ရန်ကုန်၊ ဒီဇင်ဘာ ၁၈
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (China International Development Cooperation Agency-CIDCA) ၏ ဖိတ်ကြားချက်အရ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကူမင်းမြို့၌ ဒီဇင်ဘာ ၁၅ ရက်မှ ၁၇ ရက်အထိကျင်းပသည့် တတိယအကြိမ် တရုတ်-အိန္ဒိယ သမုဒ္ဒရာဒေသအပြာရောင်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် (The Third China- Indian Ocean Region Forum on Blue Economy Development Cooperation)ကို တက်ရောက်ခဲ့သည်။
အဆိုပါခရီးစဉ်အတွင်း ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(CIDCA)ဥက္ကဋ္ဌ H.E. Mr Luo Zhaohui က ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ကို သီးခြားလက်ခံတွေ့ဆုံခဲ့ပြီး မြန်မာ - တရုတ် နှစ်နိုင်ငံအကြား ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြရာ တွေ့ဆုံဆွေးနွေးပွဲသို့ ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်နှင့် ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံစီမံကိန်းများနှင့်စပ်လျဉ်းသည့် နားလည်မှုစာချွန်လွှာ(Memorandum of Understanding between the Ministry of Investment and Foreign Economic Relations of Myanmar and China International Development Cooperation Agency on Promoting the Project of Photovoltaic Power Plants) ကို ပြည်ထောင်စုဝန်ကြီးနှင့် တရုတ်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (CIDCA) ဥက္ကဋ္ဌတို့အကြား လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အစိုးရ-ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းဆွေးနွေးပွဲ (International Government- Business Dialogue) သို့တက်ရောက်ရာ ဆွေးနွေးပွဲတွင် သမုဒ္ဒရာဆိုင်ရာ အခြေခံအဆောက်အဦ ချိတ်ဆက်မှုပူးပေါင်းဆောင်ရွက်ရေး၊ အပြာရောင် စီးပွားရေးအတွက် ဒစ်ဂျစ်တယ်ကဏ္ဍမြှင့်တင်ရေး၊ ယဉ်ကျေးမှုဖလှယ် ခြင်းဖြင့် အဏ္ဏဝါခရီးသွားလုပ်ငန်းမြှင့်တင်ရေးစသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး ဖိုရမ်သို့တက်ရောက်လာကြသည့် ကိုယ်စားလှယ်များအတွက် တည်ခင်းဧည့်ခံသည့် ကြိုဆိုဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်သည်။
ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် ဖိုရမ်သို့တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးအပါအဝင် နိုင်ငံအသီးသီးမှ အဆင့်မြင့်ကိုယ်စားလှယ်များနှင့် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ မစ္စတာဝမ်ရုံ ဦးဆောင်သည့် တရုတ်နိုင်ငံအစိုးရ အဆင့်မြင့်ကိုယ်စားလှယ်များအကြား တွေ့ဆုံပွဲကျင်းပခဲ့သည်။ ဆက်လက်၍ အပြာရောင်အိန္ဒိယသမုဒ္ဒရာ၏ အနာဂတ်အလားအလာ- ကမ္ဘာ့တောင်ခြမ်း၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လက်တွေ့လုပ်ငန်း (Future of the Blue Indian Ocean – Development Practice of the Global South) ခေါင်းစဉ်ဖြင့်ကျင်းပသည့် တတိယအကြိမ် တရုတ်-အိန္ဒိယ သမုဒ္ဒရာဒေသ အပြာရောင်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်၏ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ခဲ့သည်။
အဆိုပါဖိုရမ်သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်မှ ဌာနဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ၊ ဒေသဆိုင်ရာအစိုးရအဖွဲ့ဝင်များ၊ ဘဏ္ဍာငွေကြေးဆိုင်ရာအဖွဲ့အစည်းများ၊ အပြာရောင်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်စပ်သည့်အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသော အဆင့်မြင့်ကိုယ်စားလှယ်များ၊ အိန္ဒိယသမုဒ္ဒရာ နိုင်ငံပေါင်း ၂၇ နိုင်ငံနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း ၂၄ ခုတို့မှ ကိုယ်စားလှယ်တက်ရောက် ခဲ့ကြသည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ဦးရွက်ပြုမှု အစီအစဉ်နှင့်စပ်လျဉ်းသည့် ကုလသမဂ္ဂ၏ သမုဒ္ဒရာဆယ်စုနှစ် (The Ocean Decade of United Nations in the Context of Global Development Initiative) ခေါင်းစဉ်ဖြင့် ကျင်းပသည့်ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခဲ့သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် သမုဒ္ဒရာရာသီဥတု အပြောင်းအလဲဆိုင်ရာအုပ်ချုပ်မှုကို မြှင့်တင်ပေးခြင်းနှင့်ပါရီသဘော တူညီချက်အကောင်အထည်ဖော်ရေးတွင် ပါဝင်ကူညီပေးခြင်း (Promoting Ocean Climate Change Governance and Contributing to the Implementation of the Paris Agreement) ခေါင်းစဉ်ဖြင့် ကျင်းပသည့် စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားသည်။ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တတိယအကြိမ် တရုတ်-အိန္ဒိယသမုဒ္ဒရာဒေသ အပြာရောင်စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်၏ ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံမှ ရန်ကုန်မြို့သို့လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment