နေပြည်တော်၊ ဒီဇင်ဘာ ၄
ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က “တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ပါအတိုင်း အလေးထား လုပ်ဆောင်ရေး” ဆိုသည့်အချက်တွင် ပြည်ထောင်စု အစိုးရအနေဖြင့်ဆောင်ရွက်ရခြင်း ရှိသကဲ့သို့ ဝန်ကြီးဌာနများအလိုက် ဆောင်ရွက်ရခြင်းများလည်းရှိကြောင်း၊ ပြည်နယ် နှင့်တိုင်းဒေသကြီးများမှ လုပ်ဆောင်ရသည်များလည်းရှိကြောင်း၊ ဌာနဆိုင်ရာ အသီးသီးမှလည်းဆောင်ရွက်ရသည်များလည်းရှိကြောင်း၊ ထိုသို့အဆင့်ဆင့်ဆောင်ရွက် သွားမည်ဆိုပါက ငြိမ်းချမ်းရေးနှင့်ပတ်သက်သော နိုင်ငံရေးဦးတည်ချက်ကိုအကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ပိုမိုထိရောက်မည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားသွားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့် အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ရှေ့လုပ်ငန်းစဉ်(၅)ရပ်သည် နိုင်ငံတော်၏ ရည်မှန်းချက်၊ နိုင်ငံရေးမျှော်မှန်းချက်များဖြစ်ကြောင်း၊ ဦးတည်ချက်(၉) ရပ်သည် နိုင်ငံတော်၏မူဝါဒများဖြစ်ပြီးအစိုးရအဖွဲ့၏ လုပ်ငန်းတာဝန်အနှစ်ချုပ်ပင် ဖြစ်ကြောင်း၊ အစိုးရဝန်ကြီးဌာနများအလိုက် တိုက်ရိုက်ဆောင်ရွက်ရခြင်းများရှိသကဲ့သို့ နိုင်ငံတော်မှတိုက်ရိုက် အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းများလည်းရှိကြောင်း၊ ဥပမာအားဖြင့် နိုင်ငံရေး ဦးတည်ချက်ဖြစ်သည့် “ စစ်မှန်၍စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး” ဆိုသည့်အချက်နှင့်ပတ်သက်၍ ၎င်းအပေါ် အခြေခံ၍ မိမိတို့လုပ်ဆောင်နေသည့်လုပ်ငန်းများသည် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ် ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကိုသွားသည့် လုပ်ဆောင်ချက်မျိုးဖြစ်ရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအားလုံးသည်လည်း အလားတူပင်ဖြစ်ကြောင်း၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို အဆင့်ဆင့်ခွဲဝေပေးထားပြီးဖြစ်၍ မှန်မှန် ကန်ကန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးရန်လိုကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် တာဝန်ပေးမှဆောင်ရွက်ခြင်းထက် လုပ်သင့်လုပ်ထိုက်သည်များကို အကောင်အထည် ဖော်ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။
အစိုးရတစ်ရပ်ဟူသည်မှာ တာဝန်ထမ်းဆောင်ရာတွင် အချိန်ကာလအရ ကန့်သတ်မှုများရှိကြောင်း၊ ထို့ကြောင့်ရရှိသည့်အချိန်ကာလအတွင်း ထမ်းဆောင်ရမည့် နိုင်ငံ့တာဝန်များကို အောင်မြင်အောင်ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့အစိုးရအနေဖြင့် တာဝန်ယူဆောင်ရွက်ချိန်တွင် ကိုဗစ် - ၁၉ ဖြစ်ပွားမှုနှင့် နိုင်ငံရေးအကြပ်အတည်းများကို ရင်ဆိုင်ကျော်လွှားခဲ့ရကြောင်း၊ အဆိုပါ အချိန်တွင် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများမှ သင်ခန်းစာရယူ၍ တိုးတက်အောင် ဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း၊ စီးပွားရေးနှင့်ပတ်သက်၍ တိုးတက်မှုနည်းပါးနေသေးသည်ကို တွေ့ရကြောင်း၊ ကိန်းဂဏန်းအချက်အလက်များအရ အောင်မြင်မှုများဖြင့် ကျေနပ်နေ၍မရဘဲ လက်တွေ့မြေပြင်၌လည်း အမှန်တကယ်တိုးတက်အောင်မြင်မှုရှိရန်လိုကြောင်း၊ ကိန်းဂဏန်း အချက်အလက်များ မှန်ကန်မှုမရှိပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများ ရေးဆွဲရာတွင် မှားယွင်းမှုများဖြစ်ပေါ်စေနိုင်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ ရှိ စီးပွားရေးရာဝန်ကြီးများနှင့် စီမံကိန်းရေးဆွဲရေးဌာနများအနေဖြင့် စီမံကိန်းများ ရေးဆွဲရာတွင် လက်တွေ့ကျသည့်စီမံကိန်းနှင့် ပြည်သူကိုအမှန် တကယ်အကျိုးပြုနိုင်သည့် စီမံကိန်းများဖြစ်စေရေး စနစ်တကျအသေးစိတ်တွက်ချက် ရေးဆွဲရန်လိုကြောင်း၊ မြေပြင်အခြေအနေမှန်များကို လေ့လာသုံးသပ်ပြီးမှသာ ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံ့ဘဏ္ဍာငွေများကိုသုံးစွဲရာတွင်လည်း လက်တွေ့အကျိုးပြုစေနိုင်မည့် နေရာများ၌သာ သုံးစွဲသွားရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မှာကြားသွားခဲ့သည်။
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment