မြစ်ကြီးနား၊ ဒီဇင်ဘာ ၁၇
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်အား နေပြည်တော်၌ ဒီဇင်ဘာ ၉ ရက် မှစတင်၍ ကျင်းပလျက်ရှိရာ ကချင်ပြည်နယ်အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် အားကစားပြိုင်ပွဲတွင် အားကစားနည်း(၂၃)နည်းအနက် အားကစား(၂၁)နည်းတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး အားကစားနည်းများအနက် ပြိုင်ပွဲအချို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြန်လည်ရောက်ရှိလာသော အားကစားအဖွဲ့များအား ယမန်နေ့ ညနေ ၇ နာရီက မြစ်ကြီးနားလေဆိပ်၌ လှိုက်လှဲနွေးထွေးစွာ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
ထိုသို့ ဂုဏ်ပြုကြိုဆိုရာတွင် လေဆိပ်၌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အားကစားသမားများ၏ မိဘများနှင့် ညီအစ်ကို မောင်နှမများ၊ ကျောင်းသား/ ကျောင်းသူများက ဘင်ခရာအဖွဲ့နှင့်အတူ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာသော ဖူဆယ်ဘောလုံး(ကျား၊ မ)အသင်းများ၊ ဘတ်စကတ်ဘော၊ ဘောလီဘော (ကျားနှင့်မ)အသင်းများ၊ လက်ဝှေ့၊ ကြက်တောင် စသည့် အားကစားအသင်းများအား ဂုဏ်ပြုပန်းကုံးဖြင့် လှိုက်လှဲနွေးထွေးစွာ ကြိုဆိုခဲ့သည်။
ယင်းနောက် လေဆိပ်ဧည့်ခန်းမဆောင်၌ အားကစားအဖွဲ့များအား ပြည်နယ်ဝန်ကြီးချုပ်က ခမ်းခမ်းနားနား ကျင်းပပြုလုပ်လျက်ရှိသည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်ခဲ့ကြသည့်အတွက် မိမိအနေဖြင့် ပြည်နယ်သူ/ ပြည်နယ်သားများ ကိုယ်စားဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ဆုတံဆိပ်ရရှိခဲ့သည့် အားကစားအသင်းများကို ဂုဏ်ပြုသကဲ့သို့ ဆုမရရှိသော်လည်း အားကစားစိတ်ဓာတ်အပြည့်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့မှုအပေါ်၌လည်း ဂုဏ်ပြုကြိုဆိုပါကြောင်း၊ လာမည့်ပြိုင်ပွဲများတွင်လည်း ပြည်နယ်အတွက် ယခုကဲ့သို့ ဂုဏ်ယူရသည့် လူငယ်များအဖြစ် ကြိုးစားကြစေလိုကြောင်း ဂုဏ်ပြုပြောကြားသည်။
ဆက်လက်၍ အားကစားနည်းအလိုက် အုပ်ချုပ်သူ/ နည်းပြများက ပြိုင်ပွဲများအလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အတွေ့အကြုံများနှင့် ဆုတံဆိပ်ရရှိမှုအခြေအနေများကို အသီးသီးရှင်းလင်းတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က အားကစားနည်းအလိုက် နောင်လာမည့် ပြိုင်ပွဲများတွင် ယခုကဲ့သို့ ပြည်နယ်အတွက် ဂုဏ်ယူရသည့် ပါရမီပြည့်ဝသော မျိုးဆက်သစ်လူငယ်များ မွေးထုတ်၍ စနစ်တကျလေ့ကျင့်ထားရှိရေး တိုက်တွန်အားပေးခဲ့ပြီး ကြိုဆိုဂုဏ်ပြုခဲ့ကြသည့် ဘင်ခရာအဖွဲ့အား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။
ယနေ့ ပြန်လည်ရောက်ရှိလာသော အားကစားအသင်းများအနေဖြင့် အုပ်ချုပ်သူ/ နည်းပြနှင့် အားကစားသမားဦးရေ စုစုပေါင်း (၆၉)ဦးဖြစ်ပြီး အဆိုပါ အားကစားအသင်းများအနက် ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် အမျိုးသမီးအသင်းအနေဖြင့် ငွေတံဆိပ်ဆုကိုလည်းကောင်း၊ ဘတ်စကတ်ဘောအသင်းလိုက်ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ အမျိုးသမီးဘောလီဘောအနေဖြင့် ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ လက်ဝှေ့ပြိုင်ပွဲဝင် ငွေတံဆိပ်တစ်ခုကိုလည်းကောင်း ပြည်နယ်ဂုဏ်ဆောင်ရရှိခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment