နေပြည်တော်၊ ဒီဇင်ဘာ ၂၄
ကျန်းမာရေးဝန်ကြီးဌာန၏ သစ်လွင်သူနာပြုများ တာဝန်ပေးအပ်သည့် ဌာနဆိုင်ရာ အမိန့်စာပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့က ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄) နေပြည်တော်၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ယခုအလုပ်ခန့်အပ်တာဝန် ပေးအပ်ခံရမည့် သူနာပြုဆရာ ဆရာမများကို အထူးမှာကြားလိုသည်မှာ နိုင်ငံတော်တာဝန်ကို အုတ်တစ်ချပ် သဲတစ်ပွင့်ထမ်းရွက်ရာတွင် မိမိတို့တာဝန်ကျရာနေရာဒေသအသီးသီးသို့ သွားရောက်၍ ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးရမည်ဖြစ်ပြီး အရည်အသွေးရောအရည်အချင်းပါ ပြည့်ဝရုံမျှမက မိမိတို့သူနာပြု ဆရာ ဆရာမများ လိုက်နာရမည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျင့်ဝတ်များကို လိုက်နာကျင့်ကြံကြစေလိုကြောင်း၊ လုပ်ငန်းခွင်ဝင်ရောက်ကြမည့် သစ်လွင်သူနာပြုများအနေဖြင့် ပြည်သူလူထုနှင့် တိုက်ရိုက်ဆက်ဆံရာတွင် Professional ဂုဏ်သိက္ခာမထိပါးအောင်လည်း ဆောင်ရွက်ရန် လိုပါကြောင်း၊ စဉ်ဆက်မပြတ်လေ့လာသင်ယူပြီး (Life Long Learning)၊ ပြည်သူများကို ဘေးကင်းလုံခြုံစိတ်ချရပြီး အရည်အသွေးရှိသော သူနာပြုစုမှုပညာများဖြင့် ပြုစုစောင့်ရှောက်မှုများပေးပြီး ပြည်သူလူထုမှ စိတ်ကျေနပ်မှုရရှိပြီး အားကိုးယုံကြည်ထိုက်သော သူနာပြုများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နေပြည်တော်နှင့် ဗန်းမော်သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများမှ တက်ရောက်အောင်မြင်သူ ၁၄၉ ဦးကိုယ်စား သစ်လွင်သူနာပြုသုံးဦးကို သစ်လွင်သူနာပြုဌာနဆိုင်ရာ အမိန့်စာများပေးအပ်ပြီး သစ်လွင်သူနာပြုတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။ ဌာနဆိုင်ရာအမိန့်စာပေးအပ်ပွဲအပြီး သစ်လွင်သူနာပြုများကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် သစ်လွင်သူနာပြုများနှင့်အတူ လန်းဆန်းစာများကို ရင်းနှီးချစ်ခင်စွာ အတူတကွ သုံးဆောင်ကြသည်။
အခမ်းအနားတွင် နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ သူနာပြု-သားဖွား ဒီပလိုမာအောင်မြင်သူ စုစုပေါင်း ၁၇၇၅ ဦးကို သစ်လွင်သူနာပြုများအဖြစ် ခန့်အပ်တာဝန် ပေးအပ်ခြင်းဖြစ်ပြီး ယခုနှစ်အောက်တိုဘာလကလည်း သူနာပြုသိပ္ပံဘွဲ့၊ သွားကျန်းမာရေးဒီပလိုမာရရှိသူ ၁၅၄ ဦးကို သစ်လွင်သူနာပြုများအဖြစ် ခန့်အပ်တာဝန်ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment