ပုသိမ်၊ ဒီဇင်ဘာ ၃၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ယမန်နေ့က ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် မအူပင်ခရိုင် ပန်းတနော်မြို့နယ် မရမ်းကျေးရွာအုပ်စု မရမ်းကျေးရွာရှိ တောင်သူ ဦးအောင်ကျော်မိုး၏ ဆင်းရွှေကြာ ၂ ဆောင်းနေကြာ စံပြစိုက်ခင်း ၁၀ ဧကတွင် ဆောင်းနေကြာသီးနှံ ရွက်ဖျန်းမြေဩဇာပက်ဖျန်းခြင်းကို ကြည့်ရှုအားပေးပြီး ကရင်ဒုံးယိမ်းအကအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်၍ ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ဒေသခံတောင်သူများအား ဆေးဖျန်းပုံးများနှင့် ရွက်ဖျန်းမြေဩဇာများ ပေးအပ်သည်။
ထို့နောက် ပန်းတနော်မြို့နယ် ဒေါဝါးကျေးရွာအုပ်စု ဒေါဝါးကျေးရွာရှိ တောင်သူ ဦးကျော်ခိုင်ဝင်း၏ နွေစပါးစိုက်ဧက ငါးဧကတွင် ဆိုလာရေတင်စနစ်ဖြင့် နွေစပါးစိုက်ပျိုးထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး တောင်သူများအား ယူရီးယားမြေဩဇာများပေးအပ်ကာ ကရင်ဒုံးအကအဖွဲ့များအား ချီးမြှင့်ငွေများ ပေးအပ်သည်။
ယင်းနောက် ဓနုဖြူမြို့နယ် ယင်းကဒစ်ကျေးရွာရှိ ရေနက်ကွင်းတွင် ရေတစ်ဘောင်၊ ကုန်းတစ်ဘောင် စိုက်ပျိုးနည်းစနစ်ဖြင့် အလွိုင်းကုမ္ပဏီမှ စိုက်ပျိုးထားရှိသော အုန်းချိုမွှေးစိုက်ပျိုးရေးခြံ ဧက ၁၈၀ သို့သွားရောက်၍ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုများကို ကြည့်ရှုအားပေးပြီး အုန်းချိုမွှေးလုပ်ငန်းအပြင် အုန်းသီးတန်ဖိုး ကွင်းဆက်မြင့်မားရေး၊ အုန်းအခြေခံ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအပြင် မွေးမြူရေးလုပ်ငန်းများကိုပါ တွဲဖက်လုပ်ကိုင် ဆောင်ရွက်ရန် မှာကြားသည်။
ဆက်လက်၍ မအူပင်မြို့နယ် မီးသွေးချောင်းကျေးရွာအုပ်စု တံခွန်တိုင်ကျေးရွာရှိ တေဇဝန္တာရာမ ပတ္တမြားကျောင်းတိုက်သို့ရောက်ရှိကာ ဆရာတော် ဘဒ္ဒန္တပဏ္ဍိတအားဖူးမြော်၍ သင်္ကန်းခြင်း၊ ဆန်နှင့် ဆီတို့ကို ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် မအူပင်မြို့နယ် လေးအိမ်စုကျေးရွာအုပ်စုသို့ရောက်ရှိပြီး ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံ တည်ဆောက်မည့်မြေနေရာအား ကြည့်ရှုစစ်ဆေး၍ လေးအိမ်စုကျေးရွာ ဓမ္မစကူးလ်ကျောင်း သီလရှင်ဆရာကြီး ဒေါ်ဟေမာစာရီအား ဆန်နှင့်ဆီများ လှူဒါန်းကာ ဓမ္မစကူးလ်ကျောင်းသား ကျောင်းသူများကို ချီးမြှင့်ငွေများ ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် မအူပင်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မအူပင်ခရိုင်အတွင်းရှိ မြို့နယ်များမှ ဌာနဆိုင်ရာများနှင့်တွေ့ဆုံ ၍ အမှာစကားပြောကြားပြီး ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ညောင်တုန်းမြို့နယ် ကျုံတမာကျေးရွာအုပ်စု ချောင်းဝကျေးရွာတွင် ကျင်းပပြုလုပ်သည့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်သို့တက်ရောက်ပြီး ကရင်တိုင်းရင်းသားများနှင့်တွေ့ဆုံ၍ “ကရင်လူမျိုးတို့၏ စာပေ၊ ယဉ်ကျေးမှုနှင့် စစ်မှန်သည့် ရိုးရာအမွေအနှစ်များကို မပျောက်မပျက် ထိန်းသိမ်းကြကာ စည်းလုံးညီညွတ်စွာဖြင့် နေထိုင်သွားကြရန်လိုကြောင်း” နှစ်သစ်အကြို နှုတ်ခွန်းဆက်စကားပြောကြားပြီး ကရင်ရိုးရာဒုံးအကဖြင့် ဧည့်ခံဖျော်ဖြေမှုကို ကြည့်ရှုအားပေး၍ ချီးမြှင့်ငွေများပေးအပ်သည်။
ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်သည် ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျောင်းကုန်းမြို့နယ် အ.ထ.က ညောင်အိုင်ကျောင်းသို့ရောက်ရှိပြီး ကျောင်းဝန်းကျင်သန့်ရှင်း သာယာလှပမှုနှင့် စာသင်ခန်းအခြေအနေများကို လှည့်လည်ကြည့်ရှု၍ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူး၊ ဆရာ ဆရာမများ၊ ကျောင်းကော်မတီဝင်များနှင့် တွေ့ဆုံကာ ပညာရေးကဏ္ဍဘက်စုံတိုးတက်ဖွံ့ဖြိုးစေရေး တွေ့ဆုံဆွေးနွေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းမှာကြားသည်။
ထို့နောက် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ၇၅ ဒသမ ၈၆ ရာခိုင်နှုန်း၊ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရာနှုန်းပြည့်နှင့် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ၇၅ ရာခိုင်နှုန်း ရရှိအောင်စွမ်းဆောင်နိုင်သော အ.ထ.က ညောင်အိုင်ကျောင်းအား ငွေကျပ် ၁၀ သိန်းပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment