ပုဇွန်တောင် , ဒီဇင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်မောင်မယ်များအား ကာယ၊ ဉာဏ၊ မိတ္တ၊ ဘောဂ၊ စာရိတ္တဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်တွင် ဘက်စုံထူးချွန်ထက်မြက်သည့် လူရည်ချွန်လူငယ်များ ပေါ်ထွန်းလာရေး မျှော်မှန်းချက်ဖြင့် ရည်ရွယ်ပြုလုပ်သည့် "လူငယ်စကားဝိုင်း"နှင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာအုပ်လှူဒါန်းပွဲအခမ်းအနားကို ဒီဇင်ဘာလ(၃)ရက်နေ့နံနက် (၁၀) နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း "အနော်ရထာ" ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ(ကိုယ်စား) မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးမင်းဇော်မှ အဖွင့်အမှာစကားပြောကြားပြီး စာအုပ်လှူဒါန်းပွဲကို စတင်ကျင်းပရာ မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှတစ်ဆင့် လာရောက်လှူဒါန်းထားသည့် သုတ/ရသစာအုပ် (၁၀၁၂)အုပ်အား ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံပညာအထက်တန်း ကျောင်း(၄)ကျောင်း၊ အလယ်တန်းကျောင်း(၃)ကျောင်း၊ မူလတန်းကျောင်း(၁)ကျောင်းနှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ပညာရေးမှူးရုံး စာကြည့်တိုက် များအတွက် အလှူရှင်များက ပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာကျောင်းများနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက လက်ခံပေးခဲ့သည်။
ဆက်လက်ပြီး လူငယ်စကားဝိုင်းကို စတင်ဆွေးနွေးရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဟန်စုယဉ်က (Moderator) အဖြစ် ဆောင်ရွက်ပြီး အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းမှ Grade-11 မှ မောင်သူရထွန်းက "လူငယ်နှင့်ကျန်းမာရေး"၊ Grade-11 မှ မောင်ဝေယံဖြိုးက "လူငယ်နှင့်ယဉ်ကျေးမှု"၊ Grade-10 မှ မယဉ်ယဉ်ဝေက "လူငယ်နှင့်စာရိတ္တ"၊ Grade-10 မှ မောင်ဘုန်းပြည့်ချစ်သူက "လူငယ်နှင့်အားကစား"၊ Grade-9 မှ မဆုလဲ့နှင်း က "လူငယ်နှင့်နည်းပညာ"၊ Grade-8 မှ မရွှေလဝန်းက "လူငယ်နှင့်စာပေ" ခေါင်းစဉ်တို့ဖြင့် ကဏ္ဍအလိုက်ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် ဆွေးနွေးမှုများအပေါ် တက်ရောက်လာသည့် ကျောင်းသား /ကျောင်းသူများက သိလိုသည်များ ပြန်လည်မေးမြန်းခဲ့ရာ ဆွေးနွေးသူများက သက်ဆိုင်ရာကဏ္ဍ အလိုက် ပြန်လည်ဖြေကြားပေးခဲ့သည်။
ထို့နောက် တာဝန်ရှိသူများက လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့သည့် ကျောင်းသား/ ကျောင်းသူ များအား အမှတ်တရဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသူ/ကျောင်းသားလေးများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေး စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်များအား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဟန်စုယဉ်
https://t.me/MyanmarNationalPost
No comments:
Post a Comment