မြစ်ကြီးနား၊ ဒီဇင်ဘာ ၃
“အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ဖို့ အားလုံးပေါင်းစု ကြိုးပမ်းဖို့ ဘေဂျင်းကြေညာ စာတမ်းနှင့် လုပ်ငန်းစီမံချက်နှစ် (၃၀)ပြည့်ဆီ အရောက်လှမ်းစို့” ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်သော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲ မြစ်ကြီးနားမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကျား/မ ဖြစ်ခြင်းကို အခြေခံ ဖြစ်ပေါ်လာသော အကြမ်းဖက်မှုကို လူ့အခွင့်အရေးချိုးဖောက်သောကိစ္စရပ်များအဖြစ် အသိအမြင် တိုးလာစေရေး အမျိုးသမီးများအား အကြမ်းဖက်မှုလျော့ချရေး လုပ်ငန်းများ ပိုမိုရှင်းလင်းမြင်သာလာစေရန် ဖြစ်ပါကြောင်း၊ မိမိတို့ ကချင်ပြည်နယ်အတွင်းမှာလည်း ယခုလို (၁၆)ရက်တာ လှုပ်ရှားမှုမှ အစပြု၍ ကျား/မ အခြေပြု အကြမ်းဖက်ခြင်းနှင့် အခြားအကြမ်းဖက်မှုမျိုးစုံ ရပ်တန့်စေရေးအတွက် အမျိုးသမီးများအပေါ် တန်ဖိုးထားလေးစားပြီး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြိးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ အခမ်းအနားတက်ရောက်လာကြသည့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ အမျိုးသမီးအရေးကိစ္စရပ်များ ဆောင်ရွက်နေကြသည့်အဖွဲ့အစည်းများက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် ဗီဒီယိုကလစ်ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် သံလွင်ပရဟိတဂေဟာ၊ မေတ္တာရင်ခွင်ပရဟိတဂေဟာ၊ မေတ္တာရိပ်မြုံပရဟိတ ဂေဟာများမှ ကျောင်းသား/ ကျောင်းသူများနှင့် တာဝန်ရှိသူများက အမျိုးသမီးများ အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးတေးသရုပ်ဖော်များ၊ ပြဇာတ်များဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဖျော်ဖြေရေးအဖွဲ့များအတွက် ချီးမြှင့်ထောက်ပံ့ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ကချင်ပြည် နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ လေ့ကျင့်ပျိုးထောင်ရေးစင်တာတွင် ကျင်းပပြုလုပ်သော အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးပွားရေး စီမံကိန်းလုပ်ငန်းများအတွက် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းနှင့် မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ပြီး ယနေ့သင်တန်းတွင် အမျိုးသမီးများ ဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းနှင့် ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ပေးရေး စီမံကိန်းလုပ်ငန်းများအတွက် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသားများအနေဖြင့် သင်ကြားမှုအပေါ် အကျိုးရှိရှိလေ့လာသင်ယူကြရေး၊ တစ်ပိုင်တစ်နိုင် အသေးစားကုန်ထုတ်လုပ်ငန်းများမှတစ်ဆင့် လုပ်ငန်းရှင်များဖြစ်ပေါ်လာစေရေး ကြိုးစားသင်ယူကြရန်လိုကြောင်း တိုက်တွန်းအားပေးပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်း(၂)ခုအတွက် ထောက်ပံ့ငွေကျပ်သိန်း ၃၀ ကို လည်းကောင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းအတွက် သင်တန်းသုံးကုန်ကြမ်းပစ္စည်းများကို လည်းကောင်း၊ ပြည်နယ်သယံဇာ တရေးရာဝန်ကြီး ဦးတိန့်ဆောင်က မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်းအတွက် သင်တန်းသုံး ကုန်ကြမ်းပစ္စည်းများကိုလည်းကောင်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေးက သင်တန်းများအတွက် သင်ထောက်ကူပစ္စည်းများကိုလည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်တာဝန်ရှိသူများက သင်တန်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် သင်တန်းသုံးကုန်ကြမ်းပစ္စည်းများနှင့် သင်တန်းအထောက်အကူပြုပစ္စည်းများ ခင်းကျင်းပြသထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ကချင်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ပြည်နယ်အတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးပွားရေးအတွက် ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းစီမံကိန်းများ ရေးဆွဲချမှတ်၍ ဆောင်ရွက်ပေးလျက်ရှိရာ ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်သန်း(၉၀) အကုန်အကျခံ၍ ဒေသတစ်ခု ထုတ်ကုန်တစ်ခု၊ ခေတ်မီစံပြကျေးရွာဖော်ဆောင်၍ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေး၊ အမျိုးသမီးများ ဝင်ငွေတိုးရေး၊ အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေး၊ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရေး၊ ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ပေးရေးစသည့် စီမံကိန်းလုပ်ငန်းများဖြင့် မြစ်ကြီးနား၊ မိုးညှင်း၊ ဗန်းမော်၊ ပူတာအိုခရိုင်များအတွင်း ရှေ့ပြေးစီမံကိန်းအဖြစ် ကျေးရွာ (၉)ရွာတွင် Pilot Project အဖြစ် သင်တန်း (၉)ခု၊ သင်တန်းသားစုစုပေါင်း ၁၃၅ ဦးတို့အနက် မိသားစု(၄၅)စုအား ထောက်ပံ့၍ လုပ်ငန်းထူထောင်နိုင်သူ (၄၅)ဦးအား မွေးထုတ်ပေးနိုင်ခဲ့ကြောင်းနှင့် ယခုနှစ် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်လည်း ခရိုင် (၄) ခရိုင်အတွင်း ရပ်ကွက်/ ကျေးရွာပေါင်း (၁၄)ခုတို့တွင် ငွေကျပ် (၁၆၈ ဒဿမ ၀၀)သန်း အကုန်အကျခံ၍ သင်တန်း(၁၄)ကြိမ် ဖွင့်လှစ်ပေးသွားမည်ဖြစ်ရာ ယနေ့သင်တန်းအထိ မိသားစု (၇၀)စုအား ထောက်ပံ့၍ လုပ်ငန်းထူထောင်သူ (၇၀)ဦးထိ မွေးထုတ်ထားပြီးဖြစ်သဖြင့် ပြည်နယ်အတွင်း အသေးစားကုန်ထုတ်လုပ်ငန်းထူထောင်သူ ဦးရေစုစုပေါင်းမှာ (၁၁၅)ဦးဖြစ်ပြီး မိသားစု (၁၁၅)စုတို့အား ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment