ပဲခူး၊ ဒီဇင်ဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ မဇင်းရပ်ကွက်တွင် တည်ထားကိုးကွယ်တော်မူလျက်ရှိသော ရှေးဟောင်းသမိုင်းဝင် နောင်တော်ကြီး မြသာလျောင်း ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ အမိုးတန်ဆောင်းတော်ကြီးအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှု့၊ အနယ်နယ်အရပ်ရပ်ရှိ ရဟန်း၊ ရှင်လူပြည်သူအများ ခုနှစ်ရက် သား၊ သမီးများ၏ စုပေါင်းထည့်ဝင်လှူဒါန်းမှု့ဖြင့် တည်ဆောက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
ပဲခူးမြို့၊ မဇင်းရပ်ကွက်တွင် တည်ထားကိုးကွယ်တော်မူလျက်ရှိသော ရှေးဟောင်းသမိုင်းဝင် နောင်တော်ကြီး မြသာလျောင်း ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည် ရှေးဟောင်းသမိုင်းဝင် ရွှေသာလျောင်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအနီးတွင် တည်ရှိပြီး သမိုင်းအထောက်အထားများအရလွန်ခဲ့သောနှစ်ပေါင်း ၁ဝဝဝ ကျော် ကတည်းက ပထမ ဟံသာဝတီ ပြည်ခေတ်၊ မိဂါဒိပ္ပမင်းငယ်လက်ထက်တွင် စတင်တည်ဆောက်ပူဇော်ခဲ့ပြီး သမိုင်းခေတ် အဆက်ဆက် အပြောင်းအလဲများအရ ပျက်စီးယိုယွင်းနေခြင်းကို ဒုတိယ ဟံသာဝတီပြည်ခေတ် ဓမ္မစေတီမင်း လက်ထက်တွင် ပြန်လည်ပြုပြင်ဆောင်ရွက်ခဲ့ပြီး ထိုမှတစ်ဖန် ကာလကြာရှည်သော် မင်းဆက်များ ပျက်စီးခဲ့ခြင်းနှင့် ဒုတိယကမ္ဘာစစ်၏ စစ်ဘေးစစ်ဒဏ်ကြောင့် ထပ်မံပျက်စီးယိုယွင်းခဲ့ကာ ရုပ်ပွားတော်မြတ်ကြီးသည်လည်း သလွန်တော်ပါ ကုန်းမြေအဖြစ်သာကျန်ရှိခဲ့ပါသည်။
၂၀၀၂ ခုနှစ်တွင် အလှူရှင် ဘုရားဒါယိကာမကြီး အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဒေါ်ခင်ကြည်နှင့် မောင်နှမများ၏ မတည်လှူဒါန်းမှု၊ ခုနစ်ရက်သားသမီး ပြည်သူပြည်သားအပေါင်းတို့၏ ထက်သန်သော စုပေါင်း သဒ္ဓါစွမ်းအားတို့ဖြင့် အလျား ၂၇ဝ ပေ၊ အမြင့်ဉာဏ်တော် ၆၃ ပေရှိ ရုပ်ပွားတော်မြတ်ကြီးကို ပြန်လည်စတင်တည်ဆောက်ပူဇော်ခဲ့ရာ ၂ နှစ်တာကာလအကြာ ၂ဝဝ၄ နှစ်တွင် နောင်တော်ကြီး မြသာလျောင်း ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည် ယခု ဖူးမြော်ကြည်ညိုရသည့်အတိုင်း ပေါ်ထွန်းတည်ရှိတော်မူခဲ့ပါသည်။
ယခုအခါတွင် နောင်တော်ကြီး မြသာလျောင်း ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လေဒဏ်၊ မိုးဒဏ်၊ ရာသီဥတုဒဏ်များ ကာကွယ်နိုင်စေရန်၊ ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် ဘုရားဖူးပြည်သူများ ကိုယ်စိတ်နှစ်ပါး အေးချမ်းသာယာစွာဖြင့် ဖူးမြော်ကြည်ညိုပူဇော်နိုင်ကြစေရန်အတွက် အမိုးတန်ဆောင်းတော်ကြီးကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှု၊ အနယ်နယ်အရပ်ရပ်ရှိ ရဟန်း၊ ရှင်၊ လူပြည်သူအများ ခုနှစ်ရက်သား၊ သမီးအပေါင်းတို့၏ စုပေါင်းပါဝင်လှူဒါန်းမှုဖြင့်တည်ဆောက်သွားမည်ဖြစ်သဖြင့် သဒ္ဓါကြည်လင် ပါရမီရှင် သူတော်ကောင်းတို့မှ အမိုးတန်ဆောင်းတော်ကြီး အမြန်ဆုံးပြီးစီးနိုင်စေရန်အလို့ငှာ သဒ္ဓါကြည်ဖြူ ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။
တင်စိုး(ပဲခူး)
Join - https://t.me/MyanmarNationalPost



No comments:
Post a Comment