ပုသိမ်၊ ဒီဇင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(မြောင်းမြ) မြကျွန်းရွှေဝါခန်းမ၌ ယမန်နေ့က ပြုလုပ်သည့် မောင်မယ်သစ်လွင်ကြိုဆိုပွဲသို့ တက်ရောက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက “အလှပန်းအစဉ်ဖြာဝေ”တေးသီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်အား ပထမနှစ်ကျောင်းသား၊ ကျောင်းသူများနှင့် မိတ်ဆက်တင်ပြခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအတွက် အားထားရပြီး အလယ်အလတ်အဆင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးပညာရှင်များဖြစ်လာမည့် မောင်တို့မယ်တို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်ကြိုဆိုဂုဏ်ပြုပါကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံ ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးသည်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသော တိုင်းဒေသကြီးဖြစ်ပါကြောင်းနှင့် စိုက်ပျိုးရေးတွင်စံပြတိုင်းဒေသကြီးဖြစ်အောင်ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ အဓိကသီးနှံကြီး(၁၀)မျိုး ပန်းတိုင်အထွက်နှုန်း ရောက်ရှိရေးကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အလယ်အလတ်အဆင့်ပညာရှင်များ ဖြစ်လာမည့်မောင်တို့မယ်တို့ သည် ကျောင်းတော်ကြီးမှသင်ကြားပေးသည့်ပညာရပ်များဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား လက်တွေ့လုပ်ကိုင်ဆောင်ရွက် ကြရမည့်သူများဖြစ်ပါကြောင်း၊ သီးထပ်စွမ်းအား၊ သီးနှံစိုက် စွမ်းအားတိုးတက်စေရေးကြိုးပမ်းဆောင်ရွက်ရာတွင်မောင်တို့မယ်တို့၏အင်အားများများစွာ လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ရေးအတွက် အားလုံးကတာဝန်ရှိသည်ဟုခံယူ၍ ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် စိုက်ပျိုးရေးတွင် ပန်းတိုင်အထွက်နှုန်းရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်းကို အခြေခံဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မောင်မယ်တို့သည် ခေတ်မီသည့်စိုက်ပျိုးရေးနည်းပညာများကို တောင်သူများထံသို့ အရောက် ဖြန့်ဝေပေးကြရမည်ဖြစ်ပြီး တောင်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရေး မြှင့်တင်ဆောင်ရွက် ပေးကြရမည့်သူများလည်းဖြစ်ပါကြောင်း၊ မောင်မယ်တို့အနေဖြင့် ပညာသင်စဉ်ကာလတစ်လျှောက် ကျောင်းတော်ကြီးမှချမှတ်ထားသော စည်းကမ်းများကို တိကျစွာလေးစားလိုက်နာကြပြီး ပညာ ထူးချွန်၍ နိုင်ငံတော်အတွက်အားထားရသော စိုက်ပျိုးရေးနှင့်မွေးမြူရေးပညာရှင်များ ဖြစ်လာ စေရေးကြိုးစားကြရန်လိုပါကြောင်း” ကြိုဆိုနှုတ်ခွန်းဆက်အမှာစကားပြေကြားပြီး ပညာရည်ချွန် ဆုများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(မြောင်းမြ)သို့ ပထမနှစ်တွင် ပုသိမ်၊ မြောင်းမြ၊ မအူပင်၊ ဖျာပုံ၊ ဟင်္သာတ၊ မြန်အောင်၊ ကျုံပျော်၊ လပွတ္တာ၊ ရန်ကုန်(မင်္ဂလာဒုံ)(ကွမ်းခြံကုန်း)၊ ပဲခူး(ကြို့ပင်ကောက်) တို့မှ ကျောင်းသား၊ ကျောင်းသူ ၁၅၅ဦး တက်ရောက်လျက်ရှိပြီး ဒုတိယနှစ်တွင် ကျောင်းသား၊ ကျောင်းသူ ၉၉ဦးနှင့် တတိယနှစ်တွင် ကျောင်းသား၊ ကျောင်းသူ ၁၆၄ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၄၁၈ဦးတက်ရောက်လျက်ရှိကြောင်းသိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment