ကချင်ပြည်နယ်ဝန်ကြီးချုပ် ရိုးပြတ်ကျန် မိုးစပါးစိုက်ကွင်းများအတွင်း လယ်သီးထပ် ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ရိုးပြတ်ကျန် မိုးစပါးစိုက်ကွင်းများအတွင်း လယ်သီးထပ် ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကွင်းဆင်းဆောင်ရွက်




မြစ်ကြီးနား , ဒီဇင်ဘာ ၁၇


ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားဆီဖူလုံရေးအတွက် သီးထပ်စိုက်စွမ်းအား ၂၀၀ ရာခိုင်နှုန်းရရှိစေခြင်းဖြင့် ဆီဖူလုံမှု ၁၀၀ ရာခိုင်နှုန်းရရှိစေရေး ဦးတည်ရည်မှန်းချက်ထား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်း ၉ နာရီက မြစ်ကြီးနားမြို့ ပလန(၂) ကံကော်မြိုင်ကျေးရွာ၊ ကွင်းအမှတ် (၄၅) ကံကော်မြိုင်ကွင်းအတွင်း လယ်သီးထပ်ဆောင်း သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူအသိပေးဆွေးနွေးပွဲနှင့် ထယ်ရေးထွန်ယက်ပွဲအား တက်ရောက် ကြည့်ရှုအားပေးခဲ့ကြသည်။


ရှေးဦးစွာ မိုးစပါးရိတ်သိမ်းပြီး လယ်များတွင် ထပ်သီးထပ်ဆောင်းသီးနှံစိုက်ပျိုးနိုင်ရေး တောင်သူအသိပညာပေးဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဒေသတွင်း စားဆီဖူလုံမှု အနေဖြင့် ရာခိုင်နှုန်း (၄၀)ကျော်သာရှိသည့်အတွက် စားဆီဖူလုံရေးကို မိမိတို့ကိုယ်တိုင် တိုးမြှင့်စိုက် ပျိုးထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မိုးစပါးရိတ်သိမ်းပြီး ရိုးပြတ်ကျန်လယ်များတွင် လယ်သီးထပ်ဆောင်းသီးနှံအဖြစ် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မိမိတို့ ပြည်နယ်အစိုးရအဖွဲ့က လိုအပ်သည့် သွင်းအားစုများ၊ ဌာနဆိုင်ရာများအနေဖြင့်လည်း စိုက်ပျိုးနည်းပညာများကို ပံ့ပိုးကူညီမှုပေးသွားမည်ဖြစ်သည့် အတွက် ယနေ့ တောင်သူများအနေဖြင့် အဓိကအခန်းကဏ္ဍမှ ပူးပေါင်းပါဝင်ကြိုစားပေးကြရန် အလေးအနက် ထားတိုက်တွန်းလိုပါကြောင်း ပြောကြားသည်။


ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုဦးစီးဌာန၊ စက်မှုလယ်ယာ ဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများ၊ တာဝန်ရှိသူများက လယ်သီးထပ်ဆောင်းသီးနှံ စိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာကဏ္ဍအလိုက် ပံ့ပိုးဖြည့်ဆည်း‌ဆောင်ရွက်ပေးနိုင်သည့် ကိစ္စရပ်များနှင့် ပေါင်းစပ်ချိတ်ဆက်ကူညီပေးနိုင်သည့် ကိစ္စရပ်များကို အသီးသီးအသိပေး ရှင်းလင်းဆွေးနွေးခဲ့ကြရာ တက်ရောက် လာကြသည့် မိုးစပါးစိုက်တောင်သူများက ၎င်းတို့၏ လယ်များအတွင်း ဆောင်းသီးထပ် အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သည်များကို တင်ပြဆွေးနွေးကြသည်။


တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ထယ်ရေးအချိန်မီထွန်ယက်ပေးနိုင်ရေး၊ ချောင်းရေ၊ မြေအောက်ရေမှတစ်ဆင့် စိုက်ပျိုးရေ ရရှိအောင် ဆောင်ရွက်ပေးနိုင်ရေး သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး သီးထပ်စိုက်ပျိုးမည့် တောင်သူများအတွက် ရေဆင်း(၃)စပ်မျိုးနေကြာမျိုးစေ့အိတ်များ၊ ရေဆင်း(၅) ပဲပုပ်မျိုးစေ့အိတ်များနှင့် သဘာ ဝမြေသြဇာအိတ်များကို ပံ့ပိုးပေးအပ်ခဲ့သည်။


ထို့နောက် မိုးစပါးရိတ်သိမ်းပြီး ရိုးပြတ်ကျန်လယ်၌ စိုက်ပျိုးရေးဦးစီးဌာန၊ တာဝန်ရှိသူများနှင့်အတူ ရေဆင်း (၅)ပဲပုပ် မျိုးစေ့များ တောင်သူအသိပညာပေး ကြဲပက်စိုက်ပျိုးပေးခဲ့ကြပြီး အဆိုပါကံ့ကော်မြိုင်ကွင်း မိုးစပါးစိုက်လယ် ၁၉၉ ဧကအား စက်မှုလယ်ယာဦးစီးဌာနက လယ်ထွန်စက်များဖြင့် ထွန်ယက်ပေးနေမှုကို တောင်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါ စိုက်ကွင်း၏ အဓိကရေအရင်းမြစ်ဖြစ်သည့် ပလန(၂)ချောင်းအား ချောင်းရိုးတစ်လျှောက် ရေစီးရေလာကောင်းမွန် ရေးနှင့်လယ်ရေရရှိရေးအတွက် ပြုပြင်ဖောက်လုပ်ပေးနိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းကလည်း မြစ်ကြီးနားမြို့ စက်မှုဇုန်ရပ်ကွက် အတွင်းရှိ ဗလမင်းထင်စံပြကွင်းသို့သွားရောက်ပြီး လယ်သီးထပ် ဆောင်းသီးနှံစိုက်ပျိုးနိုင်ရေး ကွင်းအတွင်းထယ်ရေးဝင်ရောက်နိုင်ခြင်းမရှိသေးသည့် ရေဝပ်လယ်များအား အချိန်မီ ထွန်ယက်နိုင်ရေး အတွက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက စက်ယန္တရားများဖြင့် လယ်ကြားမြေသားမြောင်းတူးဖော်ဆောင်ရွက်နေမှု အခြေအနေများနှင့် ထယ်ရေးထွန်ယက်ပြီးစီးသည့် လယ်ဧကများအား လှည့်လည်ကြည့်ရှကြည့်စစ်ဆေးခဲ့ကြပြီး တိုးချဲ့စိုက်ပျိုးမည့် လယ်သီးထပ်စိုက်ဧက ၁၀၀ ကျော်အား အချိန်မီကြဲပက်စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေလုံလောက်စွာရရှိရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ပေးရမည့် လုပ်ငန်းများအပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။


ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့၌ ပြည်နယ်အစီ အစဉ်ဖြင့် ဧရာဝတီရှုခင်းသာ အများပြည်သူအပန်းဖြေစခန်းတစ်ခု အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် စီတာပူရပ်ကွက်၊ မနောကွင်းအရှေ့ဘက်ရှိ ဧရာဝတီမြစ်ဆိပ်နေရာသို့ သွားရောက်ပြီး စည်ပင်သာယာရေးအဖွဲ့မှ ကမ်းနားအဆင်း ကွန်ကရစ်လမ်းသစ် ဖောက်လုပ်နေမှု အခြေအနေများ၊ မြေယာရှုခင်းပြုပြင်ခြင်း လုပ်ငန်းများ၊ အင်ဂျန်းခချောင်းပေါ်တွင် ဝါးတံတားတည်ဆောက်ပြီးစီးမှုအခြေအနေများ၊ မြစ်ကမ်းဘေးတစ်လျှောက် ကျောက်တုံး၊ ကျောက်ခဲများဖြင့် ပုံ‌ဖော်အလှဆင်လျက် ရှိသည့် လုပ်ငန်းများ၊ ရိုးရာတဲအိမ်များ တည်ဆောက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။


ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ နေပြည်တော်၌ ကျင်းပပြုလုပ်လျက်ရှိသည့် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့် အားကစားပြိုင်ပွဲများမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲများအပြီး ပြန်လည်ရောက်ရှိလာကြသော ကြက်တောင်၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ တိုက်ကွမ်ဒို၊ လက်ဝှေ့၊ ရေကူး၊ ကိုယ်ကာယကြံ့ခိုင်မှု၊ ဘောလုံး၊ မြန်မာ့သိုင်း အားကစားသမားအချို့အား ညနေ ၇ နာရီက မြစ်ကြီးနားလေဆိပ်၌ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ အားကစားသမားများ၏ မိဘများနှင့် ညီအစ်ကိုမောင်နှမများ၊ ကျောင်းသား/ ကျောင်းသူများ၊ ဘင်ခရာအဖွဲ့နှင့်အတူ ဂုဏ်ပြုပန်းကုံးဖြင့် လှိုက်လှဲနွေးထွေးစွာ ဂုဏ်ပြုကြိုဆိုခဲ့ ကြသည်။


ယင်းနောက် လေဆိပ်ဧည့်ခန်းမဆောင်၌ အားကစားအဖွဲ့များအား ပြည်နယ်ဝန်ကြီးချုပ်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခမ်းခမ်းနားနား ကျင်းပပြုလုပ်လျက်ရှိသည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်ခဲ့ကြသည့်အတွက် မိမိအနေဖြင့် ပြည်နယ်သူ/ ပြည်နယ်သားများ ကိုယ်စား များစွာ ဂုဏ်ယူပါကြောင်း၊ ထို့အပြင် လာမည့်ပြိုင်ပွဲများ တွင်လည်း ပြည်နယ်အတွက် ယခုကဲ့သို့ ဂုဏ်ယူရသည့် လူငယ်များအဖြစ် ကြိုးစားကြစေလိုကြောင်း ဂုဏ်ပြုပြောကြားပြီး အားကစားနည်းအလိုက် အုပ်ချုပ်သူ/ နည်းပြများက ပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင် ခဲ့ရသည့် အတွေ့အကြုံများနှင့် ဆုတံဆပ်ဆွတ်ယူရရှိမှု အခြေအနေများကို အသီးသီး ရှင်းလင်းတင်ပြ မှုအပေါ် အားပေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ကြိုဆိုရေးအဖွဲ့များအတွက် ဂုဏ်ပြုငွေများကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။


ကချင်ပြည်နယ်အနေဖြင့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အားကစားနည်း (၂၃)နည်းအနက် အားကစားနည်း (၂၁) နည်းတွင် ပြိုင်ပွဲဝင်ဦးရေပေါင်း(၃၈၀)ကျော်ဖြင့် ပါဝင်ယှဉ်ပြိုင် လျက်ရှိပြီး ယနေ့ ရောက်ရှိလာသော အားကစားသမားများသည် သက်ဆိုင်ရာပြိုင်ပွဲများအပြီး ပြန်လည်ရောက်ရှိလာခြင်းဖြစ်ကြောင်းနှင့် ကချင်ပြည်နယ်အနေဖြင့် အမျိုးသားအားကစားပွဲတော်တွင် ၁၆-၁၂- ၂၀၂၄ ရက်နေ့အထိ ရွှေတံဆိပ် ၁၄ ခု၊ ငွေတံဆိပ် ၉ ခု နှင့် ကြေးတံဆိပ် ၁၆ ခု ရရှိထားကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)