နေပြည်တော်၊ ဒီဇင်ဘာ ၂၈
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ (၆) နှစ်မြောက် ဝန်ကြီးဌာန နှစ်ပတ် လည်နေ့အခမ်းအနားနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားတို့ကို ယမန်နေ့က နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ဝန်ကြီးဌာန၏ (၆) နှစ်တာကာလအတွင်း နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒများ၊ လမ်းညွှန်ချက်များနှင့် အညီ နိုင်ငံ့စီးပွားရေးနှင့် ရင်းနှီး မြှုပ်နှံမှုများ တိုးတက်ရေးတို့အတွက် ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာ စီးပွားဆက်သွယ်ရေး အရှိန်အဟုန်ရရှိရေး အင်တိုက်အားတိုက် ကျရာကဏ္ဍမှ ပါဝင်ဆောင်ရွက် ခဲ့ကြသော ဝန်ထမ်းများကို အထူးဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ဝန်ကြီးဌာန၏ (၆)နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ဝန်ထမ်းများအတွက် ဆုများကို ချီးမြှင့်ပေးသွား မည်ဖြစ်ပါကြောင်း၊ ဆုများ ရွေးချယ်မှုနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးစီးဆောင်ရွက်ခဲ့ပြီး ဆု ၁၀ မျိုး ချီးမြှင့်ပေးသွားမည်ဖြစ် ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့အား ယုံကြည်စွာအပ်နှံထားသည့် လုပ်ငန်းတာဝန်များကို ကျေကျေပွန်ပွန် ထမ်းဆောင်ကြရန်၊ ဝန်ထမ်းများ စုစုစည်းစည်း ညီညီညွတ်ညွတ်ဖြင့် တစ်ဦးချင်း အရည်အသွေး၊ အရည်အချင်းပြည့်ပြည့်ဝဝဖြင့် တာဝန်ကျေပွန်အောင် ဆောင်ရွက်ကြရန်နှင့် စံပြဝန်ကြီးဌာနတစ်ခုဖြစ်အောင် ဆက်လက်ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က ဝန်ကြီးဌာန၏ (၆)နှစ်မြောက် နှစ်ပတ် လည်နေ့ ဆုများရွေးချယ်ခြင်းနှင့် စပ်လျဉ်းသည့် စံသတ်မှတ်ချက်များနှင့် ဆုများချီးမြှင့်ခြင်းတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ထူးချွန်စံပြဝန်ထမ်း (အရာထမ်း) ဆု၊ ထူးချွန်စံပြဝန်ထမ်း (အမှုထမ်း) ဆုနှင့် ဌာနခွဲစံပြဆုများ ချီးမြှင့်ပြီး ဒုတိယဝန်ကြီးနှင့် သက်ဆိုင်ရာဌာန အကြီးအကဲများက အခြားဆုများ ချီးမြှင့်ကြသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာန နှစ်ပတ်လည် ဂုဏ်ပြုညစာစားပွဲ အခမ်း အနားသို့ တက်ရောက်လာသော ဝန်ထမ်းများနှင့်အတူ ညစာသုံးဆောင်ပြီး ဝန်ထမ်းများအတွက် ကံစမ်းမဲဖောက်သည့် အစီအစဉ်များနှင့် ဖျော်ဖြေရေးအစီအစဉ်များတွင် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။
အဆိုပါ နှစ်ပတ်လည်အခမ်းအနားနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြား ရေးမှူးများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment