နေပြည်တော်၊ ဒီဇင်ဘာ ၁၄
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယမန်နေ့ ညနေပိုင်းတွင် နေပြည်တော်တည်းခိုရေးစခန်း (ရွာတော်) ၌ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ပိတ်ပွဲအခမ်းအနားတွင် အကအလှများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ဆင်နွှဲဖျော်ဖြေတင်ဆက်ကြမည့် တိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် ကျောင်းသူများ၏ ကြိုတင်ပြင်ဆင်လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးကြသည်။
ဦးစွာ တိုင်းရင်းသားရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသား၊ တိုင်းရင်းသူ ၁၆၇ ဦးတို့၏ လေ့ကျင့်နေမှုကိုလည်းကောင်း၊ “ရွှေပြည်တော်သို့ တို့အတူ” တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြမည့် အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသူ ၃၂၀ ၏ အကအလှများဖြင့် ဇာတ်တိုက်လေ့ကျင့်နေမှုကိုလည်းကောင်း ကြည့်ရှုအားပေးကြသည်။ ထိုသို့ ကြည့်ရှုအားပေးစဉ် ပြည်ထောင်စုဝန်ကြီးက ယခုပွဲတော်ကြီးသည် မိမိတို့နိုင်ငံအတွက် အရေးကြီးသည့် ပွဲတော်တစ်ခုဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို အောင်အောင်မြင်မြင် ခမ်းခမ်းနားနားကျင်းပနိုင်ခဲ့ပါကြောင်း၊ လာမည့်ပိတ်ပွဲအခမ်းအနားကိုလည်း အားလုံး၏ စုပေါင်းပါဝင်မှုဖြင့် ခမ်းခမ်းနားနားကျင်းပသွားမည်ဖြစ်သည့်အတွက် တိုင်းရင်းသား တိုင်းရင်းသူများနှင့် ကျောင်းသူများအနေဖြင့် အကောင်းဆုံးပါဝင်ဖျော်ဖြေသွားနိုင်ရန် ယခုကဲ့သို့ တက်တက်ကြွကြွ ကြိုတင်ပြင်ဆင်လေ့ကျင့်နေမှုအတွက် ကျေးဇူးတင်ရှိပါကြောင်း။
မိမိတို့နိုင်ငံ၏ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ် မြန်မာ့သင်္ကြန်ကို ယူနက်စကိုက အတည်ပြုသတ်မှတ်ခြင်းအတွက် ဂုဏ်ပြုသည့် ဖျော်ဖြေရေးအစီအစဉ်ကို ပိတ်ပွဲအခမ်းအနားတွင် ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း၊ လေ့ကျင့်ပြင်ဆင်မှုများတွင် အခက်အခဲများရှိပါက အချိန်နှင့်တစ်ပြေးညီ တာဝန်ရှိသူအဆင့်ဆင့်သို့ တင်ပြဆောင်ရွက်စေလိုကြောင်းနှင့် ကျန်းမာရေးကို အထူးဂရုပြုစေလိုကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက အနုပညာဦးစီးဌာနမှ အကနည်းပြ ဆရာ ဆရာမများ၊ အခြေခံပညာအထက်တန်းကျောင်းများမှ ကြီးကြပ်ဆရာမများ၊ တိုင်းရင်းသား တိုင်းရင်းသူများနှင့် ကျောင်းသူများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ပြီး အားပေးစကားပြောကြားခဲ့သည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment