ရန်ကုန် , ဒီဇင်ဘာ ၁၆
ယနေ့သည့် နတ်တော်လပြည့်နေ့ဖြစ်သည့်နှင့် အားလျော်စွာ နှစ်စဥ်ကျင်းပမြဲဖြစ်သော ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီမှူးကျင်းပသည့် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ရောင်တော်ဖွင့်အနေကဇာတင်ခြင်းနှင့် မြန်မာအနုပညာနှင့် ယဉ်ကျေးမှုအသင်းမှ အပြည်ပြည်ဆိုင်ရာကမ္ဘာ့ငြိမ်းချမ်းရေးနေ့ Belt and Road (၁၁)နှစ်ပြည့် အထိမ်းအမှတ်သံဃအပါး ၉၀ အားဆွမ်းဆက်ကပ်ခြင်းနှင့် အလင်းတန်းဆီမီးထွန်းညှိပူဇော်ခြင်း အခမ်းအနားများကို ယမန်နေ့ နံနက် ၅ နာရီမှစတင်၍ အဆိုပါစေတီတော်ရှိ သတ်မှတ်နေရာများ၌ ကျင်းပသည်။
ဦးစွာဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးနှင့် ဗုဒ္ဓရုပ်ပွားတော်များအား ဆွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်းနှင့် သစ်သီးဆွမ်းများကို ဂေါပကအဖွဲ့ဝင်များ၊ မြန်မာအနုပညာနှင့် ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းကြပြီး သြဝါဒါစရိယဆရာတော်ကြီးများ၊ ပင်သံဃာ့တော်များက ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်မြတ်ကြီးအား ဗုဒ္ဓအဘိသေကအနေကဇာတင်လှူပူဇော်ကြသည်။
ထို့နောက်ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီး (၅၁) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်လှည့်လည်ပူဇော်ပွဲကို ကျင်းပရဆရာတော်၊ သံဃာ့တော်များ ဂေါပကအဖွဲ့ဝင်များ စေတီတော်ရင်ပြင်လက်ယာရစ်တစ်ပတ်လှည့်လည်ပူဇော်ကြသည်။
ထို့နောက် မြန်မာအနုပညာနှင့် ယဉ်ကျေးမှုအသင်းမှ အပြည်ပြည်ဆိုင်ရာကမ္ဘာ့ငြိမ်းချမ်းရေးနေ့ Belt and Road(၁၁)နှစ်ပြည့် အထိမ်းအမှတ်အလင်းတန်း ဆီမီးထွန်းညှိပူဇော်ပွဲအခမ်းအနားကို နန်းဦးဓမ္မာရုံ၌ ဆက်လက်ကျင်းပရာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယကြီးများနှင့် ဆရာတော်၊ သံဃတော်များကြွရောက်တော်မှုကြပြီး ဗိုလ်တထောင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်လွင်၊ ဂေါပကအဖွဲ့ဝင်များ၊ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ Belt and Road ဥက္ကဋ္ဌ Mr. Chen Entian၊ မြန်မာအနုပညာနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ၊ မဟာမင်္ဂလဓမ္မမဏိဇောတဓရ ဒေါ်အေးသဉ္ဇာသူနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြည်ညိုကြသည်။
ရှေးဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်)၊ ပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာသိမ်တော်ကြီးစာသင်တိုက် ဆရာတော်ဒေါက်တာဘဒ္ဒန္တကုမာရထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်သံဃာတော်အရှင်သူမြတ်များက ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူသည့် အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူကြသည်။
