ပဲခူး၊ ဒီဇင်ဘာ ၂၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အတူ ယမန်နေ့က ပြည်ခရိုင်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှု အားပေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် ပြည်မြို့နယ် ဝန်တင်ဆိပ်ကျေးရွာ၌ နဝင်းချောင်းပေါ်တွင် သဘာဝရေစီးအားသုံးရေတင်ဒလက် (Water Wheel) ဖြင့် ဝါအထူးဇုန်ကို စိုက်ပျိုးရေပေးဝေနေမှုကို ကြည့်ရှုလေ့လာပြီး ဒေသခံဝါစိုက်တောင်သူများအား မျိုးကောင်းမျိုးသန့်ပြောင်းလဲပေးမှုနှင့် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးနိုင်သဖြင့် ဝါသီးနှံများ အထွက်နှုန်းတိုးတက်နိုင်သည့်အခြေအနေ၊ သီးထပ်စွမ်းအားတိုးတက်စေရေး ဆောင်ရွက်မည့်အစီအမံများနှင့် သီးခြားလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်မြို့နယ်သစ်ချိုပင်ကျေးရွာရှိ ဝါစိုက်တောင်သူများနှင့် တွေ့ဆုံ နှုတ်ခွန်းဆက်စကားပြောကြားပြီး မတ်ပဲမျိုးစေ့နှင့် သွင်းအားစုများ ချီးမြှင့်ပေးအပ်ကာ ဝါစံပြစိုက်ခင်းမှ ဝါခူးဆွတ်နေမှု၊ အထူးအထွက်နှုန်းကောင်းသည့် ငွေနှင်းမှုံမျိုးအောင်မြင်စွာ စမ်းသပ်စိုက်ပျိုး ထားမှုနှင့် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပြီးစီးမှုတို့ကို ကြည့်ရှုအားပေးကြသည်။
ယင်းနောက် ပြည်မြို့နယ် ဇီးအုပ်ကျေးရွာ တောင်သူလယ်သမားသင်တန်းကျောင်းသို့ရောက်ရှိပြီး တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းအမှတ်စဉ် (၃/၂၀၂၄) သင်တန်းဖွင့်ပွဲသို့ တက်ရောက်အမှာစကားပြောကြား၍ မြို့နယ် (၈) မြို့နယ် မှ သင်တန်းသားတောင်သူများအတွက် စားဖိုဆောင်မျိုးစေ့များချီးမြှင့်ပေးအပ်သည်။
ဆက်လက်၍ ပန်းတောင်း မြို့နယ်ကျွန်းမီးကျေးရွာအုပ်စု၌ မြေပဲစိုက်တောင်သူများ၊ နေကြာစိုက်တောင်သူများနှင့် တွေ့ဆုံအားပေးစကားပြောကြားကာ ဒေသခံတောင်သူများအား သွင်း အားစုများ ချီးမြှင့်ပေးအပ်သည်။ အဆိုပါ ကျွန်းမီးကျေးရွာအုပ်စု၌ တစ်ကွင်းတစ်ဆက်တည်း မြေပဲ စံပြစိုက်ခင်း ဧက ၂၀၀၀ ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် မျိုးကောင်းမျိုးသန့် ဖြန့်ဝေပေးနိုင်ခဲ့မှုကြောင့် ယခင်နှစ်က မြေပဲတစ်ဧကလျှင် ၁၂၂ တင်းကျော်ထွက်ရှိခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment