လေကြောင်းနှင့် အာကာသစွမ်းအားဟာ စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကအရေးပါသည့် အခန်းကဏ္ဍက ပါဝင်နေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လေကြောင်းနှင့် အာကာသစွမ်းအားဟာ စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကအရေးပါသည့် အခန်းကဏ္ဍက ပါဝင်နေ









နေပြည်တော်၊ ဒီဇင်ဘာ ၁၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ တပ်မတော် (လေ) ၏ (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် နိုင်ငံတော်နှင့် တပ်မတော်၏ လေကြောင်းစွမ်းပကားမြင့်မားစေရန်အတွက် လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာတပ်နယ်ရှိ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ် (လေ) များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ လေတပ်စခန်းဌာနချုပ်မှူးများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အမှာစကားပြောကြားရာတွင် ယနေ့သည် တပ်မတော် (လေ) ၏ (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားဖြစ်ပြီး ယခုကဲ့သို့မင်္ဂလာရှိသည့်နေ့တွင် နိုင်ငံတော်ကာကွယ်ရေး တာဝန်များထမ်းဆောင်ရာ၌ တပ်မတော် (လေ) ၏စွမ်းရည် မြင့်မားတိုးတက်ရေးအတွက် လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်အခမ်းအနားကို ကျင်းပပြုလုပ်သွားမည်ဖြစ်သည့်အတွက် နိုင်ငံတော်၊ တပ်မတော်နှင့် တပ်မတော် (လေ) အတွက် ဂုဏ်ယူဖွယ်ရာနေ့တစ်နေ့လည်းဖြစ်ကြောင်း။

ယခင်က တပ်မတော် (လေ) လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်အခမ်းအနားများ ၁၄ ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ ယနေ့တွင် လေယာဉ်၊ ရဟတ်ယာဉ်များကို တပ်တော်ဝင်ခြင်း ဆောင်ရွက်ပြီး တပ်မတော် (လေ) သို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ လေယာဉ်ရဟတ်ယာဉ်များ တိုးတက်ဖြည့်ဆည်းပေးနိုင်သည့်အတွက် တပ်မတော် (လေ) ၏ စစ်ဆင်ရေးနှင့် အခြားပျံသန်းရေးတာဝန်များ ထမ်းဆောင်ရာတွင် အဓိကအရေးပါသည့် စွမ်းဆောင်ရည်များကို မြှင့်တင်ပေးရာရောက်သကဲ့သို့ တပ်မတော်အတွက် တိုက်စွမ်းရည်နှင့် တိုက်စွမ်းအား တိုးတက်မြင့်မားအောင် အထောက်အကူပြုစေမည်လည်းဖြစ်ကြောင်း။

မျက်မှောက်ခေတ် ကမ္ဘာတစ်လွှား ဖြစ်ပွားနေသည့် စစ်ပွဲများနှင့် လက်နက်ကိုင်ပဋိပက္ခများကို လေ့လာဆန်းစစ်ကြည့်ပါက လေကြောင်းနှင့် အာကာသစွမ်းအားဟာ စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကအရေးပါသည့် အခန်းကဏ္ဍက ပါဝင်နေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ လေကြောင်းစွမ်းအား သာလွန်ကောင်းမွန်ရန် ရန်သူအပေါ် လွှမ်းမိုးထိန်းချုပ်ချေမှုန်းနိုင်ပြီး မိမိတပ်ဖွဲ့များ၏ စိတ်ဓာတ်နှင့် တိုက်စွမ်းရည် ပိုမိုအားကောင်းတိုးတက်စေကြောင်း သိသာထင်ရှားစွာ တွေ့မြင်နေရကြောင်း၊ ထို့ကြောင့် တပ်မတော် (လေ) အနေဖြင့် ဖြစ်ပေါ်တိုးတက်နေသည့် အခြေအနေများကို မျက်ခြည်မပြတ် လေ့လာသုံးသပ်ဆန်းစစ်ပြီး လိုက်လျောညီထွေစွာ ပြောင်းလဲတိုးတက်ဆောင်ရွက်နေရမည်ဖြစ်ကြောင်းကို အလေးအနက်မှာကြားလိုကြောင်း။

ပိုင်ဆိုင်ထားသည့် လေယာဉ်၊ ရဟတ်ယာဉ်များနှင့် လက်နက်စနစ်များ၏ စွမ်းဆောင်ရည်ကို အပြည့်အဝအသုံးချစစ်ဆင်နိုင်ရန် လေ့ကျင့်သားပြည့်ဝမှုသည် အဓိကလိုအပ်ချက်ဖြစ်ကြောင်း၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှုသည် စဉ်ဆက်မပြတ် ဖြစ်ပေါ်ပြောင်းလဲနေသည့်အတွက် တစ်ကြိမ်တစ်ခါလေ့ကျင့်ရုံဖြင့် မလုံလောက်ဘဲ “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဟူသည့် လုပ်ငန်းစဉ်အတိုင်း အမြဲမပြတ် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ယနေ့ကာလတွင်အင်အားကြီးနိုင်ငံများ၏ အချင်းချင်းအားပြိုင်မှုများ တိုးတက်ဖြစ်ပေါ်လျက်ရှိပြီး အကျိုးဆက်အနေဖြင့် နိုင်ငံငယ်များအပေါ် ကဏ္ဍပေါင်းစုံမှ ဝင်ရောက်စွက်ဖက်ပြီး လွှမ်းမိုးခြယ်လှယ်ရန် ကြိုးပမ်းမှုများ၊ နိုင်ငံအချင်းချင်း ပိုင်နက်နယ်မြေအငြင်းပွားမှုများ၊ အကြမ်းဖက်တိုက်ခိုက်မှုများ၊ ပြည်တွင်းမငြိမ်မသက်မှုများသည် ကမ္ဘာ့နေရာအနှံ့အပြားတွင် ဖြစ်ပွားလျက်ရှိနေကြောင်း။

တပ်မတော် (လေ) ၏သမိုင်းကို ပြန်ကြည့်မည်ဆိုပါက အခက်အခဲများကြားမှ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် ဇွဲသတ္တိတို့ကို အရင်းခံပြီး ရှိသည့်လေယာဉ်၊ ရှိသည့် လက်နက်ဖြင့်ရည်မှန်းချက်အောင်မြင်အောင် ကြိုးစားတိုက်ပွဲဝင်ခဲ့သည်ကို အထင် အရှားတွေ့မြင်နေရကြောင်း၊ ထိုကဲ့သို့ မြင့်မြတ်ဂုဏ်ယူဖွယ်ဖြစ်သည့် အစဉ်အလာကောင်းများကို တန်ဖိုးထားထိန်းသိမ်းပြီး နောက်မျိုးဆက်သစ်များအတွက် လက်ဆင့်ကမ်းအမွေ ဆက်လက်ပေးအပ်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

တပ်မတော်က ဆောင်ရွက်အကောင်အထည်ဖော်နေသည့် နိုင်ငံတော်ကာကွယ်ရေး၊ နိုင်ငံတော်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် တပ်မတော် (လေ) အနေဖြင့်လည်း ကျရာအခန်းကဏ္ဍမှ တက်တက်ကြွကြွ ဆက်လက်ပါဝင်ထမ်းဆောင်သွားကြရန်၊ ယခုတပ်တော်ဝင်ပေးလိုက်သည့် လေယာဉ် ရဟတ်ယာဉ်များကို မြတ်နိုးတန်ဖိုးထားစွာ ကိုင်တွယ်အသုံးပြုပျံသန်းပြီး တပ်မတော်၏ဂုဏ်ကို မြှင့်တင်ဆောင်ရွက်သွားကြရန်၊ နိုင်ငံတော်ကို ထိထိရောက်ရောက် ကာကွယ်စောင့်ရှောက်နိုင်သည့် စွမ်းရည်မြင့်မားသော ခေတ်မီတပ်မတော် (လေ) အဖြစ် အစဉ်ရပ်တည်နိုင်အောင် ကြိုးစားအားထုတ်တည်ဆောက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်ခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားပြီး စစ်ဦးစီးအရာရှိချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်က လေယာဉ်၊ ရဟတ်ယာဉ်များအား တပ်တော်ဝင်အဖြစ် ကြေညာသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်အထိမ်းအမှတ် လေယာဉ်ပုံစံငယ်များကို ဂါရဝပြု ပေးအပ်သည်။

ထို့နောက် လေယာဉ်၊ ရဟတ်ယာဉ်များ သရုပ်ပြအုပ်ဖွဲ့ပျံသန်းအလေးပြုခြင်းနှင့် ကျွမ်းထိုးသရုပ်ပြပျံသန်းခြင်းများ ပြသကြရာ ဦးစွာ အချိန်ကိုက်ပျံသန်းအလေးပြုခြင်းအစီအစဉ်အရ သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် ၂ စီးတို့က နိုင်ငံတော်အလံနှင့် တပ်မတော်အလံကိုချိတ်ဆွဲပြီး အပေါ့စားသယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် ၂ စီးတို့က ခြံရံလိုက်ပါပျံသန်း၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အလေးပြုကြသည်။

