နေပြည်တော်၊ ဒီဇင်ဘာ ၃၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မှ ယနေ့ ကျရောက်သော ကရင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် "နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိပြီး နှစ်ဖက်ဆွေးနွေးချက်များမှရရှိလာသည့် သဘောထားမှတ်ချက်များကိုလည်း နောင်လာမည့် လွှတ်တော်အစည်းအဝေးများတွင် ဆွေးနွေးအတည်ပြုနိုင်ရန် မှတ်တမ်းတင်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ တွေ့ဆုံဆွေးနွေးမှုများအတွက် အစဉ်အမြဲ ဖိတ်ခေါ်ကြိုဆိုပြီး တံခါးဖွင့်ထားပါကြောင်း၊ ရှေ့ဆက်၍လည်း ငြိမ်းချမ်းရေးအတွက် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း" ပြောဆိုထားသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံအတွင်းရှိ ပြည်သူများ၏ လူမှုဘဝမြင့်မားရေး၊ ပြည်ထောင်စုတစ်ဝန်း အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ငြိမ်းချမ်းရေးသည် အခြေခံအုတ်မြစ်တစ်ခုဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ကိုလိုနီနယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်ခဲ့မှုကြောင့် တိုင်းရင်းသားညီနောင်များအချင်းချင်း အထင်အမြင်လွဲမှားကာ ယနေ့အချိန်အထိ လက်နက်ကိုင်ပဋိပက္ခများဖြင့် မတည်မငြိမ်၊ မအေးမချမ်းဖြစ်နေခြင်းကို သတိထားသင့်ပါကြောင်း၊ နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေ ရေးအတွက် ယနေ့မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားများအချင်းချင်း အပြန်အလှန်လေးစားခြင်း၊ တစ်ဦးနှင့်တစ်ဦးအကြား ပူးပေါင်းဆောင်ရွက်မှုဖြစ်ပေါ်စေပြီး နားလည်မှုလွဲမှားခြင်းနှင့် ပဋိပက္ခများကို လျှော့ချကာ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းနိုင်ကြပါကြောင်း ပြောဆိုထားသည်။
သဝဏ်လွှာတွင် ယနေ့နိုင်ငံတော်တွင် လိုအပ်လျက်ရှိသော တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကရင်ပြည်နယ်မှ ကရင်တိုင်းရင်းသားများအပါအဝင် တိုင်းရင်းသား ပြည်သူအားလုံးက ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်သွား ကြရမည်ဖြစ်ပါကြောင်း၊ ကရင်ပြည်နယ်အပါအဝင် မိမိတို့နေထိုင်ရာ နေရာဒေသများအတွင်း တိုက်ပွဲများနှင့် ဆူပူအကြမ်းဖက်မှုများ လျော့နည်းပပျောက်လာစေရန် အချင်းချင်းဝိုင်းဝန်းဆောင်ရွက်ပြီး တိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်ခြင်းဖြင့် ပြည်ထောင်စုကြီး အေးချမ်းသာယာဝပြောရေး ဖော်ဆောင်ကြကာ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုရလဒ်ကောင်းများကို ပိုမိုရရှိနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ သဝဏ်လွှာပေးပို့ထားသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment