နွေရာသီကျောင်းပိတ်ရက်များတွင် ယဉ်ကျေးလိမ္မာ ရက်တို/ ရက်ရှည် သင်တန်းများကို မြို့နယ်သံဃနာယကအဖွဲ့များက ဦးစီး ဆောင်ရွက်မှုဖြင့် နှစ်စဉ် ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြန်လည်ဖြေကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နွေရာသီကျောင်းပိတ်ရက်များတွင် ယဉ်ကျေးလိမ္မာ ရက်တို/ ရက်ရှည် သင်တန်းများကို မြို့နယ်သံဃနာယကအဖွဲ့များက ဦးစီး ဆောင်ရွက်မှုဖြင့် နှစ်စဉ် ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြန်လည်ဖြေကြား



နေပြည်တော်၊ ဒီဇင်ဘာ ၂၃

နွေရာသီ ကျောင်းပိတ်ရက်မှာ ပညာရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့ရဲ့ အစီအစဉ်နဲ့ တည်ငြိမ်အေးချမ်းတဲ့ ဒေသများမှာ ယဉ်ကျေးလိမ္မာ ရက်တို/ ရက်ရှည်သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးသွားရန် အစီအစဉ်ရှိပါသလား ဟု မြန်မာနေရှင်နယ်ပို့စ် က ဆက်သွယ်မေးမြန်းသည့်အပေါ် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ နွေရာသီကျောင်းပိတ်ရက်များတွင်လည်း ယဉ်ကျေးလိမ္မာ ရက်တို/ ရက်ရှည် သင်တန်းများကို မြို့နယ်သံဃနာယကအဖွဲ့များက ဦးစီး ဆောင်ရွက်မှုဖြင့် နှစ်စဉ် ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြန်လည်ဖြေကြားထားသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြန်လည်ဖြေကြားရာတွင် "နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ညွှန်ကြားလွှာအမှတ်(၄၅)ဖြင့် နိုင်ငံတော်တစ်ဝန်းလုံးရှိ မြို့နယ်အသီးသီး၌ မြို့နယ်သံဃနာယကအဖွဲ့များက တာဝန်ယူ၍ နှစ်စဉ်ဗုဒ္ဓဘာသာ ယဉ်ကျေးမှု စာမေးပွဲများ ကျင်းပသွားရန် ညွှန်ကြားထားသည့်အတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ မြို့နယ်သံဃနာယက အဖွဲ့များက တာဝန်ယူ၍ နွေရာသီ ကျောင်းပိတ်ရက်များတွင် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲများကို ၁၉၈၄ ခုနှစ် မှစ၍ နှစ်စဉ်ကျင်းပဆောင်ရွက်လျက်ရှိပြီး ၂ဝ၂၄ ခုနှစ်အထိ ဖြေဆိုသူပေါင်း ၃၉၃၅၈၁ဝ ဦး ရှိပါကြောင်း၊ (၃၉)ကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲကို တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ မြို့နယ် ၁ဝ၄ မြို့နယ်တို့တွင် စာဖြေဌာန ၄၄ဝ ဌာနဖွင့်လှစ်၍ ၂ဝ၂၄ ခုနှစ်၊ မေလ ၁၈၊ ၁၉၊ ၂ဝ ရက်နေ့ များတွင်ကျင်းပခဲ့ရာ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၄၃၁၆၄ ဦး ဝင်ရောက်ဖြေဆိုခဲ့ပါကြောင်း၊ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့၏ ညွှန်ကြားလွှာအမှတ်(၄၅)ဖြင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု စီမံချက်စည်းမျဉ်းနှင့်အညီ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်ခန်းစာ စာအုပ်ကိုပြဋ္ဌာန်းပေးခဲ့ပြီး ယဉ်ကျေးမှုကျင့်ဝတ်ဘာသာ၊ ဗုဒ္ဓ ဘာသာ မြန်မာစာဘာသာနှင့် အဘိဓမ္မာဘာသာတို့ကို တစ်နှစ်တည်း မဖြေဆိုနိုင်ပါက တစ်ဘာသာ၊ နှစ်ဘာသာ၊ ပိုင်းခြား၍ ဝင်ရောက်ဖြေဆိုနိုင်ပြီး သုံးဘာသာလုံး အောင်မြင်သူများကိုသာ အောင်လက်မှတ် ထုတ်ပေးပါကြောင်း ဖြေကြားထားသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ညွှန်ကြားချက်များနှင့်အညီ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲကို နှစ်စဉ်ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် နွေရာသီကျောင်းပိတ်ရက်များတွင်လည်း ယဉ်ကျေးလိမ္မာ ရက်တို/ ရက်ရှည် သင်တန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များမှ မြို့နယ်သံဃနာယကအဖွဲ့များက ဦးစီး ဆောင်ရွက်မှုဖြင့် နှစ်စဉ် ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ဖြေကြားထားသည်။

မြန်မာနေရှင်နယ်ပို့ က ဆက်သွယ်မေးမြန်းရာတွင် တိုင်းပြည်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဆူပူအကြမ်းဖက်မှုများနဲ့အတူ လူငယ်တွေမှာ ဘာသာရေးအသိတရား အားနည်းလာတဲ့ အခြေအနေကို နိုင်ငံတော်အကြီးအကဲများနဲ့ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများလည်း သတိပြုမိလိမ့်မယ်လို့ ယူဆပါကြောင်း၊ လူငယ်များဟာ ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာများရဲ့ သွေးထိုးလှုံ့ဆော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်တချို့ရဲ့ ကြိုးကိုင်မှုနဲ့ ကိုယ့်ဘာသာ သာသနာကိုပင် ဖျက်ဆီး စော်ကားမှုတွေ လုပ်လာကြောင်း၊ ဒီအခြေအနေအပေါ်မှာ ဆရာတော်သံဃာတော်များကလည်း အလေးအနက်ထား ပြောဆိုလာကြတာကို တွေ့မြင်ရပါကြောင်း၊ ဆူပူအကြမ်းဖက်မှုတွေကြောင့် ဆရာတော်သံဃာတော်များ၊ အပြစ်မဲ့ ပြည်သူများ သေဆုံးနေရတာလည်း ဆိုးရွားလွန်းလှပြီး ဒီလူငယ်မျိုးဆက်ကို ဘာသာရေးအသိပညာ လက်ဆင့်မကမ်းနိုင်ဘူးဆိုရင် နောက်ဆက်တွဲအနေနဲ့ ပိုမိုဆိုးရွားတဲ့ အခြေအနေကို ရှုမျှော်ပြောဆိုလာကြပါကြောင်း၊ နွေရာသီ ကျောင်းပိတ်ရက်မှာ ပညာရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့ရဲ့ အစီအစဉ်နဲ့ တည်ငြိမ်အေးချမ်းတဲ့ ဒေသများမှာ ယဉ်ကျေးလိမ္မာ ရက်တို/ ရက်ရှည်သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးသွားရန် အစီအစဉ်ရှိပါသလား။ အကယ်၍များ ဆရာတော်သံဃာတော်များနဲ့ အရပ်ဘက်အဖွဲ့အစည်းများက ဆောင်ရွက်လိုသော် သက်ဆိုင်ရာဝန်ကြီးဌာနများအနေနဲ့ ယဉ်ကျေးလိမ္မာ ပြဋ္ဌာန်းစာအုပ်များနှင့် လိုအပ်သည်များကို ကူညီပံ့ပိုးပေးနိုင်မလား ဟု ဆက်သွယ်မေးမြန်းခဲ့ခြင်း ဖြစ်သည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)