ရန်ကုန်၊ ဒီဇင်ဘာ ၃၁
AA အကြမ်းဖက်အဖွဲ့၏ လူမဆန်သည့် လုပ်ရပ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်းထုတ်ပြန်ချက်တွင် AA အကြမ်းဖက်အဖွဲ့သည် ISစစ်သွေးကြွများ ရက်စက်မှုထက် ပိုမိုဆိုးရွားပြီး ဂျနီဗာကွန်ဗင်းရှင်းကို ဖောက်ဖျက်သည့် စစ်ရာဇဝတ်မှု (War Crime) မြောက်သော လူမဆန်သည့် လုပ်ရပ်များကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိကြောင်း ထောက်ပြပြောဆိုထားသည်။
၂၀၂၄ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်စွဲဖြင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ၏ ထုတ်ပြန်ချက်တွင် "AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့သည် ၂၀၂၃ ခုနှစ်မှစတင်၍ ရခိုင်ပြည်နယ်အတွင်းရှိ မြို့ရွာများနှင့် လုံခြုံရေးစခန်းများ၊ တပ်မတော်စခန်းများကို ရှော့တိုက်ဒုံးများ၊ လက်နက်ကြီး၊ လက်နက်ငယ် များ၊ Drone များဖြင့် ယနေ့ထက်တိုင် တိုက်ခိုက်ဖျက်ဆီးလျက်ရှိသည်။ ထိုသို့တိုက်ခိုက်ရာတွင် စစ်ကို မလိုလားသော ဒေသခံရခိုင်တိုင်းရင်းသားပြည်သူများအနေဖြင့် နေရင်းနေရပ်များကို စွန့်ခွာသွားကြ ရပြီး အဆိုပါရခိုင်တိုင်းရင်းသားများရောက်ရှိရာ မြို့ရွာဒေသများတွင် ဒေသခံမြန်မာပြည်သူများက ကူညီဖေးမ ပေးလျက်ရှိကြောင်း၊ AA အကြမ်းဖက်သောင်းကျန်းသူများ၏ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ ထိခိုက်ဒဏ်ရာရ သေဆုံးမှုုများရှိခဲ့သည်။ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များအတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်များသည် နယ်မြေဒေသတည်ငြိမ်ရေးအတွက် စွန့်လွှတ်စွန့်စား ရဲစွမ်းသတ္တိများဖြင့် တိုက်ပွဲဝင် ခဲ့ကြသည်။ အချို့ဖြစ်စဉ်များတွင် ဒေသခံပြည်သူများအား ငဲ့ညှာသောအားဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်မှုအား ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ခဲ့ရာမှ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့အနေဖြင့်AA အကြမ်းဖက်သမားများ၏ ဖမ်းဆီး ခေါ်ဆောင်မှုခံခဲ့ရပြီး လူသားချင်း မစာနာသည့် လူမဆန်သော ရာဇဝတ်မှုများ ယုတ်မာစွာကျူးလွန်နေသည်ကို တွေ့ရကြောင်း ပြောဆိုထားသည်။
အဆိုးရွားဆုံးနှင့်အယုတ်မာဆုံးမှာ AA အကြမ်းဖက်သောင်းကျန်းသူများသည် တိုက်ပွဲအတွင်း ဖမ်းဆီး ထားသော စစ်သုံ့ပန်းများကို ရက်ရက်စက်စက်သတ်ဖြတ်ပြီး ဗီဒီယိုရိုက်ကူး၍ လူမှုကွန်ယက် ပေါ်တွင် တင်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ကျောက်တော်နယ်မြေ၌ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်အတူ မိသားစုဝင်များ စီးနင်းလိုက်ပါလာသော သင်္ဘောကိုဖောက်ခွဲ တိုက်ခိုက်ဖျက်ဆီးပြီး ရေထဲတွင်မျောပါနေသည့် အမျိုးသမီးနှင့်ကလေးငယ်များပါမကျန် ရက်ရက် စက်စက်သတ်ဖြတ်ခဲ့ခြင်းသည် အိုင်အက်စ် စစ်သွေးကြွများ ရက်စက်မှုထက် ပိုမိုဆိုးရွားပြီး ဂျနီဗာကွန်ဗင်းရှင်းကို ဖောက်ဖျက်သည့် စစ်ရာဇဝတ်မှု (War Crime) မြောက်သော လူမဆန်သည့် လုပ်ရပ်များကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိသည်။
နှစ်ပေါင်းထောင်ချီ တည်တံ့ခိုင်မြဲခဲ့သည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ပြိုကွဲပျက်စီးအောင် ကြံစည်လုပ်ဆောင်ဖျက်ဆီးနေသည့်၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့်အေးချမ်းသာယာလှပသည့် ရခိုင်ပြည်နယ်ကြီးကို ပျက်စီးအောင်ပြုလုပ်နေသည့်၊ ဂျနီဗာကွန်ဗင်းရှင်းကို ဖောက်ဖျက်ပြီး စစ်ရာဇဝတ် မှုများကို ရက်ရက်စက်စက်ကျူးလွန်နေသည့် AA အကြမ်းဖက်သောင်းကျန်းသူများ အမြန်ဆုံးချုပ်ငြိမ်းအောင် တိုက်ဖျက်ကြရန် တိုက်တွန်းနှိုးဆော်လိုပါကြောင်းနှင့် လူသားချင်းစာနာထောက်ထားမှုမရှိဘဲ စစ်ရာဇဝတ်မှုများကို ရက်စက်စွာကျူးလွန်နေသည့် AA အကြမ်းဖက်သောင်းကျန်းသူများကို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန်ချက်ကို ထုတ်ပြန်ကြေညာထားသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment