နေပြည်တော်၊ ကျိုင်းတုံမြို့၊ ပင်လုံမြို့၊ မြိတ်မြို့၊ ထားဝယ်မြို့နှင့် မအူပင်မြို့တို့၌ Polytechnic University ဖွင့်ပွဲများ ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်၊ ကျိုင်းတုံမြို့၊ ပင်လုံမြို့၊ မြိတ်မြို့၊ ထားဝယ်မြို့နှင့် မအူပင်မြို့တို့၌ Polytechnic University ဖွင့်ပွဲများ ကျင်းပပြုလုပ်











နေပြည်တော်၊ နိုဝင်ဘာ ၂၁

နေပြည်တော်၊ ပြည်ထောင်စုနယ်မြေတွင် ယမန်နေ့က State Polytechnic University ကို နိုင်ငံတော်စီမံအုပ်ချုပ်ရးကောင်စီ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များက ဖွင့်လှစ်ပေးခဲ့ပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပင်လုံမြို့၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ထားဝယ်မြို့နှင့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့တို့၌ Polytechnic University ဖွင့်ပွဲများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ က ဦးဆောင်၍ ဖွင့်လှစ်ပေးခဲ့သည်။

State Polytechnic University ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က Polytechnic University ဆိုသည်မှာ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ သင်္ချာပညာရပ်နှင့် အသုံးချသိပ္ပံ၊ စီးပွားရေး၊စီမံခန့်ခွဲမှုဆိုင်ရာ အဆင့်မြင့်ပညာရပ်များကို ဘွဲ့ကြိုသင်တန်းများသာမက ဘွဲ့လွန်သင်တန်းများအထိ လက်တွေ့ကျကျ လေ့ကျင့်သင်ကြားမှုများအပြင် လက်တွေ့လုပ်ငန်းခွင်နှင့် ချိတ်ဆက်သင်ကြားပို့ချပေးသည့် တက္ကသိုလ်တစ်ခုဖြစ်ကြောင်း၊ ကျောင်းသားများ၏ အသက်မွေးဝမ်းကျောင်းမှုအတွက် လက်တွေ့ကျသည့် ပညာရေးကို သင်ကြားပို့ချပေးခြင်း၊ ခေတ်မီနည်းပညာနှင့် သုတေသနဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အထူးအလေးထားဆောင်ရွက်ခြင်း၊ လုပ်ငန်းခွင်တွင် လိုအပ်သည့်ကျွမ်းကျင်ပညာရှင်များနှင့် လုပ်ငန်းလိုအပ်ချက်ကိုက်ညီပြီး ကောင်းစွာကျွမ်းကျင်တတ်မြောက်သည့်ဘွဲ့ရများ မွေးထုတ်ပေးခြင်း၊ စက်မှုလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ရသည့် Real World Project များ ဆောင်ရွက်နိုင်သည့် အခွင့်အလမ်းနှင့် လုပ်ငန်းခွင်အတွေ့အကြုံတွေရရှိနိုင်သည့် အခွင့်အလမ်းများ ဖန်တီးပေးခြင်းစသည့် ရည်ရွယ်ချက်များဖြင့် ပိုလီတက္ကနစ်တက္ကသိုလ်များကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် Polytechnic University များသည် ဘာသာ ရပ်နယ်ပယ်စုံလင်စွာ ပေါင်းစည်းပို့ချသည့်နေရာတစ်ခုဖြစ်ပြီး ဘွဲ့ကြိုသင်တန်းများသာမက ဘွဲ့လွန်သင်တန်းများ၊ သုတေသနလုပ်ငန်းများကိုပါ ကျယ်ကျယ်ပြန့်ပြန့် လေ့လာသင်ယူနိုင်သည့် နေရာတစ်ခု ဖြစ်ကြောင်း။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် လိုအပ်သည့်အရည်အသွေးမြင့် လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်ရေး၊ နိုင်ငံတော်အတွက် လိုအပ်သည့် အင်ဂျင်နီယာပညာရှင်များကို ပိုမိုမွေးထုတ်လေ့ကျင့်ပေးနိုင်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ရေးစသည့် ရည်ရွယ်ချက်များဖြင့် နေပြည်တော်နည်းပညာတက္ကသိုလ်ကို ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့တွင် အစိုးရနည်းပညာကောလိပ် (နေပြည်တော်) အဖြစ်မှ တက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးခဲ့ကြောင်း။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အင်ဂျင်နီယာအထူးပြုဘာသာရပ် (၆) ခုဖြင့် စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စိုက်ပျိုးရေးအင်ဂျင်နီယာ အထူးပြုဘာသာရပ်ကိုပါ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တွင် နေပြည်တော်နည်းပညာတက္ကသိုလ်ကို Naypyitaw State Polytechnic University အဖြစ် ပြောင်းလဲတိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီး အင်ဂျင်နီယာအထူးပြုဘာသာရပ်များသာမက ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာဘာသာရပ်များကိုပါ တိုးချဲ့ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီဖြစ်ကြောင်း။

Naypyitaw State Polytechnic University ကို ရန်ကုန်နည်းပညာ တက္ကသိုလ်နှင့် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်များနည်းတူ နိုင်ငံ့ထိပ်တန်းတက္ကသိုလ်ကြီးတစ်ခု ဖြစ်လာစေရန်ရည်ရွယ်ပြီး တိုးချဲ့ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ အင်ဂျင်နီယာအထူး ပြုဘာသာရပ်ဌာန (၇) ခု၊ ကွန်ပျူတာအထူးပြုဘာသာရပ်ဌာန (၄) ခု၊ အခြားအထောက်အကူပြု ဘာသာရပ်ဌာန (၅) ခု၊ သင်ကြားရေးဌာနစုစုပေါင်း (၁၆) ခုဖြင့် ပြည့်စုံအောင် တိုးမြှင့်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

Naypyitaw State Polytechnic University ဖွင့်လှစ်မှုနှင့်အတူ တစ်ချိန်တည်း၌ ကျိုင်းတုံမြို့၊ ပင်လုံမြို့၊ မြိတ်မြို့၊ ထားဝယ်မြို့နှင့် မအူပင်မြို့တို့တွင်လည်း Polytechnic University များကို ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ Naypyitaw State Polytechnic University ကို Smart University ဖြစ်လာစေရေး၊ နိုင်ငံတကာ ပိုလီတက္ကနစ်တက္ကသိုလ်များနည်းတူ အထူးပြုနယ်ပယ်ပေါင်းစုံနှင့် ဘွဲ့လွန်ဒီဂရီ သင်တန်းများကိုပါ တိုးမြှင့်ဖွင့်လှစ်နိုင်ရေး၊ နိုင်ငံ့အကျိုးပြု သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အဆင့်ဆင့်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)