ညောင်ဦး၊ ဒီဇင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ မိုးသီးနှံအမျိုး မျိုးစိုက်ပျိုးကြကာ ယခုနှစ်တွင် မိုးသီးနှံဖြစ်သော ပဲစင်းငုံစိုက်ပျိုးမှု ၉၄၇၁ ဧကစိုက်ပျိုးထားကြောင်း စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးထံက သိရသည်။
ညောင်ဦးမြို့နယ်တွင် နောက်ပိုင်းမိုး မိုးရွာသွန်းမှုကောင်းခြင်းနှင့်အတူ မိုးသီးနှံများဖြစ်ကြသော ပင်ပြန့်မြေပဲ၊ ပင်ထောင်မြေပဲ၊ မိုးစပါး၊ ပဲတီစိမ်း၊ ငရုတ်၊ ပြောင်းဖူး၊ ခရမ်းချဉ်၊ ဖယုံ၊ ပဲစင်း တို့အား စိုက်ပျိုးကြပြီး မိုးရွာသွန်းမှုကောင်းမွန်ခြင်းကြောင့် စိုက်ပျိုးသည့် မိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကာ နုတ်သိမ်းပြီး ပင်ထောင်မြေပဲခေါ် သုံးလမြေပဲများလည်း ရရှိကြကြောင်း၊ ညောင်ဦးမြို့နယ်တွင် မိုးသီးနှံပဲစင်းငုံကိုလည်း အားထားစိုက်ပျိုးလျက်ရှိရာ ဝါဆိုလ၊ ဝါခေါင်လတို့တွင် စိုက်ပျိုးထားသည့် ပဲစင်းငုံခင်းများ မိုးရွာသွန်းမှုကောင်းခြင်းနှင့်အတူ မြေပဲနုတ်သိမ်းပြီးချိန် ပဲစင်းငုံများ မြေဆွသလိုဖြစ်ကာ အပင်များထွားကြိုင်း သန်မာဖြစ်ထွန်းနေပြီး သီတင်းကျွတ်လ၊ တန်ဆောင်မုန်းလတို့တွင် ပဲစင်းငုံများ အဖူးဖူး၊ အပွင့်ပွင့်ခြင်းများ စတင်ကာ တန်ဆောင် မုန်းလကုန်ခါနီးတွင် အသီးသီးတင်ကြကြောင်း ပဲစင်းငုံခင်းများ ညောင်ဦးတစ်မြို့နယ်လုံး ကောင်းမွန်နေကြပြီး ပဲစင်းငုံခုတ်သိမ်းချိန် ဈေးကောင်းရရန်သာ ကျေးလက်တောင်သူများ မျှော်လင့်နေကြကြောင်း၊ ညောင်ဦးမြို့နယ်တွင် ပဲစင်းငုံစိုက်ပျိုးခြင်းအား သီးထပ်သီးညှပ်အနေဖြင့် နှမ်း၊ မြေပဲ၊ ပဲတီစိမ်းတို့ဖြင့် သီးညှပ်စိုက်ပျိုးကြပြီး၊ ပဲစင်းငုံသီးသန့်စိုက်ပျိုးသည့် တောင်သူများလည်းရှိကြောင်း သိရကာ ညောင်ဦးမြို့နယ်တွင် ပဲစင်းငုံစိုက်ပျိုးမှု ၉၄၇၁ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ပဲစင်းငုံများ အဖူးအပွင့်များ လှိုင်လှိုင်ပွင့်နေပြီဖြစ်ကာ အသီးများ စတင်သီးနေပြီဖြစ်ကြောင်း၊ မနှစ်က ပဲစင်းငုံတစ်တင်း တစ်သိန်းလေးသောင်းကျပ် ရောင်းချရခြင်းကြောင့် ပဲစင်းငုံစိုက်ပျိုးတောင်သူများ တွက်ခြေကိုက်ခဲ့သည့်နှစ်ဖြစ်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း
https://t.me/MyanmarNationalPost

No comments:
Post a Comment