ကရင်ပြည်နယ်၏မြို့တော်ဘားအံမြို့တွင် ကရင်သက္ကရာဇ်(၂၇၆၄)ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားကို စည်ကားသိုက်မြိုက်စွာကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်၏မြို့တော်ဘားအံမြို့တွင် ကရင်သက္ကရာဇ်(၂၇၆၄)ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားကို စည်ကားသိုက်မြိုက်စွာကျင်းပ




ဘားအံ  , ဒီဇင်ဘာ ၃၁


ကရင်တိုင်းရင်းသားလူမျိုးများ၏ နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်ပြီး နှစ်စဉ်ကျင်းပမြဲဖြစ်သော ကရင်သက္ကရာဇ်(၂၇၆၄)ခုနှစ် ပြာသိုလဆန်း(၁)ရက်နေ့တွင် ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်၏မြို့တော်ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ သီရိကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။


ဦးစွာ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အလံတင်အခမ်းအနားကိုကျင်းပရာ တက်ရောက်လာကြသော ကရင်အမျိုးသားအပေါင်းနှင့်တိုင်းရင်းသားပြည်သူအပေါင်းတို့က အလံတင်မည့်သီရိကွင်းဒုံးစင်မြင့်ရှေ့၌ နေရာယူကြပြီး ကရင်လူငယ်များက ကရင်အမျိုးသားအလံကိုသယ်ဆောင်လာကြကာ ကရင်ရိုးရာကျွဲချိုမှုတ်၍ ဖားစည်တီးကာ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အလံတင်အခမ်းအနားကို ဖွင့်လှစ်သည်။


ထို့နောက် သဘာပတိကရင်ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်က ရောင်နီလာချိန်တွင် ကရင်အမျိုးသားအလံကို တိုင်ထိပ်သို့လွင့်ထူပေးရာ ကရင်အမျိုးသားအပေါင်းတို့က ကရင်အမျိုးသားသီချင်းကို စုပေါင်းသီဆိုကြပြီး ကရင်အမျိုးသားအလံတော်ကိုအလေးပြုကြကာ တွဲဖက်အခမ်းအနားမှူးက ကရင်အမျိုးသား အလံတော်သမိုင်းကြောင်းအကျဉ်းကို (ပိုးကရင်၊ စကောကရင်၊ မြန်မာဘာသာတို့ဖြင့်) ဖတ်ကြားသည်။


ယင်းနောက် နံနက်(၇)နာရီတွင် ကရင်သက္ကရာဇ်(၂၇၆၄)ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားကို ဆက်လက်ကျင်းပရာ ကျွဲချိုမှုတ်၍ဖားစည်တီးကာ အခမ်းအနားကိုစတင်ဖွင့်လှစ်ပြီး သဘာပတိကရင်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်နှင့်သဘာပတိအဖွဲ့ဝင်များက စင်မြင့်ထက်တွင်နေရာယူကြကာ အခမ်းအနားသို့တက်ရောက်လာကြသော ကရင်အမျိုးသားအပေါင်းနှင့် တိုင်းရင်းသားပြည်သူဧည့်သည်တော်အပေါင်းတို့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုကြသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ ပေးပို့သည့်သဝဏ်လွှာကို သဘာပတိဦးစောခင်မောင်မြင့်ကဖတ်ကြားပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်ထံမှပေးပို့သည့် သဝဏ်လွှာကို ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဦးစန်းကိုကဖတ်ကြားကာ ပြည်နယ်ဝန်ကြီးချုပ်သီရိပျံချီဦးစောမြင့်ဦးက နှစ်သစ်ကူးဆုမွန်ကောင်းစကားပြောကြားသည်။


ယင်းနောက် ကရင်အမျိုးသားနေ့ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်းကို ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းမှ လူငယ်မောင်မယ်များက မြန်မာဘာသာ၊ ပိုးကရင်ဘာသာ၊ စကောကရင်ဘာသာတို့ဖြင့်ဖတ်ကြားကြပြီး တွဲဖက်အခမ်းအနားမှူးက ကရင်ပြည်နယ်ရှိဂုဏ်ပြုခံအထင်ကရသက်ကြီးကရင်အဘိုး၊ အဘွားများ၏ ကိုယ်ရေးအကျဉ်းကိုဖတ်ကြားတင်ပြကာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဂုဏ်ပြုခံအထင်ကရသက်ကြီး ကရင်အဘိုး၊ အဘွားများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ကြသည်။


ဆက်လက်၍ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားကို စည်လုံးခြင်းသည်အင်အားဟု အဓိပ္ပာယ်ရသော အောဟုအောဟောင်ကရင်တေးသီချင်းဖြင့် သီဆိုရုပ်သိမ်းပြီး ဖီးဗူးယော်(ရိုးရာကောက်သစ်စားပွဲတော်)ကို ဆက်လက်ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဖီးဗူးယော်ကောက်သစ်စားပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ငြိမ်းချမ်းရေးချိုးငှက်များ ဘေးမဲ့လွှတ်ပေးကြသည်။


ထို့နောက် ဖီးဗူးယော်ကောက်သစ်စားပွဲတော်ကို ဆက်လက်ကျင်းပရာ ကရင်အဘိုး၊ အဘွားများနှင့် ကရင်တိုင်းရင်သားလူငယ်မောင်မယ်များက ဖီးဗူးယော်(ခေါ်)စပါးစောင့်နတ်သမီးကို ဖိတ်ခေါ်ပင့်ဆောင်၍ အခမ်းအနားမှူးက ကောက်သစ်စားပွဲ အကြောင်းရှင်းလင်းတင်ပြပြီး ကရင်တိုင်းရင်းသားလူငယ်မောင်မယ်များက ဖီးဗူးယော်ဆုတောင်းတေးသီချင်းများ စုပေါင်းသီဆိုကြကာ ကရင်လူမျိုးတို့၏ ရှေးခေတ်ထုံးတမ်းစဉ်လာများအတိုင်း ကောက်သစ်စားပွဲကို ဆင်ယင်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ကရင်အမျိုးသားအပေါင်းနှင့် တက်ရောက်လာသော ဧည့်သည်တော်အပေါင်းတို့က တည်ခင်းဧည့်ခံထားသော စားသောက်ဖွယ်ရာများကို အတူတကွသုံးဆောင်၍ ကောက်သစ်စားပွဲတော်ကို ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြပြီး ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် စတုဒိသာမဏ္ဍပ်တွင် တိုင်ရင်းသားပြည်သူများနှင့်အတူ နံနက်စာကို သုံးဆောင်ခဲ့ကြသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ်ခင်းကျင်းပြသထားသော ကရင်တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဓလေ့ယဉ်ကျေးမှုပြခန်း၊ ဗမာ၊ မွန်၊ ရှမ်း၊ ပအိုဝ်းတိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုပြခန်း၊ ဌာနဆိုင်ရာပြခန်းများနှင့် ဒေသတွင်း MSMEs အသေးစား၊ အငယ်စား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းရှင်များ၏ ထုတ်ကုန်ပြခန်းများစသည်ဖြင့် ပြခန်းပေါင်း ၃၀ ကျော်ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကရင်ကျောင်းသားများရိပ်သာတွင်ကျင်းပသည့် ကရင်သက္ကရာဇ်(၂၇၆၄)ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားသို့ တက်ရောက်အားပေးခဲ့ပြီး ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ကြသည်။


စောမျိုးမင်းသိန်:

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)