ဒေးဒရဲ , ဒီဇင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ ကျေးလက်နေပြည်သူများ ကျန်းမာရေး ဗဟုသုတများ ပိုမိုတိုးပွားစေရန်နှင့် အာဟာရပြည့်ဝသည့် အစားအစာများ ညီညွတ်မျှတစွာ စနစ်တကျစားသုံးနိုင်စေရေး ရည်ရွယ်၍ သွေးချို၊ ဆီးချို၊ အသည်းရောင်အသားဝါရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာလ(၂၁)ရက်နေ့ မွန်းလွဲ(၁၂)နာရီခွဲက တညင်ကုန်းကျေးရွာ၊ ပေါ်တော်မူဘုရားဝန်းရှိ ဓမ္မာရုံတွင် ကွင်းဆင်းဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူး ဒေါ်သင်းသင်းမွန်က လူမှုနေထိုင်မှုစနစ်များ တိုးတက်လာသည်နှင့်အညီ ပြည်သူများအဖြစ်များလာသည့် သွေးချို၊ ဆီးချို၊ အသည်းရောင်အသားဝါရောဂါများအကြောင်းကို ပြည်သူများ ကြိုတင်သတိထားလိုက်နာနိုင်စေရေးအတွက် ကျေးရွာများအရောက် ကျန်းမာရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ဟောပြောခဲ့ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆရာမကြီး ဒေါ်ညိုညိုထွေးနှင့် ကျန်းမာရေးဆရာမများက သွေးချို၊ ဆီးချို၊ အသည်းရောင်အသားဝါရောဂါ ဖြစ်ပွားရခြင်းအကြောင်းအရင်းများ၊ ကြိုတင်ကာကွယ်နိုင်ရေးအတွက် နေထိုင်စားသောက်မှုပုံစံများ၊ ကိုယ်ခန္ဓာကျန်းမာစေရေး ကိုယ်လက်လေ့ကျင့်ခန်းဆောင်ရွက်ရမည့် နည်းစနစ်များ၊ ဖြစ်ပွားလာပါကကုသရမည့် နည်းလမ်းများကို အသိပညာပေးဟောပြောခဲ့ပြီး ကျေးရွာရှိ ပြည်သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ လိုအပ်သည့်ဆေးဝါးများ ဖြန့်ဝေပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြိုနယ် မိခင်နှင့် ကလေးစောင့်ရှောက်မှုအသင်းအနေဖြင့် ပြည်သူများကျန်းမာရေးဗဟုသုတများ ပိုမိုရရှိစေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ကျေးရွာအရောက်ကွင်းဆင်း၍ အသိပညာပေး ဟောပြောခြင်းလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အပတ်စဥ်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment