ခြောက်ခု ပေါင်းစုပါဝင်နေပါတယ်။ အဲဒါတွေက ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ ဒေသတွင်း ကတိကဝတ်များကို အကောင်အထည်ဖော်ရေး၊ ကပ်ရောဂါပြန်လည်ထူထောင်ရေးအစီအစဉ်၊ CLMV ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဘောင်ကို အကောင်အထည်ဖော်ရေးအစီအစဉ်နဲ့ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုနယ်ပယ်တို့ပါပဲ။
အခုဆိုရင် မကြာခင်မှာ (၁၁) ကြိမ်မြောက် CLMV ထိပ်သီးအစည်းအဝေးကို ကျင်းပသွားဖို့ရှိနေပါတယ်။ ဒီအစည်းအဝေးမှာလည်း အဖွဲ့ဝင်နိုင်ငံတွေကြား ဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သက်ပြီး လုပ်ငန်းအစီအစဉ်တွေ အကောင်အထည်ဖော်ရေးအတွက် ဆွေးနွေးသွားကြမှာပါ။ ဒီလိုဆွေးနွေးမှုတွေနဲ့အတူ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်မှုတွေကတစ်ဆင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။
ဒီတော့ ကျွန်တော့်အနေနဲ့ အထက်မှာပြောခဲ့တဲ့ ကလျာဏမိတ္တဆိုတဲ့စကားကို ပြန်ဆက်ရရင် CLMV အဖွဲ့ဆိုတာ ကိုယ်တိုင်လည်းမိတ်ကောင်းဆွေကောင်းဖြစ်ပေးဖို့ ကြိုးစားကြသလို ကလျာဏမိတ္တကို ရှာဖွေပေါင်းသင်းဖို့ ဆန္ဒပြင်းပြကြသူတွေဖြစ်တာကို တွေ့ရပါတယ်။
ဒါကြောင့် ကလျာဏမိတ္တဆိုတာ လောကကောင်းကျိုးအတွက် မရှိမဖြစ်လိုအပ်တဲ့အရာ ဖြစ်တာနဲ့အညီ CLMV အဖွဲ့ဝင်နိုင်ငံတွေဟာလည်း တစ်ဦးနဲ့တစ်ဦး မိတ်ကောင်းဆွေကောင်းတွေအဖြစ် ပေါင်းသင်းဆက်ဆံခြင်းအားဖြင့် ကလျာဏမိတ္တကို အကြောင်းပြုလို့ စည်းလုံးညီညွတ်မှုနဲ့အတူ သာယာဝပြောသော အသိုက်အဝန်းဆီသို့ ဆက်လက်လျှောက်လှမ်းသွားနိုင်ကြပါစေကြောင်း ဆုတောင်းပတ္ထနာပြုအပ်ပါတယ်။ ။
ထက်မြတ်
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment