နှစ် (၅၀) ပြည့် ရွှေရတုအာခါအမျိုးသားနေ့အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ပေးပို့သည့်သဝဏ်လွှာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နှစ် (၅၀) ပြည့် ရွှေရတုအာခါအမျိုးသားနေ့အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ပေးပို့သည့်သဝဏ်လွှာ



ချစ်ခင်လေးစားအပ်ပါသော အာခါတိုင်းရင်းသားမိဘပြည်သူ ညီအစ်ကိုမောင်နှမများခင်ဗျား-

ယနေ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ တွင် ကျင်းပပြုလုပ်သော နှစ် (၅၀) ပြည့် ရွှေရတု အာခါ အမျိုးသားနေ့အခမ်းအနားတွင် အာခါတိုင်းရင်းသားလူမျိုးများနှင့်တကွ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားများအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းတို့ဖြင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

အာခါလူမျိုး အကြီးအကဲတို့၏ ဦးဆောင်မှုဖြင့် ၁၉၇၅ ခုနှစ်မှ စတင်ကျင်းပခဲ့သော အာခါအမျိုးသားနေ့ကို အာခါလူမှုအဖွဲ့အစည်းအသီးသီးမှ စည်းလုံးညီညွတ်စွာဖြင့် ဆက်လက်၍ နှစ်စဉ်စည်ကားသိုက်မြိုက်ပြီး အောင်မြင်စွာကျင်းပခဲ့ကြသည်မှာ ယခုအခါ ရွှေရတုကာလ နှစ် (၅၀) ပြည့်အခါသမယသို့ ရောက်ရှိခဲ့ပြီဖြစ်ပါသည်။ ထိုကဲ့သို့ အာခါလူမျိုးတို့၏ စည်းလုံးညီညွတ်မှု၊ တည်ငြိမ်အေးချမ်းမှု၊ သာယာဝပြောမှုတို့ကို ဖော်ပြခွင့်ရသည့် အမျိုးသားနေ့အခမ်းအနားတွင် မိမိအနေဖြင့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့ခွင့်ရသည့်အတွက်လည်း များစွာဂုဏ်ယူမိပါသည်။

အာခါလူမျိုးတို့အနေဖြင့် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒေသများသို့ ဝင်ရောက်အခြေချနေထိုင်ခဲ့သည့် ၁၁ ရာစုအစောပိုင်း အချိန်ကာလများမှစ၍ ဒေသခံတိုင်းရင်းသားလူမျိုးများနှင့် အေးအတူပူအမျှစိတ်ဓာတ်ဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကိုအရင်းခံကာ စည်းလုံးညီညွတ်စွာ နေထိုင်ခဲ့သည်ကို တွေ့ရှိရပါသည်။ အာခါလူမျိုးတို့အနေဖြင့် ပင်ရင်းဘာသာဖြစ်သော အာခါဇန်းဘာသာအပြင် ဒေသခံအခြားတိုင်းရင်းသားများနည်းတူ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာတို့ကို ကိုးကွယ်လျက်ရှိပြီး ဘာသာတရား၏ အဆုံးအမများအောက်တွင် အေးချမ်းစွာနေထိုင်လျက်ရှိကြပါသည်။ အာခါစာပေနှင့် ပတ်သက်၍လည်း ၂၀၀၈ ခုနှစ်မှစတင်၍ တစ်ခုတည်းသော အာခါအမျိုးသားစာပေကို ဖော်ဆောင်နိုင်ခဲ့သည်ကို တွေ့ရှိရသောကြောင့် အာခါလူမျိုးတို့၏ ကြိုးပမ်းအားထုတ်မှုကို ဖော်ပြနိုင်ခဲ့ပါသည်။ အာခါလူမျိုးများသည် မိမိတို့၏ အဝတ်အထည်များကို ကိုယ်တိုင် ရက်လုပ် ဝတ်ဆင်ကြသကဲ့သို့ မိမိတို့၏ ယဉ်ကျေးမှု၊ ဘာသာစကား၊ ရိုးရာဓလေ့ထုံးတမ်းတို့ မပျောက်ပျက်အောင် ထိန်းသိမ်းလျက်ရှိသည်ကို ဂုဏ်ယူဖွယ်တွေ့ရှိရပါသည်။ အာခါလူမျိုးတို့၏ ကိုးကွယ်ယုံကြည်မှု၊ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများအရ ရာသီအလိုက် ကျင်းပ ပြုလုပ်သည့် ထုံးတမ်းအစဉ်အလာပွဲများနှင့် လူမျိုးဘာသာမရွေး အာခါတိုင်းရင်းသားတို့နှင့်အတူတကွ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်သော ပွဲတော်များ ကျင်းပလျက်ရှိသည်ကိုလည်း သိရှိရပါသည်။