ယင်းနောက် မြန်မာအနုပညာနှင့် ယဉ်ကျေးမှုအသင်းအတွင်းရေးမှူး ဦးသန်းထွန်းစိုးက အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်အား တင်ပြလျှောက်ထားသည်။
ထို့နောက် သြဝါဒါစရိယဆရာတော်ကြီးများ၊ သံဃာတော်များအား ဂေါပကအဖွဲ့ဝင်များ၊ မြန်မာအနုပညာနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဒွိပိဋကဓရ၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဒ၊ တိပိဋကာလင်္ကာရကျောင်း ဆရာတော်ဒေါက်တာဘဒ္ဒန္တ အဂ္ဂသာမိထံမှ အနုမောဒနာတရားနာယူ၍ ရေစက်ချသွန်းချ အမျှပေးဝေကြပြီး “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ညပိုင်းတွင်ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးနှင့် ရင်ပြင်တော်ရှိ ဂြိုလ်တိုင် (၁၁) တိုင်ပတ်ပတ်လည်၌ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ Belt and Road (၁၁) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဆီမီးထွန်းညှိပူဇော်ပွဲအခမ်းအနားကို ကျင်းပရာ မြန်မာအနုပညာနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ မဟာမင်္ဂလဓမ္မမဏိဇောတဓရ ဒေါ်အေးသဉ္ဇာသူနှင့် အပြည်ပြည်ဆိုင်ရာကမ္ဘာ့ငြိမ်းချမ်းရေးနေ့ Belt and Road ဥက္ကဋ္ဌ Mr. Chen Entianတို့က ကျေးဇူးတင်ဆုတောင်းစကားပြောကြားပြီး အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ Belt and Road(၁၁)နှစ်ပြည့် အထိမ်းအမှတ် ဗိုလ်တထောင်စေတီတော်မြတ်ကြီး ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းရန်အတွက် အလှူငွေကျပ်(၁၀)သိန်းကို ဂေါပကအဖွဲ့ထံ ပေးအပ်လှူဒါန်းသည်။
ထို့နောက် မြန်မာနိုင်ငံဗုဒ္ဓကလျာဏယုဝအသင်း(ဗဟို)ဥက္ကဋ္ဌ ဦးရဲထွန်း၊ အပြည်ပြည်ဆိုင်ရာကမ္ဘာ့ငြိမ်းချမ်းရေးနေ့ Belt and Road ဥက္ကဋ္ဌ၊ ဂေါပကအဖွဲ့ဝင်များ၊ မြန်မာအနုပညာနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ၊ တိုင်းရင်းသားတိုင်းရင်းသူများနှင့် တာဝန်ရှိသူများ ဖိတ်ကြားသူများက အလင်းတန်းဆီမီးတစ်ထောင့်တစ်ရာကို ထွန်းညှိပူဇော်ကုသိုလ်ယူကြသည်။
မြန်မာအနုပညာနှင့် ယဉ်ကျေးမှုအသင်းသည်ယခု ၂၀၂၄ ခုနှစ်တွင်း ကမ္ဘာ့နိုင်ငံအသီးသီးနှင့် မြန်မာနိုင်ငံအတွင်းမှ တိုင်းရင်းသားညီနောင်သွေးချင်းပြည်သူများအတွက် ငြိမ်းချမ်းသာယာစေရန် အကျိုးငှာလည်းကောင်း၊ ကွယ်လွန်သွားကြကုန်သော ၇ ရက်သားသမီးများကို ကောင်းမွန်ရာ ဘုံဌာနသို့ ရောက်ရှိစေခြင်း အကျိုးငှာလည်းကောင်း၊ သက်ရှိ သတ္တဝါများအားလုံး အေးချမ်းသာယာသော အလင်းတန်းဆီမီးများနှင့်အကူ ကုသိုလ်အတူတူရကြပါစေ၊ သာဓုအနုမောဓနာခေါ်ဆိုနိုင်စေရန် ရည်ရွယ်လျက် ပဋ္ဌာန်းပရိတ်တရားတော်များနာယူခြင်း၊ ဆီမီးထွန်းညှိပူဇော် ကုသိုလ်ပြုခြင်းနှင့် ဆုမွန်ကောင်းများဖြင့် ဆုတောင်းပွဲကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အောင်မြင့်
https://t.me/MyanmarNationalPost
No comments:
Post a Comment