မိတ္ထီလာ၊ ဒီဇင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ ရတနာမိုးဆီစက်လုပ်ငန်းပိုင်ရှင်၏ ဇနီး ဒေါ်တင်မာဝင်းနှင့်၊ သမီး မခိုင်ယဉ်ထွေး တို့ကို သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမား ၃ဦး ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
၂၉-၁၂-၂၀၂၄ ရက်နေ့ ၁၉ ၂၀ အချိန်ခန့်တွင် ဦးယဉ်ထွေး၊ ရတနာမိုးဆီစက်လုပ်ငန်း၊ နယ်မြေ(၈)၊ ကျီတော်ကုန်းရပ်ကွက်၊ မိတ္ထီလာမြို့နေသူသည် ၎င်းပိုင်သော မိတ္ထီလာမြို့နယ်၊ စက်မှုဇုန်(၁) လမ်းရှိ ဆီစက်တွင်ရှိနေစဉ် ဇနီးဖြစ်သူ ဒေါ်တင်မာဝင်း နှင့် သမီးဖြစ်သူ မခိုင်ယဉ်ထွေး နယ်မြေ(၈)၊ ကျီတော်ကုန်းရပ်ကွက်၊ မိတ္ထီလာမြို့နေသူတို့သည် နေအိမ်တွင် ရှိနေစဉ် အမည်မသိ အမျိုးသားများဝင်ရောက်နေကြောင်း၊ နေအိမ်အတွင်း အော်ဟစ်ရန်ဖြစ်သံများကြားရကြောင်း ဦးခင်မောင်ထွေး ကျီတော်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး မှ ဖုန်းဆက်အကြောင်းကြားသဖြင့် ဦးယဉ်ထွေးမှ နေအိမ်သို့သွားရောက်ခဲ့ရာ နေအိမ်အဝင်ပေါက်ဧည့်ခန်းတွင် ဇနီးဖြစ်သူ ဒေါ်တင်မာဝင်း၌ ယာလည်ပင်းပြတ်ရှဒဏ်ရာ၊ ဝမ်းဗိုက်အလယ်ထိုးသွင်းဒဏ်ရာ ၃ချက်၊ ရင်ညွန့် ထိုးသွင်းဒဏ်ရာ ၁ချက်၊ ဝဲ-လက်ခလယ် ပြတ်ရှဒဏ်ရာ၊ ဝဲ-နံစောင်းထိုးသွင်းဒဏ်ရာ ၁ချက်ဖြင့်လည်းကောင်း သမီးဖြစ်သူ မခိုင်ယဉ်ထွေးတွင် ဝဲ-ရင်အုံ ထိုးသွင်းဒဏ်ရာ ၂ချက်၊ ဝဲ-နံစောင်းထိုးသွင်းဒဏ်ရာ ၁ချက်၊ ဆီးခုံပေါ်ပြတ်ရှဒဏ်ရာ ၁ချက်၊ နောက်ကျော ထိုးသွင်းဒဏ်ရာ ၃ချက်၊ ဝဲ/ယာခါးထိုးသွင်းဒဏ်ရာ ၂ချက်၊ ဝဲ-ပေါင်ရင်း ပြတ်ရှဒဏ်ရာ ၁ချက်တို့ဖြင့်လည်းကောင်း ၂ဦးစလုံး သေဆုံးနေသည်ကို တွေ့ရှိရသည်။
သက်ဆိုင်ရာသို့ ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားခဲ့ရာ ၁၉:၄၀ အချိန်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများ ရောက်ရှိလာပြီး နေအိမ်အတွင်း ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းနေအိမ်နောက်ဖေးတွင် ပုန်းခိုနေသူ ခန့်ဇော်ဟိန်း၊ စွမ်းပြည့်ပိုင်၊ ထက်မင်းခန့် တို့ ၃ဦးအား တွေ့ရှိခဲ့သည်။
သက်ဆိုင်ရာ တာဝန်ရှိသူများမှ ၎င်းတို့အား မေးမြန်းခဲ့ရာ ၂၉-၁၂-၂၀၂၄ ရက်နေ့ ၁၉:၀၀ အချိန်တွင် စွမ်းပြည့်ပိုင်မှ သစ်သားရိုးတပ် အရိုးအသွား ၈လက်မခန့်ရှိ ဓါးဦးချွန် ၁ချောင်းအား အသင့်ကိုင်ဆောင်၍ လည်းကောင်း၊ ခန့်ဇော်ဟိန်းမှ သံရိုးတပ် အရိုးအသွား ၁၂လက်မခန့်ရှိ ဓါးဦးချွန် ၁ချောင်းအား အသင့်ကိုင်ဆောင်၍ လည်းကောင်း၊ ထက်မင်းခန့်နှင့်အတူ ၎င်းတို့(၃)ဦးသည် စွမ်းပြည့်ပိုင်နှင့် လွန်ခဲ့သော ၂လခန့်က လူငယ်သဘာဝချစ်ကြိုက်ခဲ့ကြပြီး အဆက်အသွယ်ဖြတ်သွားခဲ့သည့် မခိုင်ယဉ်ထွေးအား မကျေနပ်သဖြင့် ၎င်း၏နေအိမ်သို့ သွား ရောက်ခဲ့ကြောင်း၊ မခိုင်ယဉ်ထွေး၏ နေအိမ်သို့ ရောက်ရှိစဉ် နေအိမ်တံခါးဖွင့်ခိုင်းရာ ဒေါ်တင်မာဝင်းမှ တံခါးဖွင့်ပေးသဖြင့် နေအိမ်ဧည့်ခန်းအတွင်း စကားများရန်ဖြစ်ရာ ဒေါ်တင်မာဝင်းက ပတ်ဝန်းကျင်သို့ အော်ဟစ်အကူအညီတောင်းခဲ့သောကြောင့် စွမ်းပြည့်ပိုင်က အသင့်ပါလာသော ဓါးဖြင့် မခိုင်ယဉ်ထွေးအား ထိုးသတ်ခဲ့ကြောင်း၊ ခန့်ဇော်ဟိန်းက ဒေါ်တင်မာဝင်းအား ထိုးသတ်ခဲ့ပြီး ထက်မင်းခန့်မှ ဝိုင်းဝန်းချုပ်နှောင်ပေးခဲ့ကြောင်း စစ်ဆေးသိရှိရသဖြင့် စွမ်းပြည့်ပိုင်၊ ခန့်ဇော်ဟိန်း၊ ထက်မင်းခန့်တို့ ၃ဦးအား အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost


No comments:
Post a Comment