အာခါလူမျိုးတို့အနေဖြင့် ခေတ်အဆက်ဆက်တွင် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ထို့ကြောင့် အာခါလူမျိုးတို့ နေထိုင်ရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒေသသည် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစသည့်ကဏ္ဍအသီးသီးတွင် ဖွံ့ဖြိုးတိုးတက်မြင့်မားနေသည်ကို တွေ့ရှိရပါသည်။ ပညာရေးကဏ္ဍတိုးတက်မှု၏ရလဒ်အဖြစ် ယခုအခါ နိုင်ငံတော်၏ ကာကွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အုပ်ချုပ်ရေးနယ်ပယ်အသီးသီးတွင် အာခါလူမျိုးတပ်မတော်သားများ၊ ပြည်သူ့ဝန်ထမ်းများအနေဖြင့် ကျရာတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နေကြသည်ကို ဂုဏ်ယူဖွယ်တွေ့မြင်ရပါသည်။ အာခါလူမျိုးတို့အနေဖြင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်၊ လာအို၊ ထိုင်းစသည်တို့နှင့် နယ်နိမိတ်ထိစပ်နေသော နယ်စပ်ဒေသများတွင် နေထိုက်လျက်ရှိသောကြောင့် နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ပြီး နယ်စပ်ဒေသတည်ငြိမ်ရေး၊ နယ်စပ်ဒေသကုန်သွယ်ရေးလုပ်ငန်းများ တိုးတက်ကောင်းမွန် ခြင်းမှတစ်ဆင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ ဝိုင်းဝန်းဆောင်ရွက်ပေးကြရမည်ဖြစ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်ချိန်မှစ၍ နိုင်ငံတော်နှင့်ပြည်သူတို့၏အကျိုးကို ရှေးရှုကာ ရည်မှန်းချက်များ၊ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ ချမှတ်ပြီး နိုင်ငံတစ်ဝန်းလုံး အကြားအလပ်မရှိ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော်အတွင်း ဒေသအချို့တွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက်လည်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်နှင့် တွေ့ဆုံဆွေးနွေးရေးနည်းလမ်းများဖြင့် ဖြေရှင်းရန် ဖိတ်ခေါ်ထားရှိပြီးဖြစ်ပါသည်။ သို့သော် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့အနေဖြင့် မိမိဒေသနှင့် မိမိလူမျိုးအကျိုးကို မျက်ကွယ်ပြုကာ အကြမ်းဖက်လုပ်ရပ်များကို တစိုက်မတ်မတ် ဆက်လက်ဆောင်ရွက်နေသည်ကို တွေ့မြင်နေရပါသည်။ အာခါလူမျိုးတို့အနေဖြင့် နိုင်ငံတော်အစိုးရ လျှောက်လှမ်းနေသည့်လမ်းကြောင်းအတိုင်း လိုက်ပါ၍ ပူးပေါင်းဆောင်ရွက်ခဲ့သောကြောင့် မိမိတို့၏ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာသည်ကို တွေ့ရှိခဲ့ရပြီးဖြစ်ပါသည်။ ထို့ကြောင့် အာခါ လူမျိုးတို့အနေဖြင့် နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို ဆက်လက်ထိန်းသိမ်းကာ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားကဏ္ဍအသီးသီးမှာ ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ပြီး မိမိတို့ဒေသနှင့် လူမျိုးအကျိုးကို ပိုမိုမြှင့်တင်ပေးနိုင်ရေး ဆောင်ရွက်သွားကြရမည် ဖြစ်ပါသည်။

အာခါလူမျိုးတို့အနေဖြင့် နိုင်ငံတော်နှင့်ဒေသအတွက် မှတ်ကျောက်တင်ခံနိုင်သော သမိုင်းမှတ်တမ်းကောင်းများကို ရေးထိုးခဲ့ကြပြီးဖြစ်သလို ဆက်လက်ရေးထိုးနိုင်ရေး ကြိုးပမ်းကြလိမ့်မည်ဟု ယုံကြည်ပါသည်။ ထို့အပြင် အာခါလူမျိုးတို့အနေဖြင့် မိမိတို့တွင် ခိုင်ခိုင်မာမာ ရှိပြီးဖြစ်သော သမိုင်းအစဉ်အလာ၊ ရိုးရာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို မပျောက်ပျက်အောင် လက်ဆင့်ကမ်းကာကွယ်စောင့်ရှောက်ရင်း ယခုကဲ့သို့ အမျိုးသားနေ့များမှတစ်ဆင့် အာခါလူမျိုးတို့၏ စည်းလုံးညီညွတ်မှုများကို ဖော်ထုတ်ပြသကာ အာခါလူမျိုးတို့၏ဂုဏ်ကို မြှင့်တင်နိုင်ကြပြီး နိုင်ငံတော်နှင့် ဒေသကောင်းကျိုးကို ရွက်ဆောင်နိုင်သူများဖြစ်အောင် ကြိုးပမ်းအားထုတ်ကြပါလို့ တိုက်တွန်းရင်း နှစ် (၅၀) ပြည့် ရွှေရတုအာခါအမျိုးသားနေ့ကို ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့အပ်ပါသည်။


ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ

သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)