ဟားခါး၊ နိုဝင်ဘာ ၅
ပြည်သူ့စစ်မှုထမ်းဥပဒေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)နှင့် ရွေးကောက်ပွဲဆိုင်ရာ အချိုးကျ ကိုယ်စားပြုမှု (PR) အကြောင်း အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲအချိန်က ဟားခါးမြို့၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဝန်ထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်ဝုန်ဆွန်းထန်က မျက်မှောက်ကာလမှာ အကောင်အထည်ဖော် ဆောင်ရွက်မည့် နိုင်ငံတော်၏ အရေးကြီးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မဖြစ်မနေ သိရှိထားသင့် သည့်အချက်များကို ယနေ့ပြုလုပ်သည့် အသိပညာပေးဆွေးနွေးပွဲတွင် သက်ဆိုင်ရာပညာရှင်များက ရှင်းလင်းဟောပြောသွားမည်ဖြစ်ကြောင်းနှင့် အခမ်းအနားတက်ရောက်လာကြသူများက သေချာနာ ထောင်ပြီး မရှင်းလင်းသည့်အချက်များကို မေးမြန်းခြင်းနှင့် ဆွေးနွေးခြင်းများ ပြုလုပ်နိုင်ပါကြောင်း ဖြင့် အဖွင့်အမှာစကားပြောကြားသည်။
ယင်းနောက် ပြည်နယ်ဥပဒေအရာရှိ ဦးအောင်ကိုမြတ်က ပြည်သူ့စစ်မှုထမ်းဥပဒေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)နှင့် ရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ခံဦးကျော်စိုးနိုင်က အချိုးကျကိုယ်စားပြုမှုစနစ် (PR) နှင့်စပ်လျဉ်း၍ သိကောင်းစရာများကိုလည်းကောင်း Power Point ဖြင့် အကျယ်တဝင့် ရှင်းလင်းဟောပြောပြီး အခမ်းအနားတက်ရောက်လာကြသူများ ထပ်မံသိရှိလိုသည့်အချက်များကို မေးမြန်းကရာ ပြည်နယ်ဥပဒေအရာရှိနှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ခံတို့က ပြန်လည်ဖြေကြားကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားတက်ရောက်လာကြသူများအား နှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment