ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (၃၃)ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (၃၃)ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီး











ရန်ကုန်၊ ဒီဇင်ဘာ ၁၅

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၏ (၃၃) ကြိမ် မြောက် နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးကို ယမန်နေ့က ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ(ရန်ကုန်) ၌ ကျင်းပသည်။

ရှေးဦးစွာ သဘာပတိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။ 

အခမ်းအနားတွင် သဘာပတိ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားခဲ့ရာတွင် "ကုန်သည်စက်မှုအသင်းချုပ်သည် ခေတ်စနစ် ပေါင်းများစွာကို  ဖြတ်သန်းခဲ့ရာ ပုဂ္ဂလိက စီးပွားရေးကဏ္ဍကို တစိုက်မတ်မတ် ကိုယ်စားပြုဆောင်ရွက်ခဲ့ပြီး အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍအကြားတွင် ပေါင်းကူး တံတားသဖွယ် ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ရေရှည်တည်တံ့သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပုဂ္ဂလိကကဏ္ဍရှင်သန်ဖွံ့ဖြိုးရေးကို ဖော်ဆောင်နိုင်ရန် ရှေးရှု၍ နယ်ပယ်ကဏ္ဍစုံပါဝင်သော စီးပွားရေးဆိုင်ရာ ဝန်ဆောင်မှုများနဲ့ အထောက်အကူပြု လုပ်ငန်းများကို ထိရောက်စွာလုပ်ဆောင်ပေးလျက် ရှိပါကြောင်း၊ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများတိုးတက်လာစေရန်နှင့် ကြုံတွေ့နေရသော စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများ၊ အခက်အခဲများကို ဝိုင်းဝန်းအဖြေရှာပေးနိုင်မည့် အရင်းအမြစ်ဗဟိုဌာန တစ်ခုအဖြစ် မိတ်ဖက်အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာကုန်သည် အသင်းများနှင့်ပါ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် နိုင်ငံတော်အား ခေတ်စနစ်နှင့်လျော်ညီသည့်ကောင်းမွန်သော အကြံပြုချက်များ တင်ပြနိုင်ရန် လုပ်ငန်းနယ်ပယ်အလိုက် သုတေသနနှင့် မူဝါဒပိုင်းဆိုင်ရာပြုစုတင်ပြမှုများကိုလည်း ထိရောက်စွာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများ စားဝတ်နေရေးနှင့် လူမှုစီးပွားဘဝ တည်ငြိမ်ရေးတို့အတွက်ပါ အရေးကြီးသည့် အလျောက် ပုဂ္ဂလိကစီးပွားရေးကဏ္ဍဆက်လက်ရှင်သန်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ရေရှည်တည်တံ့စေရေးတို့အတွက် အသင်းချုပ် အနေဖြင့် နိုင်ငံတော်အစိုးရ ၊ ညီနောင် အသင်းများ၊ ပြည်တွင်းပြည်ပ မိတ်ဖက် အဖွဲ့အစည်းများ ၊ အသင်းဝင်များ၊ စီးပွားရေး လုပ်ငန်းကဏ္ဍနယ်ပယ်စုံမှ လုပ်ငန်းရှင်များအပါအဝင် သက်ဆိုင်သူ အားလုံးနှင့် လက်တွဲ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးရေးအတွက် စိတ်အားထက်သန်သူများအားလုံးကို အသင်းချုပ်နှင့် အတူတကွ ပူးပေါင်း ဆောင်ရွက် ဖို့ လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ပါကြောင်း" ပြောကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က “ယနေ့လိုမျိုး မင်္ဂလာရှိလှတဲ့ နေ့ရက်တွင် ကုန်သည်စက်မှု