ယင်းနောက် အပေါ့စားသယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် ၄ စီးတို့က အမျိုးအစားမတူညီသည့် Composite Box Formation အုပ်ဖွဲ့ပုံစံဖြင့်လည်းကောင်း၊ တပ်မတော် (လေ) မှ စမ်းသပ်တီထွင်ထုတ်လုပ်ထားသည့် ကင်းထောက်လေယာဉ် ၂ စီးနှင့် အမောင်းသင်လေယာဉ် ၁ စီးတို့က အမျိုးအစားမတူညီသည့် Composite Trail Formation အုပ်ဖွဲ့ပုံစံဖြင့်လည်းကောင်း၊ သယ်ယူပို့ဆောင်ရေးလေယာဉ် ၁ စီးနှင့် အလတ်စားသယ်ယူပို့ဆောင်ရေး လေယာဉ် ၂ စီးတို့က အမျိုးအစားမတူညီသည့် Composite Arrow Head Formation အုပ်ဖွဲ့ပုံစံဖြင့်လည်းကောင်း၊ ဂျက်တိုက် လေယာဉ်သုံးစီးတို့က Composite Trail Formation အုပ်ဖွဲ့ပုံစံဖြင့် တပ်မတော်(လေ) ကို ကိုယ်စားပြုသည့် အဝါရောင်၊ အဖြူရောင်၊ အပြာရောင် မီးခိုးများကို ထုတ်လွှတ်၍လည်းကောင်း၊ ကြားဖြတ်တိုက်ခိုက်ရေးလေယာဉ် ၂ စီးနှင့် ဘက်စုံသုံးဂျက်တိုက်လေယာဉ် ၂ စီးတို့က အမျိုးအစားမတူညီသည့် Composite Box Formation အုပ်ဖွဲ့ပုံစံဖြင့်လည်းကောင်း၊ တိုက်လေယာဉ် ၃ စီးတို့က Composite Arrow Head Formation အုပ်ဖွဲ့ပုံစံဖြင့်ပျံသန်းမောင်းနှင်ကြပြီး ရှုရပ်၏ ရှေ့တူရှုတည့်တည့်မှ ပျံသန်းဝင်ရောက်ကာ ယပ်တောင်ဖြန့်ခွဲပုံစံဖြင့် လည်းကောင်း၊ အမောင်းသင်လေယာဉ် ၁ စီး၊ ဘက်စုံသုံးဂျက်တိုက်လေယာဉ် ၁ စီးနှင့် စတုတ္ထ မျိုးဆက်လွန် ဘက်စုံသုံး အကြီးစားဂျက်တိုက် လေယာဉ် ၁ စီးတို့က အမျိုးအစားမတူ၊ အရွယ်အစားမတူ၊ ပျံသန်းနှုန်းမတူညီသည့် လေယာဉ်အမျိုးအစား ၃ မျိုးတို့က Composite Arrow Head Formation အုပ်ဖွဲ့ပုံစံဖြင့်လည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ပျံသန်းအလေးပြုခြင်းများ ဆောင်ရွက်ကြ သည်။