အသင်းချုပ် အနေနှင့် နှစ်စဉ် အစဉ်အလာမပြတ် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေး ကျင်းပနိုင်ခြင်းမှာ အသင်းသားများ၏ ညီညွတ်မှု စွမ်းအား ပြယုဂ် ဖြစ်ပါကြောင်း၊ ယနေ့ စုံညီ အစည်းအဝေး ဖြစ်မြောက်ရေး အတွက် ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်သူများ အားလုံးကိုလည်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါကြောင်း၊ နိုင်ငံ တစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ ပုဂ္ဂလိက ကဏ္ဍဟာ အဓိက မောင်းနှင်အား တစ်ရပ် အနေနှင့် ပါဝင်ပါကြောင်း၊ နိုင်ငံတော်မှ ချမှတ်ထားသည့် စီးပွားရေး ဦးတည်ချက်များနှင့်အညီ နိုင်ငံ့စိးပွား တိုးမြှင့်ရေးနှင့် MSMEs လုပ်ငန်းများ ပိုမို ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့်  ‌ ကိုယ်စား ကုန်သည်/စက်မှုအသင်းချုပ် ကြီးရဲ့ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးမှုများနှင့် အောင်မြင်မှု များအတွက် ကျေးဇူးတင်ဂုဏ်ယူကြောင်း၊ နိုင်ငံတော်မှ ချမှတ်ထားသည့် စီးပွားရေး ဦးတည်ချက်များနှင့်အညီ နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် လုပ်ငန်းများဖြစ်လာစေရန် နည်းပညာ၊ ငွေကြေးအရင်းအနှီး၊ ဈေးကွက်၊ ကုန်ကြမ်း၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ စက်ပစ္စည်းနှင့် မြေနေရာ လိုအပ်ချက်တို့ကို နိုင်ငံတော်ဘက်မှ ဖြည့်ဆည်းပေး လျက်ရှိသကဲ့သို့ ကုန်သည်စက်မှုအသင်းချုပ်အနေဖြင့်  သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၊ မိမိတို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနအပြင် အခြားသောဝန်ကြီးဌာနများ၊ ညီနောင်အသင်းများနဲ့ အတူပူးပေါင်းကာ MSME လုပ်ငန်းများ ဈေးကွက် ပိုမိုချဲ့ထွင်နိုင်စေရန်၊ ပြည်တွင်း၊ ပြည်ပဈေးကွက်များသို့ လက်လှမ်းမှီစေရန်နှင့် ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားလာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိတာကိုလည်း တွေ့ရှိရပါကြောင်း၊ နိုင်ငံတော်မှ ချမှတ်ထားသည့် ကုန်သွယ်မှုဆိုင်ရာ မူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ကုန်သည်/စက်မှုအသင်းချုပ် ဘက်ကလည်း မူဝါဒဆိုင်ရာ တင်ပြခြင်းအားဖြင့် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍအကြား ပေါင်းကူးသဖွယ် ဆောင်ရွက်ပေးခဲ့ခြင်းက ပိုမိုကောင်းမွန်သည့် စီးပွားရေးဝန်းကျင် ဖြစ်လာစေရေးအတွက် များစွာအထောက်အကူဖြစ်စေပါကြောင်း၊ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ရာဂီမုန်တိုင်းကြောင့် မိမိတို့နိုင်ငံသာမက အခြားသော အိမ်နီးချင်းနိုင်ငံများတွင်လည်း ရေဘေးအန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရပြီး ရေဘေးကြောင့် ထိခိုက်နစ်နာခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အသင်းချုပ်နဲ့ ညီနောင်အသင်းများကလည်း တတပ်တအားပါဝင်ကူညီဆောင်ရွက်ပေးခဲ့တဲ့အတွက်ကိုလည်း နိုင်ငံတော် ကိုယ်စား ကျေးဇူးတင်ကြောင်း၊ ထိုကဲ့သို့ သဘာဝဘေး အန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့ခြင်းရဲ့ နောက်ဆက်တွဲ အနေဖြင့် စားနပ်

ရိက္ခာဖူလုံမှုနဲ့ ကုန်ဈေးနှုန်း တည်ငြိမ်မှုအပေါ်ကို သက်ရောက်မှု ရှိလာမှာဖြစ်သည့် အတွက် ကုန်သည်/စက်မှုအသင်းချုပ်နဲ့ အသင်းချုပ်ရဲ့ ညီနောင်အသင်းများအနေနဲ့ ပြည်သူများရဲ့ အကျိုးကို ရှေ့ရှုပြီး စားနပ်ရိက္ခာဖူလုံမှုရှိစေရေးနဲ့ ကုန်ဈေးနှုန်း တည်ငြိမ်ရေးတို့အတွက်  ဆက်လက်၍ ပူးပေါင်းကူညီဆောင်ရွက်ပေးရန် တိုက်တွန်း ပြောကြားလိုပါတယ်။ နိုင်ငံတော်အစိုးရ၏ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများမှာ အသင်းချုပ်ဘက်က ကြိုးပမ်းဆောင်ရွက်မှုများအတွက်ကိုလည်း ကျေးဇူးတင် ဂုဏ်ယူကြောင်း၊ ပုဂ္ဂလိကကဏ္ဍ၏ ပူးပေါင်းဆောင်ရွက်မှုသည် နိုင်ငံတော်အတွက် အားတစ်ခု ဖြစ်ပြီး အစိုးရ၊ ပုဂ္ဂလိက နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် ကြုံတွေ့လာမယ့် စိန်ခေါ်မှုများကို အောင်မြင်စွာကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါကြောင်း၊ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုဖြစ်ရန်၊ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ကျော်လွှားရန်နှင့် သာတူညီမျှမှုရှိတဲ့ အကျိုးကျေးဇူးများရရှိရန်မှာ နိုင်ငံတကာ အဖွဲ့အစည်းများရဲ့ ပူးပေါင်းကူညီမှု အခန်းကဏ္ဍဟာလည်း အဓိကကျတဲ့ အချက်တစ်ချက်ဖြစ် ကြောင်းကို ယခုလို နိုင်ငံတကာသံရုံးများနဲ့ နိုင်ငံတကာ အဖွဲ့အစည်းများ စုံလင်စွာတက်ရောက်တဲ့ အခမ်းအနားတွင် အသိအမှတ်ပြုပြောကြားလိုပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ကုန်သည်စက်မှုအသင်းချုပ်၏ နှစ်ပတ်လည်အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းကို အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်က ဖတ်ကြားတင်ပြပြီး ပြင်ပစာရင်း စစ် JF Group-Certified Public Accountants & Auditors ၏ စာရင်းစစ်အစီရင်ခံစာကို ဖတ်ကြားတင်ပြကာ ကြိုတင်ပေးပို့ထားသည့် မေးခွန်းနှင့် အကြံပြုချက်များကို ဖြေကြားသည်။ ဆက်လက်၍ နှစ်ပတ်လည် အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းကို အတည်ပြုပြီး ၂၀၂၄-၂၀၂၅ ခုနှစ် ဘဏ္ဍာနှစ်အတွက် ပြင်ပစာရင်းစစ်ကို ခန့်အပ်သည်။

ယင်းနောက် သဘာပတိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက နိဂုံးချုပ်အမှာစကား ပြောကြားပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ အသင်းချုပ်ဥက္ကဋ္ဌ၊ အလုပ် အမှုဆောင်အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများသည် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။ 

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ အသင်းချုပ် ဥက္ကဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များသည် အမျိုးသားဇာတ်ရုံအတွင်း ခင်းကျင်းပြသထားသည့် ပြခန်းများအား လှည့်လည်ကြည့်ရှုကြသည်။

အစည်းအဝေးသို့ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၄) ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ တာဝန်ရှိသူများ၊ ညီနောင်မိတ် ဖက်အသင်းများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ကုန်သည်စက်မှုအသင်းချုပ်၏ (၃၃) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။


Photo - (UMFCCI)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)