ထို့နောက် တိုက်လေယာဉ်တစ်စီးက အမြန်နှုန်း တစ်နာရီ ၉၀၀ ကီလိုမီတာနှုန်း High Speed Flight ဖြင့် ပျံသန်းကာ ရုတ်ချည်းအပေါ်တည့်တည့်သို့ ထောင်တက်၍ Zoom Climb Maneuver ကို စွမ်းရည်သရုပ်ပြပျံသန်းပြီး စတုတ္ထမျိုးဆက်လွန် ဘက်စုံသုံးအကြီးစားတိုက်လေယာဉ်ဖြစ်သည့် Su-30 SME တိုက်လေယာဉ် ၁ စီးက ရန်သူမှ တန်ပြန်ပစ်ခတ်လာနိုင်သည့် လေကြောင်းရန်ကာကွယ်ရေး လက်နက်များ အား ရှောင်ရှားပျံသန်းရာတွင်လည်းကောင်း၊ မိမိလေယာဉ်နောက်မှ လိုက်ပါလာသည့် ရန်သူကိုလှည့်စားပြီး ရန်သူ့လေယာဉ်၏ ဘယ် သို့မဟုတ် ညာဘက်သို့ ကွေ့ဝိုက်ကာ ရန်သူ့လေယာဉ်အနောက်တည့်တည့်မှ ပြန်လည်နေရာယူတိုက်ခိုက်သည့်ပုံစံ Oblique Loop Maneuer ဟုခေါ်သည့် စစ်ကစားမှုပုံစံ ဖြင့်ပျံသန်း၍ လည်းကောင်း၊ မိမိလေယာဉ်နောက်မှ ထပ်ချပ်မကွာ လိုက်လာသည့် ရန်သူကို လှည့်စားသည့်အနေဖြင့် ဘယ် သို့မဟုတ် ညာသို့ Roll ပြုလုပ်ကာ Multi Roll ဟုခေါ်သည့် စစ်ကစားမှုပုံစံဖြင့် ပြုလုပ်ပျံသန်း၍လည်းကောင်း၊ သာမန်ဂျက်တိုက်လေယာဉ်များ မပြုလုပ်နိုင်သည့် ပျံသန်းမှုအမျိုးအစားဖြစ်သည့် High AOA Loop ပုံစံဖြင့် သရုပ်ပြပျံသန်း၍ လည်းကောင်း၊ ရှုရပ်၏ အနောက်တည့်တည့်မှ ဝင်ရောက်ပြီး မီးကျည်များ ပစ်လွှတ်၍ လည်းကောင်း စွမ်းရည် သရုပ်ပြပျံသန်းသည်။

ထို့နောက် ဇီဝီတဒါနငှက်လွှတ်ခြင်းဆောင်ရွက်ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များက တပ်မတော် (လေ) ၏ (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ငှက်အကောင်ရေ ၇၇ ကောင်တို့အား ဘေးမဲ့လွှတ်ပေးကြပြီးနောက် တပ်တော်ဝင်လေယာဉ်၊ ရဟတ်ယာဉ်များအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။ ၎င်းနောက် တပ်တော်ဝင်လေယာဉ်၊ ရဟတ်ယာဉ်များအား လှည့်လည်ကြည့်ရှုကြပြီး အမှတ်ရစုပေါင်းဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် သရုပ်ပြအုပ်ဖွဲ့ပျံသန်းမှုတွင် ပါဝင်သော လေသူရဲများအား ဂုဏ်ပြုနှုတ်ဆက်စကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

ယနေ့ လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်အခမ်းအနားတွင် ပါဝင်ပျံသန်းခဲ့သည့် MTX-1A နှင့် MTX-1B လေယာဉ်များသည် တပ်မတော် (လေ) မှ အရာရှိ၊ စစ်သည်များကိုယ်တိုင် စမ်းသပ်တီထွင်ထုတ်လုပ်ထားသော ကင်းထောက်လေယာဉ်အမျိုးအစားဖြစ်သည်။ Reverse Engineering နည်းလမ်းဖြင့် လေယာဉ်ထုတ်လုပ်မှုနည်းပညာနှင့် အတွေ့အကြုံများရရှိရန်ရည်ရွယ်၍ စမ်းသပ်ထုတ်လုပ်တပ်ဆင်ခဲ့ခြင်းဖြစ်ပြီး MTX-1A လေယာဉ်အား Cockpit Flight Display System ၊ Communication & Navigation Systemတို့ကို Design ထုတ်လုပ်၍ System Integration ပြုလုပ်တပ်ဆင်ကာ ၂၀၂၁ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့သည်။ MTX-1A လေယာဉ်ထုတ်လုပ်မှုအတွေ့အကြုံများကို အခြေခံ၍ ပိုမိုခေတ်မီ အဆင့်မြင့်သည့် MTX-1B လေယာဉ်အား တပ်မတော် (လေ) မှ အရာရှိ၊ စစ်သည်များက အဆင့်မြင့် Cockpit Display များ၊ ဆက်သွယ်ရေးစနစ်များနှင့် ကိုယ်ထည်ပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုများ ပြုလုပ်ကာ ထပ်မံဆန်းသစ်တီထွင်ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

လေယာဉ်ထုတ်လုပ်မှုရည်ရွယ်ချက်များအတိုင်း လေယာဉ်ကိုယ်ထည်ပိုင်း၊ လျှပ်စစ်နှင့် အင်ဂျင်အပိုင်း၊ လေကြောင်းလမ်းပြစနစ်၊ ဆက်သွယ်မှုစနစ်များနှင့် မောင်းနှင်ထိန်းသိမ်းမှုပြသသည့်စနစ်များအား ဒီဇိုင်းရေးဆွဲထုတ်လုပ်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ လေယာဉ်ထုတ်လုပ်မှုအဆင့်တိုင်းတွင် အရည်အသွေးစစ်ဆေးခြင်းနှင့် Functional and Operational Test လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး Turboprop အင်ဂျင်နှင့် Glass Cockpit System တို့ တပ်ဆင်ထားသည့် MTX-1B လေယာဉ်အား ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ MTX-1B လေယာဉ်အား ၂၀၂၄ ခုနှစ် မတ်လတွင် စမ်းသပ်ပျံသန်းခြင်းများကို အောင်မြင်စွာ ပြီးစီးခဲ့ကြောင်းသိရှိရသည်။

ထို့အပြင် ဒီဇင်ဘာ ၁၄ ရက် ညနေပိုင်းကလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် တပ်မတော် (လေ) ၏ (၇၇) နှစ်မြောက်နှစ်ပတ်လည်နေ့နှင့် လေယာဉ်/ ရဟတ်ယာဉ်များ တပ်တော်ဝင်အခမ်းအနားအထိမ်းအမှတ်အဖြစ် ပြခန်းများအတွင်း ပြသထားသည့် လေကြောင်းသမိုင်းမှတ်တမ်းများ၊ ခေတ်အဆက်ဆက်အသုံးပြုခဲ့သည့် တပ်မတော် (လေ) ဝတ်စုံများ၊ တပ်မတော်(လေ)သမိုင်းမှတ်တမ်းဓာတ်ပုံများ၊ ကာကွယ်ရေးဦးစီးချုပ်(လေ) တာဝန်ထမ်းဆောင်ခဲ့သူများ၏ မှတ်တမ်းဓာတ်ပုံများ၊ သမိုင်းဝင် လေယာဉ်၊ ရဟတ်ယာဉ်များနှင့် ၎င်းတို့ဆင်နွဲခဲ့သည့် တိုက်ပွဲမှတ်တမ်းများ၊ လေယာဉ်၊ ရဟတ်ယာဉ်များတွင် အသုံးပြုလျက်ရှိသည့် Avionics ပစ္စည်းများ၊ ခေတ်မီမျိုးဆက်သစ် တိုက်ခိုက်ရေးလေယာဉ်ပုံစံငယ်များနှင့် လေသူရဲအသုံးအဆောင် ပစ္စည်းများ၊ တပ်မတော် (လေ) တွင် အသုံးပြုလျက်ရှိသည့် လက်နက်၊ ခဲယမ်းများ၊ တပ်မတော် (လေ) မှ စွမ်းရည်ဘွဲ့တံဆိပ်ရရှိခဲ့သူများ၏ မှတ်တမ်းဓာတ်ပုံများ၊ လေယာဉ်၊ ရဟတ်ယာဉ်များ၊ တပ်တော်ဝင်အခမ်းအနား မှတ်တမ်း ဓာတ်ပုံများ၊ တပ်မတော် (လေ) အရ ရှိ၊ စစ်သည်၊အစားခန့်များအား လေ့ကျင့်ပျိုးထောင်မှုမှတ်တမ်းဓာတ်ပုံများ၊ တပ်မတော် (လေ)၏ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ မှတ်တမ်းဓာတ်ပုံများ၊ တပ်မတော် (လေ) ၏ တိုးတက်ပြောင်းလဲလာမှု မှတ်တမ်းဓာတ်ပုံများ၊ ကာကွယ်ရေးဦးစီးချုပ် (လေ) အဆက်ဆက်က ဆုရလေသူရဲများအား ဆုချီးမြှင့်ပေးအပ်သည့် မှတ်တမ်းဓာတ်ပုံများ၊ တပ်မတော် (လေ) မှ ထုတ်လုပ်ထားသည့် လေကြောင်းအီလက်ထရောနစ်ဆိုင်ရာ စက်ပစ္စည်းများအား လှည့်လည်ကြည့်ရှုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် တပ်မတော် (လေ) ၏ (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်စာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးကြပြီးနောက် လေတပ်စခန်းဌာနချုပ်များအလိုက် အမှတ်တရပစ္စည်းအရောင်းဆိုင်နှင့် မြန်မာ့ရိုးရာ စားသောက်ဖွယ်ရာအရောင်းဆိုင်၊ စာအုပ်အရောင်းဆိုင်နှင့် တပ်မတော်မှ ထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များအား ဆက်လက်ကြည့်ရှုအားပေးပြီး အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)